တီထွင်မှုပေါင်းများစွာနဲ့ အက်ဒီဆင်

15-Nov-2020

မင်္ဂလာပါကလေးလေးတို့ရေ။ အက်ဒီဆင်ဆိုတဲ့ နာမည်တစ်ခုကို ကလေးတို့ ကြားဖူးကြသလား။ သူက အမေရိကန်လူမျိုး၊ ကမ္ဘာကျော်တီထွင်သူ ပညာရှင်ကြီးလည်းဖြစ်၊ လုပ်ငန်းရှင်ကြီးလည်း ဖြစ်ပါတယ်။ သူ့ကို လူအတော်များများက လျှပ်စစ်မီးသီးတီထွင်တဲ့သူအဖြစ် သိထားကြတာပေါ့။ ဒါပေမယ့် အမှန်တကယ်က သူတီထွင်ခဲ့တဲ့အရာတွေဆိုပြီး တိတိကျကျ အသိအမှတ်ပြုထားတဲ့ ပစ္စည်းပေါင်း ၁၀၀၀ကျော် ရှိပါတယ်။ ဒီတစ်ပတ်မှာ မမက သူတီထွင်ထားတဲ့ အရာတွေအတွက် သူဘယ်လိုကြိုးစားခဲ့ရတယ်၊ အခက်အခဲတွေကို  ဘယ်လိုဖြတ်သန်းကျော်ဖြတ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းကို မိတ်ဆက်ပြောပြလိုပါတယ်။

သူ့ရဲ့နာမည်    အပြည့်အစုံက    သောမတ်စ် အယ်လ်ဗာအက်ဒီဆင်လို့ ခေါ်ပါတယ်။  သူ့ကို ၁၈၄၇ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်မှာ မွေးဖွားခဲ့တာပါ။ ငယ်ငယ်က သူ့ကို ကျောင်းထားရာမှာ စာသင်ဖို့ အဆင်မပြေနိုင်တဲ့ ဉာဏ်ထိုင်းတဲ့ ကလေးဆိုပြီး ကျောင်းက လက်မခံတော့တဲ့ အတွက် လပိုင်းသာ ကျောင်းတက်လိုက် ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ မေမေက ကျောင်းဆရာမဟောင်း တစ်ယောက်ဖြစ်တဲ့ အတွက် သူ့ကို အိမ်မှာပဲ စာသင်ပေးခဲ့ တယ်။ သူဖတ်ဖို့အတွက်   စာအုပ်မျိုးစုံကို ရှာဖွေ ပေးခဲ့တယ်။

သူက ငယ်ငယ်ကတည်းက သိပ်ကိုစူးစမ်း လိုစိတ်ရှိတဲ့  ကလေးတဲ့လေ။ သူဟာ  ရူပဗေဒ စာအုပ်တွေ၊ သင်္ချာစာအုပ်တွေကို   အထူး စိတ်ဝင်စားသူလည်း  ဖြစ်ပါတယ်။

စာအုပ်တွေကို ဖတ်သလို လက်တွေ့ စမ်းသပ်ပြီး လုပ်ကြည့်တာတွေလည်း အများ ကြီးပဲတဲ့။ သူ့မေမေက သူဝါသနာပါတဲ့ တီထွင်တဲ့အလုပ်တွေ လုပ်နိုင်အောင် သူ့အတွက် ကိုယ်ပိုင်အခန်းလေးကို သူတို့ အိမ်ရဲ့ မြေအောက်ခန်းမှာ ဖန်တီးပေးထားတယ်။ နည်းပညာအသစ်အဆန်းတွေကို စိတ်ဝင်စားတဲ့အက်ဒီဆင်က နေ့စဉ် အဲဒီ အခန်းလေးထဲမှာ အရာဝတ္ထုအသစ်တွေကို တီထွင်နေတော့တာပေါ့။ ကလေးတို့  မသိသေးတဲ့အကြောင်းက သူကငယ်ငယ်ကတည်းက နားမကြားတဲ့ ဝေဒနာကို ခံစားရသူလည်း ဖြစ်ပါတယ်။ အသက်   ၁၂ နှစ်အရွယ်မှာ သူ့အခန်းလေးတင် မဟုတ်တော့ဘဲ ဘူတာရုံနဲ့ ကုန်တင်ရထားတွဲ အလွတ်တွေပေါ်မှာပါ သူ့ရဲ့ဓာတ်ခွဲခန်းအဖြစ် အသုံးပြုပြီး  စမ်းသပ် လေ့လာတာတွေ လုပ်နေခဲ့သူပါ။

သူ့အသက် ၁၃နှစ်မှာ သူက ရထားပေါ်မှာ သကြားလုံးတွေ၊   အသီးအနှံတွေနဲ့   သတင်းစာ တွေကို   လိုက်လံရောင်းချရင်း    တစ်ဖက်မှာ လည်း သူဝါသနာပါတဲ့   တီထွင်တာတွေကို လုပ်နေခဲ့တာပေါ့။

