ဩစတြေးလျ၌ ဝန်ဆောင်မှုအသုံးပြု၍မရအောင် ဆောင်ရွက်မည်ဟု Google ပြောကြား

23-Jan-2021

ဘရစ္စဘိန်း ဇန်နဝါရီ ၂၂

Google ကုမ္ပဏီအနေဖြင့် ဩစတြေးလျသတင်း ထုတ်ဝေသူများအား အသုံးပြုခပေးဆောင် သွားရန် ဩစတြေးလျအစိုးရက ဥပဒေသစ် တစ်ရပ်ပြဋ္ဌာန်းပြီးနောက် Google ကုမ္ပဏီ ဘက်ကလည်း ဩစတြေးလျတွင် Google ၏ ဝန်ဆောင်မှုဖြစ်သည့် Search Engine ကို အသုံးပြု၍မရအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ခြိမ်းခြောက်မှု ပြုခဲ့ သည်။

ဩစတြေးလျသည် Google နှင့် Facebook တို့တွင် ဩစတြေးလျမီဒီယာဖော်ပြချက်များကို ရှာဖွေအသုံးပြုမှုအတွက် အဖိုးအခပေးဆောင်ရန် ဥပဒေတစ်ရပ်ပြဋ္ဌာန်း ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်သည်။ သို့ရာတွင် အမေရိကန်အခြေစိုက် Google ဘက်ကလည်း ဩစတြေးလျအနေဖြင့် ယင်းသို့ ဆောင်ရွက် ပါက Google ၏ ဝန်ဆောင်မှုတစ်ရပ်ဖြစ်သည့် Search Engine ကို ဩစတြေးလျတွင် အသုံး ပြု၍မရအောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တုံ့ပြန်ခဲ့သည်။

ဩစတြေးလျအနေဖြင့် အွန်လိုင်းမှ သတင်းအချက်အလက်ရှာဖွေမှု၏ ၉၅ ရာခိုင်နှုန်းကို Google ၏ Search Engine မှ တစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။ ထို့ကြောင့် ဩစတြေးလျအစိုးရ၏ ယခုဆောင်ရွက်ချက်က အလုပ်ဖြစ်နိုင်ဖွယ် မရှိကြောင်းနှင့် ယမန်နှစ် ဩစတြေးလျနိုင်ငံ မှ ရရှိခဲ့သည့် ဝင်ငွေ ဩစတြေးလျဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ)အတွက် အခွန် ဩစတြေးလျဒေါ်လာ ၅၉ သန်း (ကန်ဒေါ်လာ ၄၈သန်း) ပေးဆောင်ခဲ့ ကြောင်း ဩစတြေးလျနှင့် နယူးဇီလန်ဒေသ ဆိုင်ရာ Google ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဆေးလ်ဗားက ပြောကြားသည်။

ဩစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆင်က ဩစတြေးလျဥပဒေပြုအမတ် များက အဆိုပါခြိမ်းခြောက်မှုကြောင့် ပြဋ္ဌာန်း ပြီးသားဥပဒေကို ပြန်လည်ရုပ်သိမ်းသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အလားတူ Google ၏လုပ်ရပ်သည် ဩစတြေးလျ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်အပေါ် အနိုင်ကျင့်သည့် လုပ်ရပ်ဖြစ်ကြောင်း ဩစတြေးလျ ဥပဒေပြုအမတ်များကလည်း စွပ်စွဲထားသည်။

Facebook ကုမ္ပဏီဘက်ကမူ ဩစတြေးလျ မီဒီယာဖော်ပြချက်များကို အသုံးပြုခပေးချေ ရန်နှင့်စပ်လျဉ်း၍ ဆွေးနွေးမှုပြုခဲ့သော် လည်း ယခုထိ သဘောတူညီချက် မရရှိသေး ပေ။

သတင်းမီဒီယာဖော်ပြချက်များကို အသုံး ပြုမှုအတွက် အဖိုးအခပေးချေရန် ဥပဒေ ပြဋ္ဌာန်းခဲ့သည့် ဩစတြေးလျ၏ ဆောင်ရွက် ချက်သည် အခြားနိုင်ငံများအားလုံးတွင် လည်း နည်းပညာအင်အားကြီး ကုမ္ပဏီများ မှ ၎င်းတို့၏ မီဒီယာဖော်ပြချက်များကို အသုံးပြုနေခြင်းအတွက် အဖိုးအခ ရယူနိုင်မည့် နည်းလမ်းသစ်ဖြစ်လာဖွယ် ရှိသည်။

ကိုးကား- ဘီဘီစီ

ဘာသာပြန်-မေလဲ့သင်း