ရခိုင်ပြည်နယ်ကို ဆက်လက် ထောက်ပံ့မယ်လို့ ဂျပန်သံရုံးပြော

10-Nov-2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ တရားမျှတပြီး တိကျမှန်ကန်ကြောင်းနဲ့ ပဋိပက္ခတွေရှိနေလို့ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာထောက်ထားတဲ့ ထောက်ပံ့မှုတွေ ဂျပန်အစိုးရနဲ့ နီပွန် ဖောင်ဒေးရှင်းက ဆက်လက်ပေးသွားမှာဖြစ်ကြောင်း ဂျပန်သံရုံးက နိုဝင်ဘာလ ၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ နှစ်ရက်အလိုမှာ ဂျပန်အစိုးရအထူး ကိုယ်စားလှယ်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံခဲ့သလို နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ကိုလည်း ဂျပန်သံရုံးက စောင့်ကြည့်လေ့လာခဲ့ပါတယ်။

အဲဒီအခြေအနေတွေကို မနေ့က အွန်လိုင်းကနေတဆင့် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ မပါဝင်ဖြစ်ခဲ့တဲ့ မဲဆန္ဒနယ်တွေအရေအတွက် နဲ့ ပတ်သက်ပြီး ကော်မရှင်နဲ့ ဆွေးနွေး ဖြစ်တယ်လို့  ဂျပန်အစိုးရရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ရိုဟေး ဆာဆာကာဝါ ကပြောပါတယ်။

“အခု ဒီရွေးကောက်ပွဲမှာဆိုရင် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တချို့ဒေသတွေမှာ ရွေးကောက်ပွဲ မကျင်းပခဲ့တဲ့ ဒေသတွေလည်း ရှိခဲ့ပါတယ်။ သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံတဲ့အချိန်မှာ အတတ်နိုင်ဆုံး၊ အမြန်ဆုံး ဒီဒေသတွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်အောင် ကြိုးစား ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့တာကို ပြောပြချင်ပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်နဲ့ ရှမ်းပြည်နယ်မှာ တစ်မြို့နယ်လုံး ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေ ရှိခဲ့ပြီး ကချင်၊ ကရင်၊ မွန်၊ ပဲခူးတိုင်းတို့ မှာ ရွေးကောက်ပွဲဖျက်သိမ်းလိုက်တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေ  ရှိခဲ့တာပါ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပဋ္ဋိပက္ခနဲ့ ပတ်သက်ပြီး စိတ်ထိခိုက်နေတယ်လို့လည်း အထူးကိုယ်စားလှယ်က ပြောပါတယ်။

“ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ထွက်ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ ယခုလက်ရှိ အခြေအနေဟာဆိုရင် ရှုပ်ထွေးလျှက်ရှိတာကို တွေ့ မြင်ရပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးဟာဆိုရင် ရခိုင်ပဋ္ဋိပက္ခအပေါ် မှာ အင်မတန်စိတ်မကောင်းဖြစ်နေတာ တွေ့ရှိရပါတယ်။ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းများ မရှိဘူးလား မသိဘူးဆိုပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ကြီးဟာဆိုလို့ရှိရင် သူကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေမေး၊ မေးခွန်းတွေ ပြန်ဖြေပြီးတော့ အင်မတန်စိတ်မကောင်းဖြစ်လျက် ရှိပါတယ်။”

ရခိုင်ပြည်နယ် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိဖို့ လူသားချင်းစာနာထောက်ထားတဲ့ ထောက်ပံ့မှုတွေကို ဂျပန်အစိုးရအနေနဲ့ရော နီပွန်ဖောင်ဒေးရှင်းအနေပါ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်မှုကိုလည်း ချီးကျူးလိုက်ပါတယ်။

“အခုတစ်ကြိမ် ရွေးကောက်ပွဲဟာဆိုရင် နိုင်ငံတကာက ဝေဖန်မှုတွေလည်း အနည်းအကျဉ်း ရှိခဲ့ပါလိမ့်မယ်။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ အခုတစ်ကြိမ် ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ တရားမျှတပြီး တိကျမှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အားလုံးက အသိအမှတ်ပြုမယ်လို့ ကျနော်ထင်ပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းနဲ့ ပြည်နယ်တချို့မှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေကို မဲပေးခွင့်မရခဲ့ဘူးလို့ တိုင်းရင်းသားမဲဆန္ဒရှင်တွေက ထောက်ပြပြောဆိုမှုတွေ ရှိခဲ့ပြီး ကြိုတင်မဲပေးတဲ့ ကာလမှာလည်း အားနည်းချက်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

Crd RFA