ရွေးကောက်ပွဲ စလုပ်တဲ့နေ့ရဲ့ ညပိုင်းမှာ ဘယ်လို လုပ်ရိုးလုပ်စဉ် ရှိသလဲ

29-Sep-2020

အမေရိကန်နိုင်ငံက ပြည်နယ်အသီးသီးမှာ ရွေးကောက်ပွဲနေ့ မဲပေးမှု ပိတ်ချိန် မတူကြဘဲ အရင်ဆုံး ပိတ်လေ့ရှိတဲ့ ပြည်နယ်တွေကတော့ ဒေသစံတော်ချိန် ညနေ ၇ နာရီမှာ ပိတ်လေ့ရှိတဲ့ အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက် ကမ်းခြေက ပြည်နယ်တွေ ဖြစ်ရာ စတင်ရရှိတဲ့ မဲအရေအတွက်တွေ ထွက်လာတာလည်း ဒီပြည်နယ်တွေက စထွက်လာလေ့ရှိပါတယ်။

အမေရိကန် သမ္မတရွေးဖို့အတွက် မဲပေးရာမှာ တစ်နိုင်ငံလုံးမှာရတဲ့ မဲတွေအားလုံးကို စုပေါင်း ရေတွက်ပြီးမှ ဆုံးဖြတ်တာမဟုတ်ဘဲ ပြည်နယ်တစ်ခုချင်းစီမှာ လူဦးရေအလိုက် သတ်မှတ်ထားတဲ့ သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ် electoral college နေရာမဲတွေနဲ့ တစ်ပြည်နယ်ချင်း အနိုင်အရှုံး ဆုံးဖြတ်ပြီးမှ အနိုင်ရ သမ္မတကို ရွေးချယ်တာ ဖြစ်ပါတယ်။

အခုလို တစ်ပြည်နယ်ချင်းအတွက် အနိုင်ရသူ ကြေညာရာမှာ စတင် ရေတွက်ရရှိတဲ့ မဲအနေအထားနဲ့ အခြား သဘောထားကောက်ခံမှုတွေကို အခြေခံပြီး ဘယ်သမ္မတလောင်းက ပြတ်ပြတ်သားသား မဲအသာရနေပြီဆိုတာကို စာနယ်ဇင်း သတင်းဌာနတွေက ထုတ်ပြန် ပြောဆိုလေ့ ရှိပါတယ်။

တစ်နိုင်ငံလုံးနဲ့ ယှဉ်ပြီးတော့လည်း အခုလို ပြတ်ပြတ်သားသား မဲအသာရနိုင်တဲ့ သမ္မတလောင်းကိုလည်း စာနယ်ဇင်း သတင်းဌာနတွေက အလားတူ ထုတ်ပြန် ပြောဆိုလေ့ရှိရာမှာ အမှန်တကယ် ပေးထားကြတဲ့ မဲတွေကို ရေတွက်ဖို့ကတော့ အများကြီး ကျန်နေသေးတဲ့အတွက် ဒါက တရားဝင် ရွေးကောက်ပွဲ ရလဒ်တော့ မဟုတ်ပါဘူး။

အခုလို ပြတ်ပြတ်သားသား မဲအသာရနိုင်ခြေရှိတဲ့ သမ္မတလောင်းက ဘယ်သူလဲ ဆိုတာကို အဲဒီရွေးကောက်ပွဲကျင်းပတဲ့နေ့ရဲ့ ညပိုင်းမှာပဲ ထွက်ပေါ်လေ့ရှိပြီး ဒီလို ထွက်ပေါ်လာပြီဆိုရင် ရှုံးတဲ့ သမ္မတလောင်းက ကြိုတင် ပြင်ဆင်ထားပြီးသားဖြစ်တဲ့ အရှုံးကို လက်ခံတဲ့ မိန့်ခွန်းထွက်ပြောလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာဆိုရင် ဒေါ်နယ်ထရမ့်က ဝစ္စကွန်ဆင် ပြည်နယ်မှာ အနိုင်ရလိုက် အပြီးမှာ တစ်နိုင်ငံလုံးမှာ အနိုင်ရဖို့အတွက် လိုအပ်တဲ့ electoral college မဲနေရာ ၂၇၀ ကျော် ရသွားပြီ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ကျင်းပပြီး ညသန်းခေါင်ကျော် နောက်တစ်နေ့ ဒေသစံတော်ချိန် မနက် ၂ နာရီခွဲလောက်မှာ အနိုင်ရသူအဖြစ် စာနယ်ဇင်းသမားတွေက ထုတ်ပြန်ပြောဆို ကြေညာခဲ့ကြပါတယ်။

ဒီလို ကြေညာအပြီး နေ့တွေ၊ ရက်သတ္တပတ်တွေ ကြာလာတဲ့အခါမှာ ရေတွက်ရရှိတဲ့ မဲအရေအတွက် အတွင်း ဒီမိုကရက်တွေရတဲ့ မဲက ပိုပို များလာပြီး နောက်ဆုံးမှာ ဒီမိုကရက်ဘက်က သမ္မတလောင်း ဟီလာရီ ကလင်တန်ရဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ရတဲ့ မဲအရေအတွက်က ဒေါ်နယ် ထရမ့်က များသွားခဲ့ပါတယ်။ ဒါပေမဲ့ electoral college မဲအရတော့ ဟီလာရီ ကလင်တန်က ရှုံးနိမ့်သွားခဲ့ပြီးသား ဖြစ်ခဲ့ပါတယ်။