အင်းစိန်ရထားခုံးကျော် မင်းကြီးလမ်းဘက်ခြမ်းတံတားသစ် ဒီဇင်ဘာလအတွင်း ပြည်သူများ အသုံးပြုနိုင်တော့မည်

Listing Description

ရန်ကုန် နို၀င်ဘာ ၉

 ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင်  လက်ရှိအသုံးပြုလျက်ရှိသော   ရထားလမ်း ခုံးကျော်တံတား    အမှတ်   (၂)  အင်းစိန်နှင့် ဆက်သွယ်ကာ   မြန်မာ့မီးရထား   (မြို့ပြ) အင်ဂျင်နီယာဌာန    တံတားပေါင်အလုပ်ရုံ (မလွှကုန်း)မှ  တာဝန်ယူဆောင်ရွက်နေသော ရထားလမ်းခုံးကျော်   တံတားသစ်       (မင်းကြီး လမ်းဘက်ခြမ်း)  တည်ဆောက်ရေးစီမံကိန်း သည်  လက်ရှိတွင်တံတားသံပေါင် တပ်ဆင်ခြင်းလုပ်ငန်းများနှင့်    အချောသပ်လုပ်ငန်း ပြီးစီးမှု ၉၅  ရာခိုင်နှုန်းခန့် ပြီးစီးလာပြီး   ယခု လကုန်ပိုင်းအတွင်း  အပြီးဆောင်ရွက်ကာ  ဒီဇင်ဘာလပိုင်းတွင်  အများပြည်သူများ  အသုံး ပြုနိုင်တော့မည်ဖြစ်ကြောင်း  တံတားတည်ဆောက်ရေးစီမံကိန်းတာဝန်ခံရုံးမှ သိရသည်။

“ဒီခုံးကျော်တံတား   တည်ဆောက်ခြင်း လုပ်ငန်းတွေက   အခုအခြေအနေမှာ   အလုံးစုံ ပြီးစီးမှုအနေနဲ့ဆိုရင်   ၉၅   ရာခိုင်နှုန်းပြီးစီး နေပြီ။  ဒီကြားထဲမှာ   ကိုဗစ်-၁၉     ရောဂါ ကလည်းဖြစ်တော့ လုပ်ငန်းတွေက အနည်း ငယ်တော့    နှောင့်နှေးကြန့်ကြာတာလေးတွေရှိတယ်။ ဒါကို အခု  အချောသပ်လုပ်ငန်း တွေဖြစ်တဲ့   လက်ရန်းတွေ   လုပ်နေတယ်။ နောက် ဆေးသုတ်လုပ်ငန်းတွေ   ဆောင်ရွက် တယ်။ အခြားအချောသပ်လုပ်ငန်းတွေလည်း အခု လုပ်နေကြတယ်။ ဒါကို နိုဝင်ဘာလကုန် ပိုင်း  အပြီးဆောင်ရွက်နိုင်ဖို့   ကြိုးစားနေပါ တယ်။ အများပြည်သူတွေအနေနဲ့တော့    ဒီဇင်ဘာလထဲမှာ    အသုံးပြုနိုင်တော့မှာပါ”  ဟု မြန်မာ့မီးရထား(မြို့ပြ)    အင်ဂျင်နီယာဌာန တံတားပေါင်အလုပ်ရုံ (မလွှကုန်း) အင်ဂျင်နီယာမှူး ဦးမောင်ချိုက ပြောသည်။

အဆိုပါ တံတားကို  ပြီးခဲ့သည့်  ဘဏ္ဍာ နှစ် (၂၀၁၈-၂၀၁၉)မှစတင်ကာ ယခုအချိန်ထိ    တည်ဆောက်နေခြင်း ဖြစ်သည်။ ထိုတံတား လက်တက်သည်    ယခင်   အင်းစိန်ရထား ခုံးကျော်တံတားကြီးကို      ဆက်သွယ်ကာ ခုံးကျော်တံတားအဖြစ် ဗဟိုလမ်းကို   ဖြတ်သန်း ပြီး   မင်းကြီးလမ်းအတိုင်း   ဆက်စပ်ဖွဲ့စည်း တည်ဆောက်ခြင်း ဖြစ်သည်။

စီမံကိန်းသည်       အောက်ခံဘိုးပိုင် ဖောင်ဒေးရှင်းဖြစ်ကာ  ကွန်ကရစ်ကြမ်းခင်း တံတားဖြစ်ကြောင်း သိရသည်။ တံတားသည် အရှည် ၄၄၁ ပေနှင့် ချဉ်းကပ်တံတားအရှည်သည် ၁၂၃ ပေ ရှိသည်။ အကျယ်သည် ဘေးတစ်ဖက်တစ်ချက် လူသွားလမ်းပလက်ဖောင်း  ပါဝင်ကာ  ကားအဆင်းတစ်လမ်း သွားအကျယ် ၁၆ ပေရှိပြီး တံတားအမြင့်သည် ကားလမ်းအလွတ် အမြင့်ဆုံးနေရာ၌ ၁၈ ပေမြင့်သည်။ စီမံကိန်းကို ငွေကျပ်သန်း        ၁၉၁၀     အကုန်အကျခံ တည်ဆောက်ခြင်းဖြစ်ကြောင်း     ထိုတံတား တည်ဆောက်ရေး      စီမံကိန်းတာဝန်ခံရုံးမှ သိရသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)