တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)

Listing Description

တိရစ္ဆာဥယျာဉ်(ရန်ကုန်)သည် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းတောင်ဘက် ကပ်လျက်တွင် တည်ရှိပါသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၁ ခုနှစ်တွင် ဝိတိုရိယဘုရင်မကြီး၏ နန်းသက် ၂၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ပြည်သူလူထုထံမှ ကောက်ခံရရှိသော အလှူငွေ ၂၄၀၀၀၀ ကျပ်ဖြင့် တည်ဆောက်ခဲ့ပါသည်။ ၁၉၀၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့သော တိရစ္ဆာန်ဥယျာဉ်အား ဝေလမင်းသားနှင့် မေရီမိဖုရားတို့က အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပါသည်။ ထိုအချိန်က တိရစ္ဆာန်ဥယျာဉ်ကို “ဝိတိုရိယဘုရင်မအထိမ်းအမှတ်ပန်းခြံနှင့် တိရစ္ဆာန်ဥယျာဉ်”ဟု အမည်ပေးခဲ့ပါသည်။ ၁၉၀၈ ခုနှစ်တွင် “ရန်ကုန် တိရစ္ဆာန်ဥယျာဉ်”ဟု အမည်ပြောင်းလဲခဲ့ပါသည်။ ထို့ပြင် သီပေါမင်း၏ ဆင်ဖြူတော်ကိုလည်း တိရစ္ဆာန်ဥယျာဉ်တွင် ပြသခဲ့ပါသည်။ ထိုဆင်ဖြူတော်သည် ၁၉၁၀ ပြည့်နှစ်တွင် သေဆုံးခဲ့ပါသည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သည် ယခင်က ၆၉.၂၅ ဧက ရှိပြီး ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဘက်စုံကစားကွင်းအတွက် ၁၂.၃၀ ဧက ပေးခဲ့ရာ ၂၀၀၃ ခုနှစ်တွင် ဘက်စုံကစားကွင်းဘက်ရှိ အောက်ရေကန် နှင့် မြေတစ်ချို့ ၂.၁၂ ဧက အား ပြန်လည် သိမ်းဆည်းခဲ့ပါသော် လည်း ကမ္ဘာအေးလမ်းတိုးချဲ့ပြင်ဆင်ရာ၌ ၀.၉၁ ဧက ပါရှိသွားသဖြင့် ယခု ၅၈.၁၆ ဧက ကျယ်ဝန်းပြီး ၂၀၁၁ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စတင်၍ ထူးထရေးဒင်းကုမ္ပဏီသို့ နှစ်ရှည်ငှားရမ်း လုပ်ကိုင်စေလျက်ရှိပါသည်။