ကော်ဖီအိတ်ခွံအမှိုက်များဖြင့် အသုံးအဆောင် ပစ္စည်းများ ဖန်တီးကာ အပိုဝင်ငွေ ရရှိနိုင်

28-Dec-2020

မန္တလေး   ဒီဇင်ဘာ   ၂၇

စွန့်ပစ်ပစ္စည်းများကြောင့် မိမိနေအိမ်နှင့် ရပ်ရွာဒေသများတွင် ညစ်ညမ်းမှုများဖြစ်ပေါ်စေနိုင်ပြီး စွန့်ပစ်အမှိုက်များကြောင့် မိမိနေအိမ်၊ ရပ်ရွာဒေသနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ရန် အချို့သော စွန့်ပစ်ပစ္စည်းများကို လက်မှုပညာပေါင်းစပ်ကာ အသုံးအဆောင်ပစ္စည်းများဖန်တီး၍ အပိုဝင်ငွေဖော်ဆောင်နိုင်ကြောင်း မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်မှ ကော်ဖီအိတ်ခွံအမှိုက်များဖြင့် အသုံးအဆောင်ပစ္စည်းများ ဖန်တီးနေသူ မယုကလျာစိုးထံမှ သိရသည်။

“ကော်ဖီအိတ်ခွံလို အမှိုက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ဖန်တီးမယ်ဆိုရင် ဦးစွာ ကော်ဖီ အိတ်ခွံတွေကို ရေဆေးမယ်။ ပြီးရင် ဘေးနှစ်ဖက် အနားညီအောင်ပြုလုပ်၊ အဲဒီနောက် နှစ်ထပ် ဖြစ်အောင်ခေါက်၊ အဲဒီလိုနဲ့ ကော်ဖီအိတ်ခွံအများကြီးခေါက်ထားပြီး မိမိဖန်တီးလိုတဲ့ အသုံးအဆောင် ပစ္စည်း လက်မှုပညာနဲ့ပေါင်းစပ်ရက်လုပ်ကာ ဖန်တီးလို့ရပါတယ်။ ဥပမာ အလျား သုံးပေ၊ အနံတစ်ပေခွဲ လောက်ရှိတဲ့ ထိုင်ခင်းဖျာတစ်ချပ်ဖန်တီးမယ်ဆိုရင် ကော်ဖီအိတ်ခွံ ၅၀၀ လောက် ခေါက်ထားဖို့လို ပါတယ်။ မိမိဖန်တီးမယ့် အသုံးအဆောင်ပစ္စည်းပေါ် မူတည်ကာ ဆောင်ရွက်လို့ရပါတယ်” ဟု ၎င်းက ပြောသည်။

သန်းဇော်မင်း(ပြန်/ဆက်)