ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့ကို ဖွံ့ဖြိုးတိုးတက်လာစေမည့် ရန်ကုန်-ဘိုကလေး- ပုသိမ်လမ်းမကြီး

16-Oct-2020

မြန်မာ- ကိုရီးယားချစ်ကြည်ရေး ဒလမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း ဒေသများ ဖွံ့ဖြိုးလာမှု

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြန်မာ- ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းကြီးကို ၂၄ - ၁၂-၂၀၁၈ ရက်နေ့တွင် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်၍ ပန္နက်တော်တင်ပေးခဲ့ပါသည်။ တံတားတည်ဆောက်ရေး အုတ်မြစ်လုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တံတားတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ကိုရီးယားသမ္မတနိုင်ငံမှ ချေးငွေရယူပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှကြီးကြပ်၍ ကိုရီးယားသမ္မတနိုင်ငံမှ ကန်ထရိုက်တာ G.S Engineering & Construction Corporation က တာဝန်ယူ တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။

ဒလတံတားကြီးပြီးစီးလာပါက ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ဒလမြို့သစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ပေါ်ထွက်လာတော့မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာ၀တီတိုင်းဒေသကြီးကို ဆက်စပ်ပေးမည့်ရန်ကုန်-ဘိုကလေး ပုသိမ်လမ်းမကြီး

ရန်ကုန်-ပုသိမ်(ရန်ကုန်-ပန်းတနော်-ပုသိမ်လမ်း)မှာ ခရီး ၁၁၃/၂ မိုင်အရှည်ရှိသော်လည်း ယခုအခါ ယာဉ်သွားလာမှု များပြားလျက်ရှိကြောင်း သိရှိရပါသည်။ ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ယာဉ်သွားလာမှု များပြား လာသောကြောင့် ရန်ကုန်- ပုသိမ်လမ်း၊ ရန်ကုန်တိုင်းဒေသကြီးအပိုင်း မိုင်တိုင် (၅/၄-၇/၄) အထိ ၄၈ ပေ အကျယ်ကွန်ကရစ်လမ်းနှင့် မိုင်တိုင်အမှတ် (၇/၄-(၁၇/၄) အထိ ၃၆ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှကြီးကြပ်၍ Oriental Highway Co.,Ltd BOTအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်- ပုသိမ်လမ်း၊ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်မိုင် (၁၇/၄)မှ ဗိုလ်မြတ်ထွန်းတံတား မိုင်တိုင် (၄၁/၃)အထိ လမ်းမိုင်အရှည် ၂၃/၇ မိုင်ကို မူလ ၂၄ ပေ ကတ္တရာလမ်းမှ အကျယ်ပေ ၃၀ ကွန်ကရစ်လမ်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဧရာ၀တီတိုင်းဒေသကြီး လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်းဒေသကြီး တောင်ဘက်ခြမ်းပင်လယ် ထွက်ပေါက် မြစ်၀ကျွန်းပေါ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသနှင့် ဆက်စပ်ပြီး ရန်ကုန်- ဘိုကလေး- ပုသိမ်လမ်းမကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန က လမ်း/ တံတားများ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ရန်ကုန်- ဘိုကလေး- ပုသိမ်လမ်းမကြီးသည် ရန်ကုန်တောင်ပိုင်းခရိုင်မှ ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်တို့ကို ဆက်သွယ်ပေးသော လမ်းမကြီးဖြစ်သည်။ ရန်ကုန်မြို့မှ ဧရာ၀တီတိုင်းဒေသကြီး ဘိုကလေးမြို့အထိ ရန်ကုန်-ကော့မှူး ဖျာပုံ- ဘိုကလေးလမ်းအပိုင်းမှာ မိုင်(၇၇/၅)ခန့်ရှိသည်။ ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်းဖြစ်ပြီး အများပြည်သူများ လုံခြုံချောမွေ့စွာ သွားလာနိုင်သည်။ ရန်ကုန်မြို့မှ ဘိုကလေးမြို့သို့ ဆက်သွယ်သောလမ်းတွင် တည်ဆောက်ဆဲ မြန်မာ- ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားစီမံကိန်းရှိသည်။ တည်ဆောက်ပြီး တံတားကြီးများမှာ တွံတေးတံတား၊ ဒေးဒရဲတံတားနှင့် ဖျာပုံတံတားတို့ တည်ရှိကြသည်။

ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်း(ဘိုကလေး -ပုသိမ် လမ်းအပိုင်း)လမ်း/တံတားတိုးတက်ရေးဆောင်ရွက်နေမှုများ

ဧရာ၀တီတိုင်းဒေသကြီးမှာ ခရိုင်ခြောက်ခရိုင်နှင့် မြို့နယ်ပေါင်း၂၆ မြို့နယ်ရှိပြီး လူဦးရေအားဖြင့် ၆၃ သိန်း ကျော်နေထိုင်ကြပါသည် မြစ်ချောင်းပေါများခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး အင်မတန် ခက်ခဲခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်မှုဒဏ်ကြောင့် ဧရာ၀တီမြစ်၀ကျွန်းပေါ်ဒေသရှိ ပြည်သူများအနေဖြင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့အနေဖြင့် ၂၀၀၈ ခုနှစ်မှစတင်၍ ဧရာ၀တီ တိုင်းဒေသကြီးအတွင်း နာဂစ်လမ်းကွန်ရက် ၁၁ လမ်းရှိ လမ်း/တံတားများ တိုးတက်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ နာဂစ်လမ်းကွန်ရက်ထဲမှ တစ်လမ်းဖြစ်သော ဘိုကလေး- မော်လမြိုင်ကျွန်း- ဝါးခယ်မ- မြောင်းမြ- ပုသိမ်လမ်း (ဘိုကလေး- ပုသိမ်လမ်းပိုင်း)ကိုလည်း ဧရာ၀တီတိုင်း ဒေသကြီးလမ်းဦးစီးဌာန က လမ်းအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ယင်းလမ်းပိုင်းအတွင်း အရေးပါသော တံတားကြီးလေးစင်းဖြစ်သော စော်ကဲမြစ်ကူးတံတား၊ ကျွန်းပြဿဒ်မြစ်ကူးတံတားနှင့် ကျွန်းကုန်းတံတားတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည် ဆောက်ရေးအဖွဲ့(၂)က တာဝန်ယူ၍ တည်ဆောက်ပေးလျက်ရှိပြီး ဝါးခယ်မတံတားကို မူလကြိုးတံတားမှ အခိုင်အမာ သံမဏိ သံပေါင်တံတားအဖြစ် တံတားတည်ဆောက်ရေးအဖွဲ့ (၁၅) က တာဝန်ယူ တည်ဆောက်ပေးလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ တံတားကြီးများ ပြီးစီးသွားပါက ဘိုကလေးမြို့၊ မော်လမြိုင်ကျွန်းမြို့၊ ဝါးခယ်မမြိုတို့မှ ပုသိမ်မြို့သို့ အချိန်တိုတိုဖြင့် သွားရောက်နိုင်ကြမည့်အပြင် ဖျာပုံ၊ ဒေးဒရဲမြို့တို့မှ ခရီးသွားပြည်သူများအနေဖြင့် မအူပင်- ပန်းတနော်- ပုသိမ်အဝေးပြေးလမ်းမကြီးမှ ပုသိမ်မြို့သို့ သွားရမည့်ခရီးလမ်းထက် အချိန်သက်သာစွာဖြင့် သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်းမကြီးကြောင့် ဖွံ့ဖြိုးတိုးတက်လာတော့မည့် ဘိုကလေးမြို့နှင့် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

