တိုင်းရင်းမေဂျာနယ်၏ မိခင်ကြီး ဒေါ်ညွန့်ညွန့်

11-Nov-2020

ရန်ကုန်မြို့  ပုဇွန်တောင်  ကျင်းဗြဲရပ်၌  ဦးသိန်းဟန်-ဒေါ်အေးကြွယ်တို့က ၂၃-၃-၁၉၂၀ တွင် မွေးဖွား၍ မွေးချင်းလေးယောက်တွင်   တတိယသမီးဖြစ်သည်။ အသက်လေးနှစ်အရွယ်တွင်   ဖခင်ကွယ်လွန်သွားခဲ့ပြီး အသက်  ၁၀  နှစ်အရွယ် စတုတ္ထတန်းတက်စဉ် ဦးခေါင်း ခွဲစိတ်မှုခံယူရသဖြင့် အတန်းပညာဆက်လက်မသင်ယူနိုင် တော့ပါ။  မိခင်မုဆိုးမနှင့်အတူ   အင်္ကျီချုပ်၊  ပန်းထိုး၍ အသက်မွေးခဲ့ရသည်။ ဂျပန်ခေတ်တွင် စစ်ပြေးရင်း၊ ပဲခူး၊ အုန္နဲကျေးရွာသို့   ရောက်ရှိပြီး စစ်ဘေးခိုလှုံနေထိုင်ရသည်။ စစ်ပြီး  ရန်ကုန်သို့ပြန်လာကာ  ပုဇွန်တောင်မှာပင်နေထိုင်၍ အပ်ချုပ်၊ ပန်းထိုးပညာကို ဆရာမအဖြစ် သင်ကြားပေးကာ အသက်မွေးရသည်။

၁၉၄၅ ခုနှစ်တွင် New Times of Burma သတင်းစာ၊ သတင်းထောက်ချုပ်   ကိုအေးဖေနှင့်  မင်္ဂလာပွဲပြု၍ သတင်းစာဆရာ  ဒီးဒုတ်ဦးဘချိုက  လက်ထပ်ပေးသည်။ ကျောက်မြောင်း  သင်္ဂဟလမ်းသို့  ပြောင်းရွှေ့နေထိုင်၍ ‘ဒို့တာဝန် ပုံနှိပ်တိုက်’  ကို  ၁၉၄၉  ခုနှစ်ကုန်လောက်တွင် စတင်တည်ထောင်၍   ၁၉၅၀   ပြည့်နှစ်   ဇူလိုင်လ၌ ‘တိုင်းရင်းမေ’ ဂျာနယ်၊ အတွဲ (၁) အမှတ်(၁) ကို စတင် ထုတ်ဝေသည်။ ၁၅ ရက် တစ်ကြိမ်ထုတ်ဝေ၍ ဂျာနယ်၏ ဆောင်ပုဒ်မှာ ‘ပြည်ထောင်စု သားကောင်း သမီးကောင်းများ ထွန်းကားလာစေရမည်’  ဖြစ်သည်။  ဂျာနယ်တန်ဖိုးမှာ ရန်ကုန်တစ်စောင် ၁ ကျပ်၊ သုံးလ ၅ ကျပ် ၈ ပဲ၊ ခြောက်လ ၁၀ ကျပ်၊  ဆယ့်နှစ်လ  ၁၈ ကျပ်။  နယ်သုံးလ ၆ကျပ်၊ ခြောက်လ ၁၁ ကျပ်၊ ဆယ့်နှစ်လကျပ် ၂၀။ ရှမ်းပြည်နှင့် တောင်တန်းဒေသများ ဆယ့်နှစ်လ ၂၄ ကျပ် (လေယာဉ်ပျံခ  တစ်ဝက်ခံရသည်) ရန်ကုန်အိမ်အရောက် ပို့ပေးသည်။

