မန်လည်ကျောင်းတိုက်

Listing Description

မကာရလောပအကျော် အဂ္ဂမဟာပဏ္ဍိတ မန်လည်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သော မန်လည်ကျောင်းတိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း၊ မန္တလေး-မြစ်ကြီးနားမီးရထားလမ်း၊ ဆည်ရွာဘူတာမှ အနောက်ဘက် နှစ်မိုင်ခန့်အကွာ၊ မဲဇာမြစ်ကမ်းနံဘေး၊ မန်လည်တောင်ရွာတွင် တည်ရှိပါသည်။ မန်လည် ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့သော ပြာသာဒ်ကျောင်းကြီးသည် အလျား ၁၃ ခန်း၊ အနံ ၁၃ ခန်း ပတ်လည်ဖြစ်ပါသည်။ အရှေ့အနောက်တန်းလျက် အလယ်ဆောင်ရှေ့ဆုံး(၄-၅)ခန်းသည် အစည်းအဝေးခန်းမဖြစ်သည်။ အလယ်(၄-၅)ခန်းသည်ဘုရားခန်းဖြစ်ပြီး အနောက်(၅-၅)ခန်း ပတ်လည်သည် ဆွမ်းပြင်နှင့်ကျောင်းသား၊ ကိုရင်များ စာသင်သောအခန်းဖြစ်သည်။ ထို ၃ ခန်းသည်နန်းမဆောင်ပြာသာဒ် ပေါက်ထားပါသည်။ ထိုပြာသာဒ်ကျောင်းကြီးကို မင်းထင်မင်းလှ သမန္တရာဇာ ဘွဲ့ထူးတံဆိပ်ချီး မြှင့်ခြင်းခံရသော မန်လည်မြို့ဝန် ဦးပု - ဝန်ကတော်ဒေါ်ကွန်းတို့က ၁၂၅၀ ပြည့်နှစ်တွင်ဆောက်လုပ်လှူ ဒါန်းခဲ့ပါသည်။ မန်လည်ဆရာတော်ဘုရားကြီးကိုယ်တိုင်ကြီးကြပ်၍ ၁၂၇၅ ခုနှစ်တွင် ပြာသာဒ်ကျောင်းကြီး တစ်ဆောင်လုံးကို မဟာသိမ် သမုတ်ထားတော်မူခဲ့ပါသည်။ ဆရာတော် ဘုရားကြီးကိုးကွယ် တော်မူခဲ့သော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလည်းယနေ့တိုင်ဖူးတွေ့နိုင်ပါသည်။ ၁၃၀၈ ခုနှစ်မြေငလျင်ဒဏ်ကြောင့် ပြာသာဒ်ကျောင်းကြီးပျက်စီးယိုယွင်းမှု ဖြစ်ခဲ့ပါသည်။ ယခုလက်ရှိပြာသာဒ်ကျောင်းကြီးသည် ၁၃၀၉ ခုတပေါင်းလဆန်း ၁၀ ရက် ကြာသပတေးနေ့တွင် နယ်သူနယ်သားအပေါင်းက မူလလက်ရာကိုအတတ်နိုင်ဆုံးအတုယူ၍ အရှေ့ဘက်ဦးခေါင်းပြုပြီး အင်ကြင်းတိုင် ၁၆၈ လုံးဖြင့် စိုက်ထူဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ဘုရားဆောင်ခန်းတွင်အင်းဝခေတ်၊ ကုန်းဘောင်ခေတ်နှင့် ယခုခေတ် လက်ရာပုံစံအမျိုးမျိုး သော ဗုဒ္ဓရုပ်ပွားတော်များကို ဖူးမြော်နိုင်ပါသည်။ ကင်းဝန်မင်းကြီးလှူဒါန်းသော ဆင်စွယ်ဖြင့်ပြုလုပ်ထားသည့်ဓာတ်တော်l ဌာပနာရုပ်ပွားတော်တစ်ဆူကိုလည်း ဖူးတွေ့နိုင်ပါသည်။ မန်လည်ဆရာတော်ကြီး ရေးသားတော်မူသော "မဟာသုတကာရီ မဃဒေဝလင်္ကာသစ်" ကျမ်းစာ၏ ပေမူများကို ရွှေချသိမ်းဆည်းသည်ကိုလည်းတွေ့မြင်နိုင်ပါသည်။ မန်လည်ဆရာတော်ကြီး၏ ပုံတူပန်းချီကား၊ နန်းတွင်းပန်းချီကျော်ဆရာချုံ၏ လက်ရာပန်းချီကားများ စသည်တို့ကိုလည်း တွေ့မြင်လေ့လာနိုင်သည်။ မကာရလောပအကျော် အဂ္ဂမဟာပဏ္ဍိတ မန်လည်ဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီဖြစ်သော်လည်း ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်သည် မပုပ်မသိုးဘဲ ရှိနေသေးသဖြင့် ရုပ်ကလာပ်အား ရွှေပိန်းချလျက် မှန်ခေါင်းတွင်း ထည့်သွင်းကာ အများပြည်သူဖူးမြော်မြင်တွေ့နိုင်စေရန် ပြသထားလျက်ရှိပါသည်။ မန်လည်ကျောင်းတိုက်၏ ကျောင်းထိုင်ရာထူးကို ဘုန်းတော်ကြီးများ အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့ကြပြီး ရုပ်ကလာပ်တော်နှင့်အတူ ဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်အခါက ရေးသားပြုစုခဲ့သော စာပေ၊ ကျမ်းဂန်များ၊ အသုံးအဆောင်ပစ္စည်းများကို ပြတိုက်သဖွယ် ယနေ့ထိတိုင် ထိန်းသိမ်းထားရှိပါသည်။