ဘိုကလေးမြို့သည် ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်း တည်ရှိသည်။ ရန်ကုန်မှဘိုကလေးအထိ ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်းရှိပြီး ခရီးအကွာအဝေး (၇၇/၅ မိုင်ရှိသည်။ ယခုအခါ ဘိုကလေး- မော်လမြိုင် ကျွန်းမြို့ကြားတွင် ဘိုကလေးတံတား၊ ကျွဲခြံ ရေကျော်တံတား၊ ရာဇူဒိုင်တံတားအမှတ်(၁)နှင့် (၂)တို့ကို တည်ဆောက်ပြီး ဖြစ်သည်။ မော်လမြိုင်ကျွန်းမြို့နှင့် ဝါးခယ်မမြို့ကြားတွင် စော်ကဲတံတားနှင့် ကျွန်းပြဿဒ်တံတားများ တည်ဆောက်လျက်ရှိပြီး မကြာမီ ပြီးစီးတော့မည် ဖြစ်ပါသည်။ ဘိုကလေးမြို့မှ ဖျာပုံမြို့၊ မအူပင်မြို့များမှတစ်ဆင့် ပုသိမ်မြို့သို့ ခရီးအကွာအဝေး ၁၅၀/၀ မိုင်ခန့်ကို ယာဉ်မောင်းချိန် ငါးနာရီနီးပါး ကြာမြင့်ပါသည်။ ယခုအခါ ဘိုကလေး- ပုသိမ်လမ်းပိုင်းမှာ ခရီးအကွာအဝေး ၉၀/၀ မိုင်ခန့်သာရှိပြီး ခရီးသွားကြာမြင့်ချိန် သုံးနာရီခန့်သာ ရှိလာမည်ဖြစ်သောကြောင့် ဖျာပုံ- ဘိုကလေးဘက်မှ ခရီးသွားပြည်သူများ ဧရာ၀တီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့သို့ အချိန်တိုအတွင်း သွားလာနိုင်တော့မည်ဖြစ်သည်။ ဘိုကလေးမြို့မှ ပင်လယ်ထွက်ပေါက် ဒေသများသို့ ဆက်သွယ်သော ဘိုကလေး- ကြိမ်ချောင်း- ကဒုံကနိ လမ်း ၄၂/၀ မိုင်နှင့် ဘိုကလေး- စက်ဆန်း- ထော်ပိုင်- အမာလမ်း ၃၈/၅ မိုင်အရှည်ရှိ ဆက်သွယ်ထားသော လမ်းများလည်း ရှိသောကြောင့် ဘိုကလေးဒေသ ပတ်ဝန်းကျင်ပင်လယ်ထွက်ပေါက်များမှာလည်း ဖွံ့ဖြိုး တိုးတက်လာတော့မည် ဖြစ်သည်။

မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဘိုကလေးမြို့နယ်အတွင်း တည်ရှိပြီး ၃၃၇၇၆ ဧက (၅၂ ဒသမ ၇၈ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ဧရာ၀တီ မြစ်၀ကျွန်းပေါ်ဒေသရှိ ဒီရေတောဂေဟစနစ်ကို ကာကွယ်ရန်၊ ငါး/ပုစွန်များ မျိုးပွားခိုလှုံရာဒေသများကို ကာကွယ်ရန်၊ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရင်ဆိုင်နေရသော ရေချိုနှင့် ရေငန်စပ်မိကျောင်းများ သဘာ၀အတိုင်းရှင်သန်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် လည်းကောင်း သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ဒီရေတောအတွင်း စက်လှေစီး၍ လေ့လာခြင်း၊ ဒေသခံများ၏ မိရိုးဖလာ ငါးဖမ်းဆီးခြင်း၊ မိကျောင်းများ၏ ကျက်စားမှုအလေ့အထများကို လေ့လာခြင်း၊ ငှက်ကြည့်ခြင်းနှင့် ဧရာ၀တီလင်းပိုင်များ နေထိုင်ကျက်စားမှုများ စသည်တို့နှင့် ပတ်သက်၍ လေ့လာနိုင်ကြသည်။ မိန်းမလှကျွန်းတွင် မျောက်တစ်ရာကင်းစခန်းအနီး တည်ထားကိုးကွယ်ထားသည့် တန်ခိုးကြီး မျောက်တစ်ရာစေတီတော် (အောင်စေတီတော်မြတ်) တည်ရှိကြောင်းလည်း သိရှိရသည်။ ဘိုကလေးမြို့နယ် ဘိုကလေး- ကြိမ်ချောင်း- ကဒုံ ကနိလမ်းပေါ်ရှိ ပေချောင်းကြီးကျေးရွာတွင် ကံ့ကော်တစ်ထောင်ဆရာတော်ကြီးက ကံ့ကော်တစ်ထောင် ဘုရားစေတီများတည်ထားပြီး ဗုဒ္ဓသာသနာပြန့်ပွားရေး အတွက် သာသနာပြု ဆောင်ရွက်လျက်ရှိသည်။ ဆရာတော်ကြီးမှာ သက်တော် ၇၅ နှစ် ပြည့်ပြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိပြီးဖြစ်ကြောင်း သိရှိရသည်။ ဘိုကလေးမြို့နယ်တွင် ထင်ရှားသည့် ဘုရားစေတီပုထိုးများမှာ မြို့ကျက်သရေဆောင် သမိုင်းဝင် အောင်စကြာစေတီ၊ အောင်တော်မူဘုရား၊ အောင်စေတီ၊ မြစိမ်းရောင်ဘုရားနှင့် တောင်လက်ျာဘုရားများ စသည့်တန်ခိုးကြီးဘုရားများ တည်ရှိသည်။

