တောင်ဒဂုံမြို့နယ်၌ ခုတင် ၆၀၀ ဆံ့ ပြည်သူ့ပရဟိတဆေးရုံသစ်ကြီး တည်ဆောက်မည်

Listing Description

ရန်ကုန်    ဒီဇင်ဘာ   ၁၉ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏ လှူဒါန်းမှုဖြင့်    We Love Yangon လူထု အခြေပြုပရဟိတအသင်းက တာဝန်ယူတည်ဆောက်မည့် ခုတင် ၆၀၀ ဆံ့      ပြည်သူ့ပရဟိတဆေးရုံသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၁၄၆)ရပ်ကွက် လှော်ကားလမ်းနှင့်  သိန်းတစ်ရာလမ်း ထောင့်ရှိ ကိုးဧကကျယ်ဝန်းသည့် မြေနေရာ၌ ဆောက်လုပ် သွားမည်ဖြစ်ကြောင်း အဆိုပါပရဟိတအသင်းထံမှ သိရ သည်။

ခုတင် ၆၀၀ ဆံ့ဆေးရုံကြီး

ပြည်သူ့ပရဟိတဆေးရုံသစ်ကြီးကို အဆင့်နှစ်ဆင့် ခွဲ၍ ပထမအဆင့်တွင် HDU အခန်းများပါဝင်သည့် ခုတင် ၃၀၀ ဆံ့ တစ်ထပ်ဆောင်များကိုလည်းကောင်း၊ ဒုတိယ အဆင့်တွင်   အထပ်မြင့် ခြောက်ထပ်ပါရှိမည့် အထွေထွေ ရောဂါကု ခုတင် ၃၀၀ ဆံ့ အဆောက်အအုံကို လည်းကောင်း တည်ဆောက်မည်ဖြစ်ရာ စုစုပေါင်း   ခုတင် ၆၀၀ ဆံ့ ဆေးရုံ ကြီးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပထမအဆင့် တည်ဆောက်မှုမှာ  လေးလခန့်ကြာမြင့် မည်ဖြစ်ပြီး   ခန့်မှန်းကုန်ကျစရိတ်   ငွေကျပ် သိန်းပေါင်း လေးသောင်းဝန်းကျင်  ခန့်မှန်းထားကြောင်း၊  ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ကာလများတွင်လည်း လက်ရှိ ကိုဗစ် ကုသရေးစင်တာများ၌    အသုံးပြုနေသည့်   ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို  ယင်းဆေးရုံ၌ ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း We Love Yangon ပရဟိတ အသင်း၏  အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်(၁၀)လည်းဖြစ်သူ ဒေါ်နန့်စုရွှေစင်(ခ)မဝိုင်းက ပြောသည်။
ယင်းဆေးရုံ တည်ဆောက်ပြီးပါက ပြည်သူ များ၏   ကျန်းမာရေးစောင့်ရှောက်မှုကို  အခမဲ့ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး   ကိုဗစ်အလွန် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ရည်ရွယ်ကြောင်း၊ ထို့ပြင် ကျန်းမာရေးအထောက် အကူပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပြီး ပြည်သူလူထု၏ အလှူငွေနှင့်တည်ဆောက် သည့်  ဆေးရုံဖြစ်သည့်အတွက်  ရန်ကုန်မြို့၏ ပထမဆုံး ပြည်သူ့ပရဟိတဆေးရုံဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
“ပြည်သူ့ပရဟိတဆေးရုံကိုတည်ဆောက်ခြင်း အားဖြင့် ပြည်သူတွေအတွက် အကျိုးအများကြီးရှိပြီး တော့ ရှိတဲ့သူက မရှိတဲ့သူကို ပြန်လည်မျှဝေတဲ့ အစီ အစဉ်လေးပါ။ ဒီဆေးရုံတည်ဆောက်ဖြစ်တဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါဆေးရုံ တည်ဆောက်မည့် ပန္နက်တင် မင်္ဂလာအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါမြေနေရာ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊   ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုး နှင့် တာဝန်ရှိသူများ၊ We Love Yangon ပရဟိတ အသင်းမှ တာဝန်ရှိသူများနှင့် ဆေးရုံဆောက်လုပ်ရေး တာဝန်ခံများ တက်ရောက်ကြသည်။

သတင်း - အေးမင်းသူ
ဓာတ်ပုံ - WLY