သူရှာလို့ရတဲ့ ပိုက်ဆံတွေအားလုံးနီးပါးကို လျှပ်စစ်နဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ သင်္ချာနဲ့ ရူပဗေဒနဲ့ ပတ်သက်တဲ့    အကြောင်းအရာ စာအုပ်တွေကို    ဝယ်ယူစုဆောင်းခဲ့တယ်။ တီထွင်ဖို့အတွက်   လိုအပ်တဲ့   ကိရိယာတွေ ကိုလည်း သူက ဝယ်တာပေါ့။ အတန်းပညာကို ကျောင်းမှာမသင်ယူခဲ့ရပေမယ့်  အက်ဒီဆင်က သူစိတ်ဝင်စားတဲ့ ပညာရပ်တွေကို သူ့ဘာသာလေ့လာသင်ယူပြီး သူဝါသနာပါတဲ့ တီထွင်တဲ့အလုပ်ကို မဖြစ်ဖြစ်အောင်  ရှေ့ဆက် သွားခဲ့သူပေါ့။

သူ့ရဲ့အသက် ၁၄ နှစ်လောက်မှာ ဘူတာရုံ မှာ ကြေးနန်းရိုက်တဲ့အလုပ်ကို  ရလာခဲ့တယ်။

အဲဒီမှာလည်း သူဟာ အလိုအလျောက် ရိုက်လို့ ရတဲ့ ကြေးနန်းကိရိယာကို  တီထွင်ခဲ့ပါတယ်။ ၁၈၇၉ ခုနှစ်မှာ အကြီးမားဆုံး တီထွင်မှုလို့ လည်း ပြောနိုင်တဲ့ လျှပ်စစ်မီးသီးကို သူ့ရဲ့ လုပ်ငန်း စပ်တူလုပ်ကိုင်တဲ့ ပညာရှင်တွေနဲ့ အတူ တီထွင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မီးခလုတ်ဖွင့်လိုက်ရုံနဲ့ မီးသီးတွေက   အလင်း ရောင် ရရှိစေတဲ့အပြင် ဓာတ်စက်တွေ၊ ရုပ်ရှင် ကင်မရာတွေနဲ့ ဓာတ်ခဲတွေကိုလည်း အက်ဒီဆင်က တီထွင်ခဲ့ပါတယ်။

အဲဒီလိုတီထွင်မှုတွေက လွယ်လွယ်နဲ့တော့ရရှိလာခဲ့တာမဟုတ်ပါဘူး ကလေးတို့ရေ။

အကြိမ်ပေါင်း ၁၀၀၀ ကျော်မက   စမ်းသပ် ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာမျိုးလည်း ရှိပါ သေးတယ်။ ဒါပေမယ့်သူက ဇွဲလုံးဝမလျှော့ဘဲ အကြိမ်ကြိမ် ကြိုးစားဖော်ထုတ်ခဲ့လို့သာ မမတို့၊ ကလေးတို့အားလုံး  လွယ်လွယ်ကူကူနဲ့ လျှပ်စစ်မီးတွေကို အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါ တယ်။

ဒါတင်မကသေးပါဘူး။ ကလေးတို့ နေ့စဉ် မြင်တွေ့နေရတဲ့ လျှပ်စစ်နဲ့ပတ်သက်တဲ့အရာ အတော်များများဟာလည်း အက်ဒီဆင်ရဲ့ စိတ်ကူး၊ အကြံဉာဏ်တွေအများကြီး ပါဝင်နေတာပဲ ဖြစ်ပါတယ်။ တီထွင်သူကြီးက အမြဲ တမ်းပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ် ကလေးတို့ရေ။ အဲဒါကတော့ သူ့ရဲ့ တီထွင်မှု အတွက် ဉာဏ်ရည်ဉာဏ်သွေးက ၁  ရာခိုင်နှုန်း ပဲပါပြီး ကျန်တဲ့ ၉၉  ရာခိုင်နှုန်းက သူနဲ့ သူ့ရဲ့ သိပ္ပံပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှု ကြောင့်ပါတဲ့။ အဲဒါကြောင့် ကလေးတို့လည်း အက်ဒီဆင်ကြီးလိုပဲ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တွေ၊ ဝါသနာတွေအပေါ်  မဆုတ်မနစ်ဘဲ ကြိုးစားပြီး အကောင်းဆုံးဖန်တီးနိုင်သူတွေ ဖြစ်ပါစေလို့ မမက ဆုတောင်းပေးရင်း သောမတ်စ်အက်ဒီဆင် အကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်နော်။

ကေ-ဂျူဝယ်လ်