အချုပ်အားဖြင့် ဘိုကလေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းနှင့် ရေလုပ်ငန်းတို့ကို အဓိကထား လုပ်ကိုင်ဆောင်ရွက်ကြသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ လမ်းကွန်ရက်များ၊ လမ်း/ တံတားများ တိုးတက်ဖောက်လုပ်နေမှုများကြောင့် ဘိုကလေးဒေသရှိ တန်ခိုးကြီးဘုရားစေတီပုထိုး များ၊ အာဆီယံအမွေအနှစ်စာရင်းဝင် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများသို့ မြန်မာပြည်တစ်ဝန်းလုံးရှိ ခရီးသွားပြည်သူများ လာရောက်လေ့လာ လည်ပတ်နိုင်တော့မည် ဖြစ်သည်။ ရန်ကုန်မြို့နှင့် ပုသိမ်မြိုတို့မှလည်း ရန်ကုန်-ဘိုကလေး-ပုသိမ်လမ်းမကြီးကို အသုံးပြု၍ ကုန်းလမ်းခရီးမှ သော်လည်းကောင်း၊ ရေလမ်းခရီး မှသော်လည်းကောင်း ဆက်သွယ်သွားလာ နိုင်တော့မည် ဖြစ်သောကြောင့် ဘိုကလေးမြို့နယ် ဒေသတစ်ခုလုံး အရှိန်အဟုန်ဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာတော့မည် ဖြစ်သည်။

မော်လမြိုင်ကျွန်းမြို့နှင့် ရာဇူဒိုင်တံတားအမှတ် (၁)နှင့် (၂)

