ကိုဗစ်ကုသဆေး Remdesivir မျှော်လင့်ချက်မရှိတော့ပြီလား

20-Oct-2020

ကိုဗစ်ကူးစက်ခံရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ကုသပေးခဲ့တဲ့ ဒီဆေးကို မြန်မာမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေကစလို့ သုံးစွဲကုသပေးနေပါပြီ။

အမေရိကန်ပြည်ထောင်စုမှာတော့ ဒီဆေးကို ပေးဖို့အတွက် ကိုဗစ် ရောဂါကူးစက်သူဖြစ်ရမှာဖြစ်ပြီး အမေရိကန် FDA က သတ်မှတ်ခွင့်ပြုထားတဲ့ Test နဲ့ Positive ဖြစ်ကြောင်း စစ်ဆေးမှုသာ အကျုံးဝင်တယ်လို့ ဒေါက်တာဇေယျာသက်က ပြောပါတယ်။

ဒုတိယအချက်အနေနဲ့ လူနာဟာ အသက်ရှူမဝတဲ့ လက္ခဏာရှိရမှာဖြစ်ပြီး အောက်ဆီဂျင်တိုင်းတာတဲ့ စက်နဲ့ဆို ၉၂ ရာခိုင်နှုန်းအောက်ကိုကျရမယ်လို့ သတ်မှတ်ထားပါတယ်။ တတိယအချက်ကတော့ ဓာတ်မှန်မှာ နမိုးနီးယားလက္ခဏာ ရှိရမှာဖြစ်ပြီး အထူးကြပ်မတ်ကုသခန်းထဲ မပို့ရတဲ့ အခြေအနေမျိုးမှာသာ ဒီဆေးပေးဖို့ ဆုံးဖြတ်တယ်လို့ ဒေါက်တာဇေယျာသက်က ရှင်းပြပါတယ်။

"ဒါကြောင့် မြန်မာပြည်မှာရှိတဲ့ လူထုလူတန်းစားမျိုးစုံကို သိစေချင်တာက ဒီဆေးက ဗီတာမင်လည်း မဟုတ်ပါဘူး။ ဆိုးကျိုးတွေရှိပါတယ်။ ဒီဆေးသောက်လို့ တစ်ရာ ရာခိုင်နှုန်း ပျောက်တယ်ဆိုတာ ဘယ်သုတေသနတွေကမှ မဖော်ပြထားပါဘူး။ ဒီဆေးမသောက်ဘဲ ကောင်းသွားတဲ့ လူနာပေါင်း မြောက်မြားစွာလည်းရှိပါတယ်။ ကျွန်တော့်ဆီမှာ အသက် ၃၇ နှစ်အရွယ် လူနာတစ်ယောက်ဆို ဒီဆေးကို ငြင်းပါတယ်။ ဒါက အရေးပေါ်အခြေအနေမှာ သုံးတာမို့ဖြစ်တယ်။ သူက FDA ဒေတာတွေဖတ်ပြီး ငြင်းပါတယ်။ ခုဆို သူ ဆေးရုံက ဆင်းပါပြီ။ ဒါကြောင့် သေနှုန်းကိုကျစေတဲ့ဆေးဆိုတာကတော့ ဒီနေ့ဒီအချိန်ထိ ဘယ်ဆေးမှမရှိပါဘူး" လို့ ဒေါက်တာဇေယျာသက်က ရှင်းပြပါတယ်။

WHO က အောက်တိုဘာ၁၅ ရက်မှာထုတ်ပြန်ချက်အရ ရမ်ဒမ်ဆီးဗားဆေးအပါအဝင် ကိုဗစ်ကုသရေးမှာ သုံးနေတဲ့ ဆေးလေးမျိုးဟာ အကျိုး သက်ရောက်မှု မရှိသလောက် ဖြစ်တယ်ဆိုတဲ့ သုတေသနပြုချက်ဟာ လူထုရဲ့ မျှော်လင့်ချက်ကို လက်သီးနဲ့ ပင့်ထိုးလိုက်သလိုပဲလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ၊ ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

လက်ရှိ မြန်မာမှာ ဒီဆေးထုတ်တဲ့အိန္ဒိယ ဆေးကုမ္ပဏီက လှူဒါန်းထားတဲ့ ဆေးလုံးရေ သုံးထောင်၊ မြန်မာက ထပ်မံဝယ်ယူဖို့ ပြင်ဆင်နေတဲ့ အလုံးရေ တစ်သောင်းခွဲ၊ စုစုပေါင်း ၁၈,၀၀၀ ရှိလာမှာဖြစ်ပြီး တစ်ဦးကို ခြောက်လုံးနှုန်းနဲ့ဆို လူသုံးထောင်စာ ကုသပေးနိုင်စရာရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒီဆေးဟာ သာမန်နဲ့အသင့်အတင့် ရောဂါလက္ခဏာရှိသူတွေကိုပေးလည်း ဘာမှမထူးသလို ရောဂါပြင်းထန်သူ သိပ်ဆိုးလွန်းသူကိုလည်းပေးလို့မရတဲ့အတွက် အလယ်အလတ် ရောဂါဝေဒနာ ရှိသူကိုသာ ပေးနိုင်တာဖြစ်ပြီး ဒါဟာလည်း ဒီဆေးသုံးရင် ပုံမှန်ဆေးရုံဆင်းရက်ထက် ရက်အနည်းငယ် စောဆင်းရတဲ့အခြေအနေမျိုးသာ ရှိတာဖြစ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။

"ဒီဆေးနဲ့ ကုသမှုပေးတာကို လူတွေရဲ့ ရွေးပြီးကုသပေးတယ်ဆိုတာက ရောဂါပေါ်မှာ မူတည်ပြီးပဲ ရွေးတာဖြစ်တယ်။ လူပုဂ္ဂိုလ်အနိမ့်အမြင့် တွေပေါ်မူတည်ပြီးရွေးတာမဟုတ်ပါဘူး။ ဒီနေရာမှာ ဒီဆေးကို ပြည်သူတွေအနေနဲ့ အလွန်ကောင်းမွန်တဲ့ဆေးတစ်ဖုံလို့ ယူဆနေမှာစိုးလို့ ပြောရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆို အခုဒီဆေးကို မလိုအပ်ဘဲ ပိုက်ဆံရှိသူတွေက အောက်လမ်းကနေပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ ဝင်လာတဲ့ဆေးတွေကို ငါတို့ဖြစ်ရင်သောက်ရအောင်ဆိုပြီး ဝယ်တာမျိုးတွေက အကျိုးမရှိပါဘူး" လို့ ဒေါက်တာခင်ခင်ကြီးက သတိပေးပါတယ်။

လူသားအားလုံး လွှမ်းခြုံထိုးနှံနိုင်တဲ့ကာကွယ်ဆေး မပေါ်ပေါက်သေးခင် အကြိမ်ကြိမ် ပြန်ကြုံနေရတဲ့ ကိုဗစ်လှိုင်းကို ခုခံကာကွယ်ဖို့အရေးကြီးဆုံးကတော့ လူစုလူဝေးရှောင်ဖို့၊ နှာခေါင်းစည်းတွေတပ်ဖို့ အပါအဝင် ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်တွေကိုပဲ စနစ်တကျလိုက်နာဖို့ ကျန်းမာရေး ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

Crd BBC News