တံခွန်တိုင်ကျောင်းတိုက်ရှိ ရှေးဟောင်းပစ္စည်းများ

Listing Description

တံခွန်တိုင်ကျောင်းတိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့မှ အနောက်ဘက် ရှစ်မိုင်ဝေးကွာသည့် တံခွန်တိုင်ကျေးရွာတွင် တည်ရှိပါသည်။ တံခွန်တိုင်ရွာသည် ဘိုးတော်ဘုရားလက်ထက် မဲဇာမြစ်အထက်ပိုင်း အပိုင်စားရသော ခေါင်းတုံး စော်ဘွားမှ ဘိုးတော်ဘုရား၏ သမီးတော် မြတောင်မြို့စား သီရိသုရတနာ စန္ဒာဒေဝီ မင်းသမီးအား လက်ဖွဲ့လိုက်သည့် မဲဇာ ခုနစ်ရွာထဲမှ တစ်ရွာအပါအဝင်ဖြစ်ပါသည်။ သီပေါမင်းလက်ထက် ၁၈၇၈ ခုနှစ်မှ ၁၈၈၂ ခုနှစ်အထိ မဲဇာ ခုနစ်ရွာ ဂိုဏ်းအုပ်အဖြစ် ခန့်အပ်ခံထားရသော တံခွန်တိုင်ကျောင်းတိုက် ဆရာတော် ဦးအာသဘ (ဦးချိန်) လက်ထက်တွင် ဝန်းသိုမြို့နယ်၊ မော်ခါးရွှေမှူးသည် မှိုင်းသုံတောင်မှ ကျွန်းသစ်လုံးကို ခုတ်ချ၍ ဆရာတော်ဦးအာသဘအား လှူဒါန်းခဲ့ပါသည်။ ဆရာတော်နှင့် တံခွန်တိုင်ရွာသားတို့က မှိုင်းသုံတောင်တွင်ပင် ထိုကျွန်းလုံးကြီးမှ အရင်းတစ်ပိုင်း အဖျားတစ်ပိုင်း နှစ်ပိုင်းပိုင်း၍ လှေကြီးနှစ်စင်း အကြမ်းထွင်းကာ မဲဇာချောင်းမှတစ်ဆင့် တံခွန်တိုင်ရွာသို့သယ်ဆောင်ခဲ့သည်။ တံခွန်တိုင်ရွာရောက်မှသာလျှင် လှေကြီးနှစ်စီးအား အချောထွင်းထုခဲ့သည်။ လှေကြီးနှစ်စီး၏ အမည်များအား “ မင်းကျော် ” နှင့် “ စေတီ ” ဟု မည့်ခေါ်ခဲ့သည်။ သစ်တစ်လုံးထွင်းလှေကြီး ''စေတီ'' သည် အလျား ၅၂ ပေ၊ အနံ ၅ ပေ ၆ လက်မ ရှိပါသည်။ ဆရာတော် ဦးအာသဘ သက်တော်ထင်ရှားရှိစဉ်အခါက သာသနာရေး၊ ဘာသာရေးကိစ္စနှင့် ပတ်သက်၍ အဆိုပါ လှေကြီးဖြင့် မန္တလေးနေပြည်တော်ကို ကြွချီတော်မူခဲ့သည်ဟုဆိုသည်။ အရင်းသားဖြစ်သော ''မင်းကျော်'' လှေကြီးမှာမူ ကောဇာသက္ကရာဇ် ၁၂၄၅ ခုနှစ် မိုးညှင်း ဇာတိသား ဗိုလ်ဝါ ဦးဆောင်ပြီး သီပေါမင်းကို တော်လှန်စဉ်က သီပေါမင်းဆက်သုံး လှေဟု ထင်ပြီး ဗိုလ်ဝါ၏ တပည့်များ ဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်း၊ သီပေါမင်းဆက်သုံးလှေမဟုတ်၊ ဘုန်းကြီးသုံးလှေဖြစ်ကြောင်း ဆရာတော် ဦးအာသဘနှင့် ရပ်သူရွာသားများ၏ မေတ္တာရပ်ခံမှုကြောင့် အဖျားသားဖြစ်သော ''စေတီ'' လှေ မှာ ကျန်ရစ်ခဲ့ပြီး ယခုတိုင် တံခွန်တိုင်ကျောင်းတိုက်တွင် ပြသထားရှိကြောင်း သိရသည်။ ထို့ပြင် တံခွန်တိုင်ကျောင်းတိုက်တွင် မြန်မာပန်းချီတော် ဆရာခ၏ ပန်းချီကားများ၊ ရှေးနှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိ လက်ရေးမူပေလွှာများ၊ တန်ဖိုးကြီးလှသော ရှေးဟောင်းပစ္စည်းများအား ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။