ဖားကန့်၌ ကြိုတင်မဲပေးရာ မဲလက်မှတ်မှားယွင်းထုတ်ပေးခဲ့မှုအပေါ် ပြန်လည်မဲပေးခွင့်ပြု

Listing Description

ဖားကန့် နိုဝင်ဘာ ၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်ကျေးရွာ မဲရုံအမှတ် (၁၂) တွင် အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးခွင့်ပြုခဲ့ရာ သက်ကြီး ဘိုးဘွား ၄၅ ဦးအား ဆန္ဒမဲလက်မှတ် မှားယွင်းထုတ်ပေးခဲ့သည့်အပေါ် နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေရေးအတွက် ထည့်ပြီးမဲလက်မှတ်အား ပယ်မဲအဖြစ် သတ်မှတ်ပြီး ယနေ့တွင် အသစ်ပြန်လည်မဲပေးစေခဲ့ကြောင်း သိရသည်။

မဲရုံအမှတ် (၁၂) တွင် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲပေးသူ သက်ကြီးဘိုးဘွား ၉၅ ဦးရှိရာမှ ၄၅ ဦးအား ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) ဆန္ဒပြုလက်မှတ် ထုတ်ပေးရမည့်အစား ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဆန္ဒမဲလက်မှတ်နှင့် မှားယွင်းထုတ်ပေးခဲ့မိပြီး ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)အတွက် ပြန်လည်မဲပေးစေခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြုလက်မှတ် မှားယွင်းထုတ်ပေးခဲ့မှုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၅ ရက် က ဖားကန့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့များနှင့်တွေ့ဆုံပြီး အဖြေရှာခဲ့ကြ သော်လည်း တိကျသည့် အဖြေမထုတ်နိုင်ကြသည့်အတွက် မိုးညှင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲထံ အခြေအနေအား တင်ပြခဲ့သည်။ လက်ရှိတွင် ဆန္ဒမဲပေးသူ နိုင်ငံသားများ၏ အခွင့်အရေး မဆုံးရှုံးစေရေးအတွက် ကြိုတင်မဲပေးရာတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း ဆန္ဒမဲလက်မှတ် မှားယွင်းမှုအား လွှတ်တော်အမျိုးအစားအလိုက် ပြန်လည်တည့်မတ်ပြင်ဆင်သွားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)