အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ညွှန်ကြားရေးမှူးနှင့် ဒုတိယဦးစီးမှူးတို့ အမှုဖွင့်အရေးယူ

15-Dec-2020

နေပြည်တော် ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ၎င်းလက်အောက် ဌာနမှ ဝန်ထမ်းများသည် နိုင်ငံတော်မှ ချမှတ်ပေးသော သင်တန်းကြေးများ၊ ရုံးအဆောက်အအုံများ အတွက် အသုံးစရိတ် များအား ကိုယ်ကျိုးသုံးစွဲ၍ အဂတိလိုက်စားမှု ကျူးလွန်နေမှုများကို အရေးယူ ပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါက်တာမောင်မောင်စိုးဦးသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ခွဲဝေချထားပေးသော ဌာနဆိုင်ရာ သင်တန်းများ၊ ရုံးအဆောက်အအုံဆိုင်ရာ အသုံးစရိတ်များကို သက်ဆိုင်ရာ လက်အောက်ခံမြို့နယ် များသို့ ခွဲဝေချထားပေးရာတွင် သင်တန်းများနှင့် စပ်လျဉ်း ၍ တိုင်းဦးစီးမှူးရုံး အထွေထွေအသုံးစရိတ်အဖြစ် (၂)ရက်သင်တန်းတစ်ခုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း၊ (၅) ရက် သင်တန်းတစ်ခုလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့်မှတစ်ဆင့် တောင်းခံခဲ့ပြီး တိုင်ကြားသည့်အခါ အဆိုပါ တောင်းခံရယူခဲ့သည့် ငွေကျပ် ၁၅ သိန်းကို သက်ဆိုင်ရာမြို့နယ်များသို့ မြန်မာ့စီးပွား ရေးဘဏ်မှတစ်ဆင့်ပြန်လည်လွှဲပေးခဲ့သည်။ ယင်းနောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေစကြိုမြို့နယ်ရုံး အဆောက်အအုံပြုပြင်ရန်အတွက် နိုင်ငံတော်မှ ခွဲဝေ ချထားပေးသည့် ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၈၀ မှ ငွေကျပ် ၂၅ သိန်းပေးရန် ဒေါ်သန္တာဆင့်မှတစ်ဆင့် တောင်းခံခဲ့ပြီး ရေစကြိုမြို့နယ်ဦးစီးမှူးက လွှဲပေးသော ငွေကျပ် ၅ သိန်း အား လက်ခံရယူခဲ့ခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ် တွင် ဒုတိယဦးစီးမှူး ဒေါ်သန္တဆင့်သည်လည်း ငွေကျပ် ၂၀၀၀၀၀ ကို လက်ခံရယူခဲ့ကြောင်းနှင့် ဒေါက်တာ မောင်မောင်စိုးဦး အဂတိလိုက်စားမှုကျူးလွန်ရာတွင် အားပေးကူညီကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တိုင်း ဦးစီးဌာနမှူး ဒေါက်တာမောင်မောင်စိုးဦးအပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သန္တာဆင့်အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း မကွေးတိုင်းဒေသကြီး မကွေးမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

သတင်းစဉ်