မော်လမြိုင်ကျွန်းမြို့ခေါ် မော်ကျွန်းမြို့လေးမှာ ရေပတ်လည်ဝိုင်းနေပြီး ကျွန်းပုံစံတည်ရှိနေသော မြို့လေး ဖြစ်သည်။ ရှေးက မြတ်စွာဘုရားလောင်း ဥဒေါင်းမင်း ပျော်မြူးပျော်မွေ့ရာ မောရမြိုင်ကျွန်းဟု တင်စားခေါ်ဝေါ်ခြင်းသော်လည်းကောင်း၊ မော်လမြိုင်ပန်းများ ဝန်းရံပေါက်ရောက်နေသောမြို့ဟု ခေါ်ဆိုခြင်း သော်လည်းကောင်းဖြစ်နိုင်သည်ဟု သက်ကြီးစကား သက်ငယ်ကြား ပြောကြားခဲ့သော မော်လမြိုင်ကျွန်း မြို့ကလေး ဖြစ်သည်။ မော်လမြိုင်ကျွန်းမြို့ကလေးသည် ၂၀၀၈ ခုနှစ် နာဂစ်မတိုင်မီက အထီးကျန်ဆန်သော ကျွန်းအဆင့်အတန်းမှ ယခုအခါ ရန်ကုန်- ဘိုကလေး- မော်ကျွန်း- မြောင်းမြ- ပုသိမ်လမ်း ပေါက်လာပြီဖြစ်၍ မြန်မာပြည်တစ်ဝန်းသို့ အချိန်နှင့်တစ်ပြေးညီ ကူးလူး သွားလာနိုင်သောမြို့ဖြစ်လာပါပြီ။ မော်လမြိုင်ကျွန်းမြို့နှင့် ဆက်သွယ်နေသောလမ်းများမှာ မအူပင်- တွံတေး လမ်း (လမ်းအရှည်- ၇၀/ ၃) မိုင်၊ ယာဉ်မောင်းချိန် နှစ်နာရီခွဲဖြင့် ရန်ကုန်မြို့သို့ သွားနိုင်ပြီဖြစ်သည်။ မော်ကျွန်းမှ ပုသိမ်မြို့သို့ သွားရာတွင် မော်ကျွန်း- မအူပင်- ဗိုလ်မြတ်ထွန်းတံတား- ပုသိမ်လမ်းမှ ခွဲလျှင် လမ်းအရှည် (၁၃၈/ ၀)မိုင်ခန့်ကို ယာဉ်မောင်းချိန် ငါးနာရီခန့် ကြာမြင့်နိုင်သည်။ ယခုအခါ ရန်ကုန်-ဘိုကလေး- ပုသိမ်လမ်းပေါ်တွင် တည်ဆောက်လျက်ရှိသော စော်ကဲတံတား၊ ကျွန်းပြဿဒ်တံတား၊ ဝါးခယ်မ တံတားများ ပြီးသွားပါက မော်ကျွန်းမှ ပုသိမ်သို့ (၇၅/၁)မိုင် ရှိလာမည်ဖြစ်ပြီး ယာဉ်မောင်းချိန်၂ နာရီ ၄၅ မိနစ် ခန့်နှင့် ဧရာ၀တီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ မော်လမြိုင်ကျွန်းမြို့အဝင် ရာဇူဒိုင်မြစ်ကြီးနှင့် တည်ဆောက်ပြီးစီးနေပြီဖြစ်သော ရာဇူဒိုင်တံတားအမှတ် (၁) နှင့်(၂)တို့မှာ မော်လမြိုင်ကျွန်း မြို့ကြီးနှင့် ပနံရလှပါသည်။

မော်လမြိုင်ကျွန်းမြို့နယ်၏ ခရိုင်မြို့ဖြစ်သော လပွတ္တာမြို့သို့ ယခင်က ရေလမ်းခရီးဖြင့်သာ သွားလာရသည်။ မကြာမီ ကားလမ်းခရီးဖြင့် မော်လမြိုင်ကျွန်းမှ လပွတ္တာမြို့သို့ မြောင်းမြမြို့၊ မြောင်းမြတံတားနှင့် ပင်လယ်လေး တံတားများမှတစ်ဆင့် ခရီးအကွာအဝေး (၉၁/၀) မိုင်ခန့် ကို ကားလမ်းခရီး လေးနာရီဖြင့် ရောက်ရှိနိုင်တော့မည် ဖြစ်သည်။ မော်လမြိုင်ကျွန်းမြို့လေးသည် မအူပင်- ရေလဲ- ရွှေတောင်မှော်- ကျိုက်ပိ- မော်ကျွန်းလမ်း၊ ရန်ကုန်-ဘိုကလေး- ပုသိမ်လမ်းနှင့် မော်ကျွန်း- လှိုင်းဘုန်း-သစ်ပုတ်- ပြင်စလူလမ်း လမ်းသုံးလမ်း ဆုံရာဖြစ်သည်။

