အင်းစိန်မြို့နယ်သမိုင်းအကျဉ်း

24-Jul-2020

၁၈၅၃ ခုနှစ်တွင် ဗြိတိသျှမြန်မာနိုင်ငံဟု သတ်မှတ်သောအခါ အင်းစိန်သည် ဗြိတိသျှအုပ်ချုပ်ရေးအောက်သို့ ကျရောက်ခဲ့ပါသည်။ ထို့နောက် အင်းစိန်သည် ပဲခူးနယ် (ပဲခူးတိုင်း)၊ ရန်ကုန်စီရင်စု (ရန်ကုန်ခရိုင်)၊ မှော်ဘီမြို့နယ်၊ မင်္ဂလာဒုံ တိုက်နယ်အတွင်း ပါဝင်သော မြေခွန်တိုက်နယ်အမှတ် ၅ အဖြစ် ရွာကြီးတစ်ရွာဖြစ်လာပါသည်။ ထိုစဉ်က အင်းစိန်တွင် လူဦးရေ ၂၄၈ ဦးသာ ရှိခဲ့ပါသည်။ ၁၈၉၈ ခုနှစ်တွင် အင်းစိန်မြို့နယ်သည် စီရင်စုမြို့နယ်ဖြစ်လာသည်။ အနီးပတ်ဝန်းကျင်ရှိ ရွာတစ်ချို့ကို အင်းစိန်မြူနီစီပါယ် နယ်နိမိတ်တွင် ပါဝင်သော အင်းစိန်မြို့နယ်ဖြစ်သည်ဟု ၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံ မြူနီစပါယ် အိုင်လောဥပဒေအရ သတ်မှတ်လိုက်ကြောင်းကို ၁၉၀၃ ခုနှစ်၊ မေလ ၆ ရက်နေ့စွဲပါ အမိန့်ကြော်ငြာခဲ့သည်။ ထို့ကြောင့် ၆.၅.၁၉၀၃ ခုနှစ်မစ၍ အင်းစိန်မြို့နယ် ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။

၁၉၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အထွေထွေအမိန့်ကြော်ငြာစာအမှတ် ၆၃ တွင် အင်းစိန်စီရင်စု (အင်းစိန် ဒိစတြိတ်) ဟု သတ်မှတ်ထုတ်ပြန် ကြော်ငြာခဲ့သည်။ ထိုကြေငြာချက်အရ စီရင်စု (ဒိစတြိတ်) ရုံးစိုက်ရာမြို့ ဖြစ်လာပါသည်။ ၁၉၂၁-၁၉၂၂ တွင် ဒိစတြိတ်ကို ခရိုင်ဟု ပြောင်းလဲခဲ့ရာ အင်းစိန်မြို့နယ်၊ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ် တို့ ပါဝင်ပြီး မြို့ပိုင်တစ်ဦးစီ ခန့်ထားအုပ်ချုပ်သည်။ ခရိုင်တစ်ခုလုံးကို အရေးပိုင်တစ်ဦးမှအုပ်ချုပ်ပြီး ပဲခူးတိုင်း ဝန်ရှင်တော် မင်းကြီးလက်အောက်တွင် ခရိုင်ကို တာဝန်ယူဆောင်ရွက်ရသည်။ ဗြိတိသျှလူမျိုးများကိုသာ အရေးပိုင် ခန့်ထားသည့်ကာလ ဖြစ်သည်။

၁၉၆၄ ခုနှစ်တွင် အင်းစိန်ခရိုင်အတွင်းသို့ အင်းစိန်၊ သမိုင်း၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ လှော်ကား၊ မင်္ဂလာဒုံ၊ ထောက်ကြန့် စသည့်မြို့များကို သွတ်သင်း၍ မဟာရန်ကုန်အဖြစ် တိုးချဲ့ပြုပြင်ခဲ့သည်။ အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့သည် အမှတ် ၁ နယ်မြေအဖြစ် သတ်မှတ်တည်ရှိပြီး အင်းစိန်ခရိုင်မှာ သီးခြား ဖြစ်ခဲ့သည်။ တိုက်ကြီး၊ ထန်းတပင်နှင့် လှည်းကူးမြို့နယ်တို့မှာ အင်းစိန်ခရိုင်အတွင်း ကျန်ရှိခဲ့သည်။ ၁၉၆၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၉.၉.၆၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအရ အင်းစိန်ခရိုင် အမည်ကို မှော်ဘီခရိုင်ဟု ပြင်ဆင်၍ ခရိုင်ခွဲ၊ မြို့နယ်ခွဲများ သတ်မှတ်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းအတွင်း ဒေသစိတ်များကို ဖျက်သိမ်း၍ မြို့နယ်များ သတ်မှတ်ခဲ့ရာ အင်းစိန်မြို့နယ်အဖြစ် သီးခြား တည်ရှိခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။

၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်တွင် မြို့နယ်စုများ ဖွဲ့စည်းခဲ့ရာ အင်းစိန်မြို့နယ်သည် အင်းစိန်မြို့နယ်စုအတွင်း ပါဝင်ပြီး ၁၉၉၃ ခုနှစ်တွင် မြို့နယ်စုများအား ခရိုင်များအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ရာ အင်းစိန်မြို့နယ်သည် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် ပါဝင်ခဲ့ပါသည်။

ကိုလိုနီခေတ် ဗြိတိသျှအစိုးရ ဆောက်လုပ်ခဲ့သည့် နာမည်ကြီး အင်းစိန်အကျဉ်းထောင်နှင့် မြန်မာနိုင်ငံ၏ ဉာဏ်တော် အမြင့်ဆုံး စကျင်ကျောက် ဆင်းတုတော် ကျောက်တော်ကြီးဘုရား တည်ရှိသည့်မြို့နယ်လည်းဖြစ်သည်။ အင်းစိန်မြို့နယ်တွင် ထင်ရှားသော “ကုန်း”များမှာ ဒညင်းကုန်း၊ ဘိုကုန်း၊ တောင်သူကုန်း၊ ရှမ်းကုန်း၊ ဈေးကုန်း၊ ဇီးအုံ့ကုန်း၊ နံ့သာကုန်း၊ စော်ဘွားကြီးကုန်းနှင့် ကြို့ကုန်းတို့ ဖြစ်ကြပါသည်။