ဗန်ကီးယိုပြတိုက်

Listing Description

ဗန်ကီးယိုပြတိုက်သည် ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ဆူရ်ခွါးမြို့တွင် တည်ရှိပါသည်။ ဟားခါး – မတူပီ လမ်းမကြီးပေါ်တွင် တည်ရှိသဖြင့် ခရီးသွားများ လွယ်ကူစွာ သွားရောက် လည်ပတ်နိုင်ပါသည်။ ဆူရ်ခွါး တိုက်သူကြီး ဦးဗန်ကီးယို၏ နေအိမ်အား ၁၉၂၀ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ပါသည်။ ယခုအခါ အဆိုပါအိမ်သည် နှစ် ၁၀၀ ကျော်သက်တမ်းရှိပြီး လူမျိုးစုအကြီးအကဲများ နေထိုင်ခဲ့သည့် ချင်းရိုးရာ အိမ်စစ်စစ်ဖြစ်ပါသည်။ ဆူရ်ခွါးမြို့တွင် ကျင်းပသည့် ချင်းရိုးရာပွဲတော်ကြီးများကို ၎င်းနေအိမ်တွင် ကျင်းပလေ့ရှိကြပါသည်။ ဗန်ကီးယိုသည် ဆူရ်ခွါး ကျေးရွာ စတင်တည်ထောင်ကတည်းက အုပ်ချုပ်ခဲ့သည့် မျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်ပြီး ၁၉၁၀ခုနှစ်တွင် ဖခင်ဖြစ်သူ ဦးမန်ကုန်းမှ မျိုးနွယ်စု အကြီးအကဲတာဝန်ကို ပေးအပ်ခဲ့ပါသည်။ ၁၉၁၄ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့မှ တိုက်သူကြီး (Surkhua Tribal Area Chief)အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။ ၁၉၃၄ခုနှစ်တွင် ဗမာအစိုးရမှ ပေးအပ်သော လက်ဆောင်မွန်များရရှိခဲ့ပြီး ၁၉၃၅ခုနှစ်တွင် အင်္ဂလန်ဘုရင် George King V နှင် ဘုရင်မတို့ထံမှ ဆုတံဆိပ်ချီးမြှင့်ခြင်းကိုလည်း ခံခဲ့ရပါသည်။ ယခုအခါ ဗန်ကီးယို၏ နေအိမ်အား ပြတိုက်အဖြစ် ထိန်းသိမ်းလျက်ရှိပြီး ဗန်ကီးယို ပြတိုက်တွင် ချင်းလူမျိုးတို့၏ အသုံးအဆောင် ပစ္စည်းများနှင့် သမိုင်းကြောင်းများကို လေ့လာနိုင်ပါသည်။