အောင်ဆန်းအားကစားကွင်း

Listing Description

အောင်ဆန်းအားကစားကွင်းသည် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်းတွင် တည်ရှိသည့် ဘက်စုံအားကစားကွင်းတစ်ခုဖြစ်ပါသည်။ သမိုင်းမှတ်တမ်းများအရ ဘီအေအေခေါ် (Burma Athletic Association Ground-BAA) ကွင်းကို အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၀၈ တွင် တည်ဆောက်ခဲ့ပါသည်။ ဘီအေအေကွင်းတွင် ဘောလုံးပွဲယှဉ်ပြိုင်နိုင်သော ကွင်းနှစ်ကွင်းပါရှိရာ ပွဲကြည့်စင်နှင့် နီးသောကွင်းကို အနီးကွင်းဟု ခေါ်ခဲ့ကြပြီး ယခုအရှေ့ဘက် ပွဲကြည့်စင်နေရာတွင် အဝေးကွင်းရှိသည်။ အနီးကွင်းမှာ ကိုက် ၄၄၀ (မီတာ ၄၀၀) ပြေးလမ်းပတ်ထားသော ဘောလုံးကွင်းဖြစ်ပြီး ၁၉၃၅ ခုနှစ်တွင် ဖောက်လုပ်ပေးခဲ့သည်။ ပြေးခုန်ပစ် ပြိုင်ပွဲများယှဉ်ပြိုင်နိုင်အောင် အကွက်ချ တည်ဆောက်ထားပြီး အနောက်ဘက်ပွဲကြည့်စင်နှင့် တောင်ဘက်ပွဲကြည့်စင်တို့သာ ရှိခဲ့ပါသည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဘီအေအေကွင်းကို အောင်ဆန်းအားကစားပြိုင်ကွင်းဟု ပြောင်းလဲမှည့်ခေါ်ခဲ့ပါသည်။ ၁၉၆၁ခုနှစ်တွင် မြန်မာနိုင်ငံက ဒုတိယအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်တာဝန်ယူခဲ့ပြီး အောင်ဆန်းကွင်းကို အဓိကကွင်းဟုသတ်မှတ်ပြီး ဖွင့်ပွဲ၊ ပိတ်ပွဲများကျင်းပနိုင်ရန် ပိုမိုခေတ်မှီစေရန် အရှေ့ဘက်ပွဲကြည့်စင်ကို တည်ဆောက်လိုက်ရ၍ အဝေးကွင်းကို စွန့်လွှတ်ခဲ့ရပါသည်။ အောင်ဆန်းကွင်းကို လေးဖက်မြင် ပွဲကြည့်စင်အဖြစ် မွမ်းမံတည်ဆောက်ခဲ့သည်။ အောင်ဆန်းကွင်းသည် ဝန်ကြီးချုပ် ဦးနု၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်းစသည့် နိုင်ငံ့ခေါင်းဆောင်ကြီးများ၊ ကမ္ဘာ့အကျော်အမော် အားကစားချန်ပီယံများ လာရောက်ခဲ့ဖူးသည့် သမိုင်းဝင်နေရာ တစ်ခုလည်းဖြစ်ပါသည်။