ဒေါ်အောင်ဆန်းစုကြည်နဲ့ အနိုင်ရ NLD ကို တရုတ်သမ္မတ ဂုဏ်ပြုသဝဏ်လွှာပို့

18-Nov-2020

နိုဝင်ဘာ ၈ ရက်နေ့ကကျင်းပတဲ့ မြန်မာ့အထွေထွေ ရွေးကောက်ပွဲ မဲဆန္ဒနယ်အများစုမှာ အနိုင်ရထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က တနင်္လာနေ့မှာ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ဒီနှစ်ဟာ တရုတ် မြန်မာ သံတမန်ဆက်ဆံရေး အနှစ် ၇၀ ပြည့်ခဲ့ပြီဖြစ်သလို Covid -19 ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်း အခက်အခဲပေါင်းစုံကို နှစ်နိုင်ငံ အတူတကွကျော်ဖြတ်ခဲ့ကြတဲ့ ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေး တည်ဆောက်ခဲ့ကြတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တရုတ်သမ္မတ ရှိက တရုတ်ကွန်မြူနစ်ပါတီနဲ့ NLD ပါတီရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ဖို့ နဲ့ The Belt Road လို့ခေါ်တဲ့ခါးပတ်လမ်း စီမံကိန်းမှာလည်း မြန်မာနိုင်ငံနဲ့ လက်တွေ့ကျကျ ပူပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိသလို နယ်စပ်တည်ငြိမ်ရေးကိုလည်း ထိန်းသိမ်းပြီး နယ်ပယ်အသီးသီမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း သဝဏ်လွှာပါဖော်ပြချက်တွေကို ရန်ကုန်မြို့တရုတ်သံရုံးရဲ့ဖေဘုတ် စာမျက်နှာမှာဖော်ပြထားပါတယ်။ တခါ ဘရူနိုင်းနိုင်ငံ ခေါင်းဆောင် ဆူလတန်ဘုရင် Hassanal Bolkiah ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှုကို နိုဝင်ဘာ ၁၅က်နေ့မှာ ဂုဏ်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD ပါတီက မဲအများစုအနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားပေမယ့်၊ နေရာတချို့မှာတော့ အငြင်းပွားမှုတွေရှိနေပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲပြန်လုပ်ဖို့ အရင်အာဏာရကြံခိုင်ရေးပါတီဖက်က တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့

ရွေးကောက်ပွဲမှာ NLD ပါတီက ကိုယ်စားလှယ်လောင်း ၉၂၀ နဲ့ အများဆုံး အနိုင်ရခဲ့ပြီး၊ ပြည်ခိုင်ဖြိုးပါတီက ၇၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၄၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၅ ဦး အနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ထားပါတယ်။

Crd VOA News