အောင်မင်းခန့်

Listing Description

၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အဖ ဦးထွန်းဦးနှင့် အမိ ဒေါ်ဝင်းဝင်းနိုင်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းအကိုတစ်ယောက်ရှိသည်။ သရုပ်ဆောင် နိုင်းနိုင်းနှင့် ညီအကိုဝမ်းကွဲ တော်စပ်သည်။ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၊ ဒဂုံတွင် ပညာသင်ကြားခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သမိုင်းမေဂျာဖြင့် ဘွဲ့ရရှိခဲ့သည် ။

၂၀၀၈ ခုနှစ်တွင် ဂျွန်လွင်မော်ဒယ်အေဂျင်စီသင်တန်း တက်ရောက်ခဲ့သည်။ မော်ဒယ်ရှိုးပွဲများစွာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် Mr. Maxamin Forte ၏ winner ဖြစ်လာခဲ့သည်။ ထို့နောက် စီးပွားရေးကြော်ငြာများ ရိုက်ကူးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် MRTV-4 နှင့် ဇာတ်လမ်းတွဲရိုက်ကူးရန် ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် MRTV-4 တွင် ထုတ်လွှင့်ပြသခဲ့သော “ထာဝရမန္တလေး” ရုပ်သံဇာတ်လမ်းတွဲတွင် ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သည်။ ထို့နောက် ဒုတိယမြောက် ရုပ်သံဇာတ်လမ်းတွဲ “ဝိညာဉ်ရှိုက်သံ” တွင် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဝင်္ကပါစံအိမ်၊ ရတနာထဲကရတနာ၊ ပဉ္စလက်ရွာ၊ မနေ့ကဖြစ်သည် (၂) ၊ မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန စသည့် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။