မော်လမြိုင်ကျွန်းမြို့သည် ဧရာ၀တီမြစ်၏ မြစ်လက်တက်နှစ်ခုဖြစ်သော ရာဇူဒိုင်မြစ်နှင့် တုံးလှဲမြစ်တို့ ဆုံရာတွင်တည်ရှိပြီး သာယာလှပသော မြို့လေးတစ်မြို့ဖြစ်သည်။ မြို့ကျက်သရေ ဆောင်ဘုရားကြီးများမှာ မြို့လယ်တာ၀တိံသာဘုရားကြီးနှင့် သမ္မာသမ္ဗုဒ္ဓမြို့ဦးစေတီတော် တို့ဖြစ်သည်။ ၁၉၃၄ ခုနှစ်တွင် စတင်တည်ဆောက် ဖွင့်လှစ်ခဲ့သော မော်လမြိုင်ကျွန်း အ.ထ.က(၁) အစိုးရ အထက်တန်းကျောင်းကြီးလည်း စိန်ရတုတိုင်ခဲ့ပြီ ဖြစ်သည်။

မော်လမြိုင်ကျွန်းမြို့နယ်သည် ညီညာပြန့်ပြူးသော မြေပြန့်လွင်ပြင်ဒေသဖြစ်ပြီး မြို့နယ်အတွင်း မြစ်ချောင်းများ အနှံ့အပြား တည်ရှိသည့် မြစ်၀ကျွန်းပေါ်အရပ်ဒေသ ဖြစ်သည်။ မြေဩဇာကောင်းမွန်သော နုန်းတင်မြေနုများ ရှိသောကြောင့် နွေ၊ မိုး၊ ဆောင်းစပါး စိုက်ပျိုးဖြစ်ထွန်း သော သာယာလှပသည့်မြို့နယ် ဖြစ်သည်။ ထင်ရှားသော မြစ်ချောင်းများမှာ ရာဇူဒိုင်မြစ်၊ တုံးလှဲမြစ်၊ စော်ကဲမြစ်၊ ကျွဲခြံမြစ်တို့ဖြစ်ပြီး မြို့ပတ်လည်တွင် စီးဆင်းသောမြစ်များ ဖြစ်ပါသည်။ မော်လမြိုင်ကျွန်းမြို့သည် ကျွန်းအဖြစ်တည်ရှိကာ ရေအရင်းအမြစ်အများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည်။ သင်္ဘော၊ စက်လှေများ သွားလာနိုင်သည်။ ရေလမ်းခရီး သာမက ရန်ကုန်- ဘိုကလေး- ပုသိမ်လမ်းမကြီးပေါ်တွင် မော်လမြိုင်ကျွန်းမြို့ တည်နေသောကြောင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ အလျင်အမြန် စီးပွားရေး ဖွံ့ဖြိုးတိုးတက် သော မြို့တစ်မြို့အဖြစ် ရောက်ရှိလာပါတော့မည်။

ဝါးခယ်မမြို့နှင့် သကျမဟာသီရိဘုရားကြီး

မြစ်ချောင်းအင်းအိုင်များပေါများသော ဧရာ၀တီတိုင်းဒေသကြီးရှိ အောက်ဘက်(ပင်လယ်ဘက်) အရပ်ကျသော မြို့နယ်များသည် ယခင်က ရေလမ်းခရီးကိုသာ အားထား၍ တစ်မြို့မှတစ်မြို့သို့ သွားလာမှု၊ ကုန်စည်ပို့ဆောင် ကူးသန်းရောင်းဝယ်မှု ပြုလုပ် ခဲ့ရသော မြို့နယ်များဖြစ်ပါသည်။

ထိုမြို့နယ်များအနက် ဝါးခယ်မမြို့လည်းပါဝင်ခဲ့သည်။ ယခုအခါ ဝါးခယ်မတံတား၊ ရွှေလောင်းတံတားနှင့် ကျွန်းကုန်းတံတားကြီးများ မကြာမီ အခိုင်အမာ သံမဏိ သံပေါင်တံတားကြီးများအဖြစ် ရောက်ရှိလာမည်ဖြစ်ပြီး ရန်ကုန်- ဘိုကလေး- ဝါးခယ်မ- ပုသိမ်လမ်းမကြီးလည်း ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ အချိန်တိုအတွင်း ဧရာ၀တီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ ကားလမ်းခရီး ပေါက်နေပြီဖြစ်၍ ဖွံ့ဖြိုးစည်ပင်မှုများလည်း ပိုမို အားကောင်းလာပြီ ဖြစ်သည်။

