စာရေးဆရာ ဒါရိုက်တာမောင်မိုးသူ ကွယ်လွန်

02-Sep-2021

ဘကြီးမိုးဟု အများခေါ်ကြသည့် စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၆နာရီ ၅၁မိနစ်တွင် ကွယ်လွန်သွားကြောင်းသိရသည်။ မောင်မိုးသူကို အဖ သခင် ဗတုတ်၊ အမိ ဒေါ်မြမေတို့မှ ၁၉၃၇၊ မေလ ၁၇ ရက်နေ့၊တနင်္လာနေ့တွင် မန္တလေးမြို့၌ ဖွားမြင်ခဲ့ပါသည်။ မွေးချင်း နှစ်ယောက်ရှိပြီး အမည်ရင်းမှာ ဦးစိန်မြင့် ဖြစ်ပါသည်။ ငယ်စဉ်က မန္တလေးမြို့၊ စိန်တောင် မြန်မာ ဘုန်းတော်ကြီး ကျောင်းနှင့် စိန့်ပီတာကျောင်း၊(ယခု အ.ထ.က (၉))တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီးနောက် မန္တလေး တက္ကသိုလ်တွင် ပညာသင်ကြားစဉ်ကတည်းက ကဗျာ၊ ဝတ္ထုများ ရေးခဲ့သည်။  နောက်ပိုင်းတွင် မိုးဦးပန်းစာပေတိုက်ကို တည်ထောင်ကာ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာ ဇေယျ၊ ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာ တက်တိုး၊ ဒဂုန်တာရာ၊ တက္ကသိုလ် ဘုန်းနိုင်၊ သိန်းသန်းထွန်း၊ ထွန်းထွန်း (ဆေးသိပ္ပံ) တို့၏ ဝတ္ထုများ၊ ကဗျာ စာအုပ်များ၊ ဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့သလို ရုပ်ရှင်လောကသို့ ဝင်ရောက်ကာ ဇတ်ညွှန်းရေးသူအဖြစ် အသက်မွေးခဲ့သေးသည်။ ဒါရိုက်တာတစ်ဦးအဖြစ် ကျနော့်နာမည် ကျော်ကျော်၊ မှုန်နံ့သာခြယ်ကာသပါလို့၊ သက်ထားဆိုသော မိန်းမချော၊ ဆောင်းမှာတွေ့သောမိန်းကလေး၊ စံရွှေမြင့် လေးခင်ခင်၊ တယ်တညင်၊ မမလေး ပန်စရာ၊ ချစ်လှိုင်းဂယက်၊ တကယ်ချစ်ရဲ့လား၊ ကျမမှာ ချစ်သူရှိတယ်၊ လွတ်လပ်မှ အမျှဝေပါ စသော ထင်ရှားခဲ့သည့် ဇာတ်ကားများကို နာမည်ကြီး မင်းသား မင်းသမီးများနှင့် ရိုက်ကူးခဲ့သည်။ ဘာသာပြန် ဝတ္ထုများ အဖြစ် စိတ္တဇ (၁၉၆၅)၊ အိပ်မက်ကုန်သည် (၁၉၇၆)၊ သေနေ့ (၁၉၇၇)၊ ကြေးစား (၁၉၈၁)၊ အိပ်ဇိုးဒပ် (နိုင်ငံတခု မွေးