မင်္ဂလာစေတီ

Listing Description

မင်္ဂလာစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ချောက်မြို့သွား ကားလမ်းဘေး၊ ပုဂံမြို့တောင်ဘက် လေးဖာလုံခန့်အကွာတွင် တည်ရှိပါသည်။ အစဉ်အလာစကားများအဆိုအရ နရသီဟပတေ့မင်းကြီးသည် အေဒီ ၁၂၈၄ ခုနှစ်တွင် တည်ထားခဲ့သည်ဟု သိရပါသည်။ စေတီတော်သည် လေးထောင့်အုတ်ခုံပေါ်စင်္ကြံထက်တွင် တည်ထားသည်မှအပ အားလုံးလိုလိုပင် ရွှေစည်းခုံစေတီတော်နှင့် ပုံသဏ္ဌာန်တူပါသည်။ စေတီရံများတွင် စဉ့်စိမ်းစဉ့်ဝါများဖြင့် သုတ်လိမ်းထားသော အုတ်များဖြင့် စီထားပြီး ပစ္စယာသုံးဆင့်ပေါ်တွင် စဉ့်ရည်သုတ် မြေမီးဖုတ် ဇာတ်ငါးရာ့ငါးဆယ် ရုပ်ချပ်ကြွများဖြင့် တင့်တယ်စွာ တန်ဆာဆင်ထားရှိပါသည်။ အုတ်ခုံကြီးအရှေ့ဘက်မျက်နှာတွင် နတ်ဒေဝါများ ဘုရားပူဇော်ဟန်ပုံများ၊ တောင်ဘက်မျက်နှာတွင် ဘီလူးများ ပူဇော်ဟန်ပုံများ၊ အနောက်ဘက်တွင် နဂါးများပူဇော်ဟန်ပုံများ၊ မြောက်ဘက်တွင် ဂဠုန်များပူဇော်ဟန်ပုံများကို မှန်ကူကွက်များတွင် တန်ဆာဆင်ထားရှိပါသည်။ စေတီတော်၏ လေးမျက်နှာ တစ်ဖက်တစ်ချက်တွင် ကျယ်ပြန့်သော လှေကားများရှိပါသည်။ စေတီတော်မြတ် တည်ဆောက်ထားပုံမှာ များစွာအချိုးအစားကျနပြေပြစ်သပ္ပာယ်လှပြီး ပုဂံခေတ်နောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးတွင် မြေစိုက်စေတီများမှာ ယင်းမင်္ဂလာစေတီတော်မြတ်ပုံစံကို အခြေပြုအတုယူကာ တည်ဆောက်ခဲ့ကြသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။