ဝါးခယ်မမြို့နယ်သည် မြို့နယ်ဂုဏ်ဆောင်ထူးချွန်ကြသူများ၊ နိုင်ငံချစ်သော အထင်ကရပုဂ္ဂိုလ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေး စွမ်းဆောင်ရှင်များ၊ စာပေ၊ ဂီတပညာရှင်များကို အစထား၍ များစွာသော ထူးချွန်ထက်မြက်သူများ၏ ဇာတိမြေအဖြစ် ရပ်တည်နေသော မြို့တစ်မြို့ဖြစ်ကြောင်း သိရှိရသည်။

ဝါးခယ်မမြို့မှာ လေ့လာမှတ်သားမှုအရ မြို့တည်သက်တမ်းအား တရားဝင်ခွင့်ပြုခြင်းကို ၁၉၀၆ ခုနှစ် အောက်တိုဘာလ ၁ ရက်ဟု မှတ်သားတွေ့ရှိရသောကြောင့် ယနေ့ ဝါးခယ်မမြို့၏သက်တမ်းမှာ ၁၁၄ နှစ်ရှိခဲ့ပြီဖြစ်၍ နှစ် ၁၁၀ ကျော်သက်တမ်းရှိသော မြို့ဟုလည်း ဆိုနိုင်ပါ သည်။

ရှေးသာသနာပြုစာပေမှတ်တမ်းများတွင် ဝါးခယ်မမြို့သည် မြို့ဦး၊ မြို့လယ်၊ မြို့စွန်တို့၌ ဘုရား၊ စေတီများ ကိန်းဝပ်နေသောကြောင့် ကမ္ဘာစစ်ဖြစ်ခဲ့စဉ်အခါက စစ်ဘက်အရေးအခင်းဘေးမှ ကင်းဝေးခဲ့သည်ဟု မှတ်သားရပါသည်။ ဂုဏ်ယူစရာအဖြစ် မှတ်တမ်းတင်ကြရမည် ဖြစ်သည်။ ဝါးခယ်မမြို့ဦးမြို့ထိပ်မှ မြသိန်းတန်စေတီတော်သည် ရှေးဟောင်း အမွေအနှစ်ဖြစ်ပြီး သက္ကရာဇ် ၁၂၅၃ ခုနှစ်က ဉာဏ်တော်အမြင့် ၁၀၉ ပေနှင့် မြေစိုက်စေတီဖြစ်သော်လည်း လုံးတော်ပြည့် ရွှေသင်္ကန်းနှင့် မြစ်နံဘေးတင့်တယ်စွာ စံပယ်နေပါသည်။

ဝါးခယ်မမြို့လယ်၌လည်း မြို့ကျက်သရေဆောင် ကြေးသွန်းရုပ်ပွားတော်ကြီးကလည်း ကိန်းဝပ်နေပါသည်။ တင်ပျဉ်ခွေအထိုင် ဘူမိဖဿမုဒြာဟန်နှင့် ဉာဏ်တော်ကိုးတောင်ရှိ ကြေးသွန်းရုပ်ပွားတော်ကြီးကို ကြေးပိဿာချိန် ၉၉၉၉ ပိဿာ ၉၉ ကျပ် ၉ မူးသားဖြင့် ၁၂၅၂ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက်နေ့တွင် စတင်တည်ထားခဲ့ပြီး ကြေးသွန်းဘုရားကြီးကို သကျ မဟာသီရိဘုရားကြီးဟု ဘွဲ့အမည်ပေးကြောင်း သိရှိရသည်။ ဘုရားကြီးနှင့်ပတ်သက်၍ နဝင်းငါးလီကျနေသည်ကို တွေ့ရ၍ ဧရာ၀တီတိုင်းဒေသကြီး၌ ထူးထူးခြားခြား တန်ခိုးကြီးထင်ရှား ကျော်ကြားလျက် ရှိပါသည်။

