အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လသာမြို့နယ်

Listing Description

လသာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ အမှတ်(၂၇၀)တွင် တည်ရှိသည်။ အင်္ဂလိပ်အစိုးရတို့ အောက်မြန်မာပြည်ကိုသိမ်းပိုက်ပြီးချိန်တွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးတည်ထောင်ဖွင့်လှစ်ပေးသော အစိုးရအထက်တန်းအဆင့်မီ ကျောင်းတစ်‌‌ကျောင်းဖြစ်သည်။ ၁၈၇၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ရန်ကုန်အစိုးရအထက်တန်းကျောင်း (Yangon Government High School) အမည်ဖြင့် စတင်တည်ထောင်ခဲ့သည်။ ၁၈၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သည်။ စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းအုပ်ကြီးအဖြစ် ပထမဦးဆုံးဆောင်ရွက်ခဲ့သည့်ပုဂ္ဂိုလ်မှာ Mr.ဂီလ်ဘတ်(Mr.Gilbert) ဖြစ်သည်။ ထို့ပြင် ရန်ကုန်ကောလိပ်ကို ၁၉၀၀ပြည့်နှစ်၌ အထက ၁ လသာတွင် ဦးစွာဖွင့်လှစ်ခဲ့သည်။ ကျောင်းစတင်ဖွင့်လှစ်ချိန်မှစ၍ အချိန်အတော်အကြာထိ အမျိုးသားသီးသန့်ကျောင်းဖြစ်ခဲ့သည်။ များမကြာမီကာလမှသာ ကျောင်းသူများပါ ပညာသင်ကြားခွင့် ရရှိခြင်းဖြစ်သည်။ ရန်ကုန်ဟိုက်စကူးကျောင်း (Rangoon High School) ဟူ၍လည်းကောင်း၊ ရန်ကုန်အစိုးရအထက်တန်းကျောင်း (Rangoon Government High School) ဟူ၍လည်းကောင်း၊ စင်ထရယ်အထက်တန်းကျောင်း (Central High School) ဟူ၍လည်းကောင်း၊ ဗဟိုစံပြအထက်တန်းကျောင်း (Central State Model High School) ဟူ၍လည်းကောင်း၊ ယခု အ.ထ.က(၁)လသာ (Basic Education High School No.(1) LATHA) ဟူ၍လည်းကောင်း အမည် ၅ မျိုးခေါ်တွင်ခဲ့သည်။