ဟားခါးမြို့၌ လူဦးရေ ၅၀၀၀ ဆံ့သည့် Chin Convention Center ခန်းမကိုချင်းဘိုးဘွားများ၏ ရိုးရာအိမ်ပုံစံ ဒီဇိုင်းအတိုင်း တည်ဆောက်သွားမည်

Listing Description

ဟားခါး နိုဝင်ဘာ ၂၂

ဟားခါးမြို့တွင် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် သဘာဝဘေးဒဏ် မြေပြိုမှုကို ဝမ်းနည်းအောက်မေ့သည့် အနေ ဖြင့် လူဦးရေ ၅၀၀၀ ဝင်ဆံ့သည့် Chin Convention Center ခန်းမဆောင်ကို ချင်းဘိုးဘွားများ တည်ဆောက်ခဲ့သည့် ရိုးရာအိမ်ပုံသဏ္ဌာန် ဒီဇိုင်းအတိုင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခန်းမဆောင်ကို ဟားခါး သစ်ရပ်ကွက်ရှိ   ဟားခါး    ခရစ်ယာန် ဂိုဏ်းပေါင်းစုံ မြေနေရာ၌ ကိုဗစ်-၁၉ ရောဂါ ပြီးဆုံးသည့်နောက်တွင် စတင် တည်ဆောက်သွားမည်ဟု သိရသည်။ "ဟားခါးသစ်ရပ်ကွက်ထဲက ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ  မြေနေရာမှာ ခန့်မှန်းခြေ  ပေ   ၁၀၀  x   ပေ   ၆၀ အကျယ်အဝန်းနဲ့    တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။     ပြည်တွင်း ပြည်ပမှာနေထိုင်ကြတဲ့ ချင်း နှစ်ခြင်း ခရစ်ယာန်အသင်းဝင်တွေရဲ့ အလှူငွေ နဲ့ ခန့်မှန်းခြေ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ(မြန်မာငွေ ကျပ်သိန်း ပေါင်း ၃၀၀၀၀)ခန့်နဲ့ တည်ဆောက် မှာဖြစ်ပါတယ်"ဟု ဟားခါးအခြေစိုက် ချင်းခရစ်ယာန်   ဆက်သွယ်ရေးအဖွဲ့ (Chin  Association  for  Christian Communication-CACC)၏ အထွေ ထွေအတွင်းရေးမှူး    သိက္ခာတော်ရ ဆရာတော်  ဒေါက်တာ  Za That  က ပြောသည်။

"၂၀၁၅ ခုနှစ်က ဟားခါး မြေပြို မှုကို  ဝမ်းနည်းအောက်မေ့  သတိရတဲ့ အနေနဲ့  ဒီခန်းမကို  တည်ဆောက်ခြင်း ဖြစ်ပါတယ်။  ခန်းမကို  ချင်းဘိုးဘွား များ တည်ဆောက်ခဲ့တဲ့ အိမ်ပုံသဏ္ဌာန် ဒီဇိုင်းအတိုင်း    တည်ဆောက်မှာပါ။ ခန်းမကို ကြည့်လိုက်တာနဲ့   ဒါဟာ ချင်းအိမ်ပဲလို့ လူတိုင်းသိရအောင်ပါ။ ချင်းအငွေ့အသက် အများဆုံး ပုံဖော် နိုင်တဲ့ ဒီဇိုင်းဖြစ်မှာပါ။ ခန်းမကို ချင်း လူမျိုးတွေအားလုံး  လူမှုရေးအစည်း အဝေး၊ ဘာသာရေးအစည်းအဝေးနှင့် ချင်းလူမျိုးများညီလာခံစတဲ့ အစည်း အဝေးကြီးတွေ လုပ်ဆောင်နိုင်အောင် ရည်ရွယ်တည်ဆောက်ပါမယ်။ ဟားခါး မှာဆိုရင် လူ ၁၀၀၀ လောက်ဝင်ဆံ့တဲ့ ဘာသာရေးအဆောက်အအုံ မရှိသေး ဘူး။  ဒီခန်းမထဲမှာတော့ လူ ၃၀၀၀ ဆံ့မယ်။ ခန်းမအပြင်ဘက် ဝရန်ဒါမှာ တော့ လူ ၂၀၀၀ လောက် ဝင်ဆံ့မယ်။ စုစုပေါင်း  လူဦးရေ ၅၀၀၀ လောက် ဝင်ဆံ့မယ့် ခန်းမဆောင်ပါ။  ပြီးတော့ ကား အစီး ၂၀၀ လောက် ပါကင်ထိုး နိုင်အောင်လည်း စီစဉ်မှာဖြစ်ပါတယ်" ဟု   ဆရာတော်က   ဆက်လက်ပြော ကြားသည်။

အဆိုပါ ခန်းမတည်ဆောက်မည့် အချိန်ကာလသည် သုံးနှစ်မှ လေးနှစ် အထိ ကြာမြင့်နိုင်မည်ဖြစ်ပြီး ကိုဗစ် ကပ်ရောဂါလွန်ပြီးနောက်ခန်းမကို ဆောက်လုပ်ရန် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တင်ဒါခေါ်ယူ၍  တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)