မြို့အစွန် တစ်ဖက်ကမ်းမှ ရှေးဟောင်းစေတီမှာ ပြည်လုံးချမ်းသာ သော်ကစေတီတော်ဟု ဘွဲ့အမည်ရပြီး မူလဒါယကာ မွန်မျိုးနွယ်ဖြစ်သော သမုဒ္ဒဿောသမင်းနှင့် မိဖုရားဥမ္မာဒန္တီမင်းသမီးတို့ ကောင်းမှုဖြင့် တည်ထားခဲ့သော ရှေးဟောင်း စေတီဖြစ်သည်။

ဝါးခယ်မမြို့သည် ရာသီအချိန်မရွေး စိုက်ပျိုးသီးနှံများ စိုက်ပျိုးနိုင်ခြင်း၊ ရေချိုအရပ်ဖြစ်၍ ရေချိုသယံဇာတများဖြစ်သော ငါး၊ ပုစွန် ပေါများခြင်း၊ ငါးမွေးမြူရေးအတွက် ရေခံမြေခံကောင်းများ ရှိခြင်း၊ ဆန်ရေစပါး ပေါများစွာထွက်ရှိခြင်း၊ ကုန်ရောင်းကုန်ဝယ် လွယ်ကူချောမွေ့စည်ပင်ခြင်း၊ လယ်ယာထွက်ကုန်များ ပေါကြွယ်၀ခြင်းစသည့် မြို့ရွာကျေးလက်စည်ပင်ဖွံ့ဖြိုးစေသော အကြောင်းရင်းများ၊ ဝါးခယ်မမြို့နှင့် ဆက်သွယ်လျက်ရှိသော ရန်ကုန်- ဘိုကလေး- ပုသိမ် လမ်းပေါ်တည်ရှိပြီး ကုန်းလမ်း၊ ရေလမ်းများဖြင့် ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အချိန်အခါမရွေး သွားလာဆက်သွယ်နိုင်ခြင်းများကြောင့် ထာ၀ရစည်ပင်နေသော မြို့နယ်တစ်ခု ဖြစ်သည်။

ဖွံ့ဖြိုးဝေစည် တိုင်းဧရာ၀တီ

ပြည်ထောင်စုအစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာန၏ မူဝါဒတစ်ခုဖြစ်သော နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲ လာသည့် နိုင်ငံရေးစနစ် နှင့်အညီ နိုင်ငံတော်အတွင်းရှိ လမ်းများကို နိုင်ငံတကာအဆင့်မီ လမ်းမကြီးများအဖြစ် ပေါ်ပေါက်စေရေး အတွက် အမျိုးသားစီမံကိန်းများ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လက်တွဲညီကာ လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်နေမှုကြောင့် မကြာမီအချိန်အတွင်း လက်ရှိ ရန်ကုန်-ပုသိမ်လမ်းမကြီးအပြင် ဧရာ၀တီတိုင်းဒေသကြီး မြစ်၀ကျွန်းပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်- ဘိုကလေး- ပုသိမ်လမ်းမကြီး ပေါ်ထွက်လာတော့မည် ဖြစ်သည်။ လမ်းမကြီး တစ်လျှောက် တည်ရှိနေထိုင်ကြသော ဒေသခံပြည်သူများ လွယ်ကူစွာခရီးသွားလာ၍ ကုန်စည်များ ကူးသန်း သယ်ယူပို့ဆောင်နိုင်တော့မည် ဖြစ်သောကြောင့် “ဖွံ့ဖြိုးဝေစည် တိုင်းဧရာ၀တီ”ဟု ဒေသခံပြည်သူများအတွက် ဂုဏ်ပြုရေးသားလိုက်ရပါသည်။      ။

ကိုတင့် (မြို့ပြအင်ဂျင်နီယာ)