ကွယ်လွန်သူ ထိုင်းဘုရင်ကြီးမွေးနေ့ ဘုရင်စနစ်လိုလားသူတွေ သောင်းသောင်းဖျဖျ

06-Dec-2020

ထိုင်းနိုင်ငံမှာ ကွယ်လွန်သူဘုရင်ကြီး မွေးနေ့ပွဲကို ဆင်နွှဲနေရာမှာ လွတ်ငြိမ်းချမ်းသားခွင့်တွေ ပေးခဲ့ပြီး ဘုရင်စနစ်ကို ထောက်ခံသူတွေ သောင်းနဲ့ချီ မနေ့က ချီတက်ဆုတောင်းခဲ့ကြပါတယ်။

ဘုရင်ကြီး Bhumibol Adulyadej ရဲ့ မွေးနေ့ကို ဆက်သတ်မှတ်ထားတဲ့ ထိုင်းနိုင်ငံ ဖခင်များနေ့မှာ သားဖြစ်သူ လက်ရှိဘုရင်က အနည်းဆုံး အကျဉ်းသားပေါင်း ၃၀,၀၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး နောက်ထပ် ၂၀၀,၀၀၀ ကိုလည်း ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးခဲ့ပါတယ်။

ဘုရင့်နန်းတော်အပြင်ဘက် ကွင်းပြင်ကြီးမှာ ဖယောင်းတိုင်တွေ ထွန်းညှိပြီး Drone တွေပါလွှတ်ကာ အဝါရောင်ဝတ် ဘုရင်စနစ်ထောက်ခံသူ သောင်းနဲ့ချီကလည်း ကွယ်လွန်သူ ဖခင်ကြီးမွေးနေ့ပွဲကို တက်ရောက်ချီးမြှင့်ပေးတဲ့ လက်ရှိဘုရင် Maha Vajiralongkorn ကို အရိုအသေပေး နှုတ်ခွန်းဆက်သခဲ့ကြပါတယ်။

ဘုရင်မကြီး Suthida နဲ့အတူ ဘုရင် Vajirakongkorn ဟာ ဘုရင့်နန်းတော်အပြင်ဘက်မှာ ကြိုဆိုနှုတ်ခွန်းဆက်နေကြတဲ့ ဒီ ဘုရင်စနစ်ထောက်ခံသူ လူအုပ်ကြီးအကြား ဖြတ်လျှောက်ခဲ့ပြီး အားလုံးကို လက်ဝှေ့ယမ်း ပြန်နှုတ်ဆက်ခဲ့ပါတယ်။

တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ခဲ့သူလို့ အများလေးစားမှုရခဲ့တဲ့ ဖခင်ဘုရင်ကြီးဟာ နှစ်ပေါင်း ၇၀ အုပ်ချုပ်ခဲ့ပြီး လွန်ခဲ့တဲ့ ၄ နှစ်ကမှ နတ်ရွာစံခဲ့ကာ သူ့မွေးနေ့ကို ခုလို ဆက်ဂုဏ်ပြုလာခဲ့ချိန် လက်ရှိဘုရင်လက်ထက်မှာတော့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲတွေ စဖြစ်လာနေပါတယ်။

ဒီနှစ်လယ်က စတင်ခဲ့တဲ့ ထိုင်းလူငယ်ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကနေ ဝန်ကြီးချုပ်ဖြစ်သူ အရင် စစ်အာဏာသိမ်း ခေါင်းဆောင်ဟောင်း နုတ်ထွက်ပေးရေးနဲ့ စစ်တပ်အလိုကျ ဖွဲ့စည်းပုံ ပြောင်းလဲရေးအပြင် အရင်မပြောရဲမဆိုရဲ ဖြစ်ခဲ့တဲ့ ဒီဘုရင်စနစ်အာဏာကို လျှော့ချဖို့ အချက် ၁၀ ချက်ကိုပါ အတိအကျ တောင်းဆိုနေပါတယ်။

VOA News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။