၁၉၆၀   ပြည့်နှစ်မှစ၍  သင်္ဂဟလမ်း  အမှတ်-၁၆ နေအိမ်နှင့် အမှတ် ၃၀-၃၂ တို့တွင် မြေ၊ အဆောက်အအုံများ ကိုယ်ပိုင်ဖြင့်   လုပ်ငန်းချဲ့ထွင်ကာ  ဟိုက်ဒရယ်ဘတ် ဂျာမနီရောင်စုံအော်တိုလေစက်နှင့် ပတ်လည်စာပုံနှိပ်စက် ကြီးများ ဝယ်ယူ၍ လုပ်ငန်းများချဲ့ထွင် တိုးတက်ဆောင်ရွက် နိုင်ခဲ့သည်။ အယ်ဒီတာဌာန၊ အုပ်ချုပ်မှုဌာန၊ စာစီဌာန၊ ပုံနှိပ် ဌာန၊ စာအုပ်ချုပ်ဌာန၊ ဖြန့်ချိရေးဌာန စသည်တို့ ထားရှိ ဆောင်ရွက်သည်။ ခဲစာလုံးဌာနမှာ ကိုယ်ပိုင်ခဲစာလုံးများ ထုတ်လုပ်နိုင်သည်။  စာစီဌာနတွင်  အမျိုးသမီး  ဖိုမင် နှစ်ယောက်၊ စာစီ အမျိုးသမီးလေးယောက်တို့ဖြင့် ပုံနှိပ်ရန် စာဖောင်အသင့် (အမျိုးသမီးများသာ) လုပ်ဆောင်နိုင်သည် မှာ  ပုံနှိပ်လောကတွင်   တိုင်းရင်းမေတစ်ဦးတည်းသာ ရှိခဲ့သည်။

ဂျာနယ်ရှေ့ပိုင်းတွင်  ကဗျာကဏ္ဍအတွက် အမျိုးသား များရေးခွင့်ရှိပြီး   ဝတ္ထုတိုနှင့်   အခန်းဆက်ဝတ္ထုရှည်တွင် အမျိုးသမီးများသာ  ရေးခွင့်ရှိသည်။ ထိုကာလများက ကဗျာရေးသူများ တိုင်းရင်းမေ ကဗျာကဏ္ဍကို ဖြတ်သန်း ခဲ့ကြရသည်။ အမျိုးသမီးစာရေးဆရာမများကို ‘တိုင်းရင်းမေ ကလောင်ရှင်’  ဘွဲ့ပေးသည်။  ထိုဘွဲ့ရရန်  က‌ဗျာ  ၁၀  ပုဒ်၊ ဆောင်းပါး ၁၀ ပုဒ်၊ ဝတ္ထုတို ၁၀ ပုဒ် ရေးရသည်။ တိုင်းရင်း မေသည်  စောင်ရေ ၁၅၀၀၀ အထိ တိုးတက်အောင်မြင်ခဲ့ သည်။

 ဂျာနယ်ထွက်သည့် လဆန်း ၁ ရက်နှင့် ၁၅ ရက်တို့ တွင် နယ်ကိုကြိုတင်ပေးပို့ပြီး ရန်ကုန်ဆိုင်(ကိုယ်စားလှယ်)များ ထွက်ရက်တွင် ဂျာနယ်တိုက်သို့ လာရောက်ယူရသည်။ ၁  ရက်နှင့်  ၁၅  ရက်၊  မပျက်မကွက် ထွက်နိုင်အောင် အားထုတ်ဆောင်ရွက်သည်။

နောက်ပိုင်းစာပေလောကကြီး တစ်ရပ်လုံး ကပ်ဆိုက်ရောက်ကာ စောင်ရေကျဆင်းလာမှု ဒုက္ခကို တိုင်းရင်းမေလည်း ခံရသည်။

၁၉၅၀ ပြည့်နှစ်မှစ၍ စဉ်ဆက်မပြတ် ထုတ်ဝေလာခဲ့ရာ သက်တမ်း ၃၈ နှစ်အကြာ ‘၈၈၈၈’ အရေးတော်ပုံအပြီး ၁၉၈၈၊ ဩဂုတ်လ ၁၅ ဂျာနယ်ထွက်အပြီး တိုင်းရင်းမေ ဂျာနယ်  ရပ်နားလိုက်ရသည်။  ပုံနှိပ်လုပ်ငန်းများကိုမူ ဆက်လက်ဆောင်ရွက်နေခဲ့ရာမှ ပုံနှိပ်သက်တမ်း နှစ် ၄၀ ပြည့်သည့် ၁၉၉၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသော ‘ခွပ်ဒေါင်း’ ဂျာနယ်ကို ပုံနှိပ်လုပ်ဆောင်ပေးသဖြင့် တိုက်ပိတ်ခံလိုက်ရ သည်တွင် ပုံနှိပ်လုပ်ငန်းပါ ရပ်နားလိုက်ရပါတော့သည်။ တိုင်းရင်းမေ၏ မိခင်ကြီး ဒေါ်ညွန့်ညွန့်သည် အသက် ၁၀၁ နှစ်အထိ  ချမ်းသာစွာနေထိုင်ခဲ့၍  ၇-၁၁-၂၀၂၀ ရက်နေ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး၏ အကြိုည ၁၀ နာရီ မိနစ်  ၅၀ တွင် ကွယ်လွန်အနိစ္စရောက်ပါသည်။

သူရဇော်