ဖားကန့်မြို့၌ ပထမဆုံး အဆင့်မြင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစင်တာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

Listing Description

ဖားကန့်   ဒီဇင်ဘာ    ၂၂

မြန်မာနိုင်ငံ၏  အရည်အသွေးမြင့်ကျောက်စိမ်းများထွက်ရှိရာ   ဖားကန့်မြို့၌ ပထမဆုံးအဆင့်မြင့် ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ တည်ဆောက် မှု ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။

ကျောက်မျက်ရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်ချိန်တွင် ဒေသတွင်း  ကျောက်မျက်အချောထည် လုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ဖားကန့်) ဥက္ကဋ္ဌ ဦးဇော်လင်းမြင့်(ခ)ဦးဝမ်းက ယနေ့ ပြောကြားသည်။

“ကျွန်တော်တို့ ကျောက်မျက်အသင်းကနေ  မန္တလေး၊  နေပြည်တော်နဲ့ တရုတ်နိုင်ငံ ရွှေလီတို့ကို ကျောက်မျက်အချောထည်လုပ်ငန်းလုပ်နိုင်ဖို့ ဒေသတွင်းက လူငယ်တွေကို ပညာသင်စေလွှတ်ထားတာ ရှိပါတယ်။ ဒီကကျောက်မျက် ရောင်းဝယ်ရေးစင်တာ ဖွင့်ချိန်မှာလည်း အချောထည်လုပ်ငန်း လုပ်ကိုင်တတ်သူတွေကို အလုပ်အကိုင်ဖန်တီးပေးဖို့ ရှိပါတယ်။ ဖားကန့်က ထွက်တဲ့ကျောက်ကို ဖားကန့်မှာပဲ  အချောထည် တစ်ခါတည်းလုပ်  တစ်ခါတည်း  ဈေးကွက်ဖော် ဆောင်ပေး အဲဒီလိုစီစဉ်ထားပါတယ်"ဟု ဦးဝမ်း က ပြောသည်။

ကျောက်မျက်ရောင်းဝယ်ရေး       စင်တာကို ဖားကန့်မြို့နှင့် ဆိပ်မူကျေးရွာသွား ကားလမ်းမကြီး ဘေး  ယူမာကျေးရွာရှိ   ကျောက်မျက်အသင်းရုံး ဘေးကပ်လျက်တွင် ခွင့်ပြုရရှိသော မြေလေးဧကပေါ် ၌  ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ဖားကန့်)မှ     တာဝန်ယူ   အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

ကျောက်မျက်ရောင်းဝယ်ရေးစင်တာ၌ ၈၀ ရာခိုင်နှုန်း ပြီးစီးမှုအနေအထားအရ လူနေထိုင်နိုင် သည့် ၁၅ ပေ၊ ပေ ၃၀ ကျယ်ဝန်းသော လေးခန်းတွဲ သုံးထပ်အဆောက်အအုံ ငါးလုံး တည်ဆောက်ပြီးစီး နေပြီး အခန်းပေါင်း ၂၀ ကို တစ်ခန်းလျှင် ငွေကျပ် သိန်း ၇၅၀ ဖြင့် ရောင်းချထားကြောင်း သိရသည်။

သုံးပေပတ်လည်ခန့် ခုံချ၍ ကျောက်အရောင်း အဝယ်ပြုလုပ်နိုင်သည့်ရုံ သုံးရုံပါဝင်ပြီး တစ်ရုံလျှင် ၂၁၆ ခန်း စုစုပေါင်းသုံးရုံအတွက် ၆၄၈ ခန်းပါဝင်မည် ဖြစ်ပြီး  ငှားရမ်းနိုင်သည့်   သုံးခန်းတွဲ သုံးထပ် အဆောက်အအုံ နှစ်လုံး၊  စားသောက်ရုံနှစ်ခန်းတွဲ နှစ်လုံးနှင့်  စားသောက်ဆိုင် သုံးခန်းတွဲ နှစ်လုံးတို့ ပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့     မန္တလေးအောင်မြေသာစံ ကျောက်ဝိုင်းဆိုတာ လူဦးရေ တစ်သိန်းကျော်လောက် ကို အလုပ်အကိုင်ပေးထားနိုင်တယ်။ ဖားကန့်မှာက ကုန်ကြမ်းလည်းထွက်တဲ့နေရာ၊   ဈေးကွက်သာ ဖော်ပေးနိုင်ရင် ကျွန်တော်တို့ဒေသက အလုပ်အကိုင် ပိုရလာမယ်ဆိုတာ သေချာတယ်။  ဒီလိုတရားဝင် ရောင်းဝယ်ရေးစင်တာရှိတော့    နိုင်ငံတော်လည်း အခွန်ကို စနစ်တကျရမယ်၊ အချောထည်လုပ်ငန်း လုပ်ကိုင်တဲ့သူတွေကိုရော   ကုန်ကြမ်းရောင်းဝယ် သူတွေကို‌ပါ   လုပ်ငန်းလိုင်စင်ရဖို့   ကူညီပေးမယ်၊ ဒီကဝယ်ရောင်းတဲ့ကျောက်ကို      ကြိုက်တဲ့နေရာ တရားဝင်သယ်လို့ရတာပေါ့” ဟု ဦးဝမ်းက ပြောသည်။

ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်သည့်ပထမပိုင်းတွင် ရောင်းဝယ်မှုအဆင်ပြေ စေရေး    မြန်မာကျပ်ငွေဖြင့်သာ   ရောင်းဝယ်မှု ဆောင်ရွက်မည်ဖြစ်ပြီး   ဒေသတွင်းဘဏ်များနှင့် ချိတ်ဆက်ကာ ATM စက်များ ထားပေးမည်ဖြစ်သည့် အပြင် ဈေးကွက်ဖော်ဆောင်နိုင်မှုအပေါ်မူတည်ပြီး ယူရိုငွေဖြင့် ရောင်းဝယ်၍ရအောင်လည်း ဆောင်ရွက် ပေးရန် စီစဉ်ထားကြောင်း သိရသည်။

“ကျောက်မျက်ရောင်းဝယ်ရေး       စင်တာမှာ အရောင်းအဝယ်လုပ်သူတွေကို လည်ဆွဲကတ် ထုတ်ပေး ထားမယ်။    မနက်၈ နာရီကနေ ည ၈ နာရီအထိ ဖွင့်ပေးမယ်။   နေပြည်တော်  ကျောက်မျက်ပြပွဲလို   ဒီဒေသရဲ့ အသေးစားကျောက်မျက်ပြပွဲ ဆောင်ရွက် နိုင်ဖို့အထိ   အစိုးရဌာနတွေနဲ့  ပူးပေါင်းအကောင် အထည်ဖော်သွားဖို့ရှိပါတယ်"ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ဖားကန့်)၏ ဥက္ကဋ္ဌ ဦးဝမ်း က ဆက်လက်ပြောပြသည်။

တာလင်းမောင်(ပြန်/ဆက်)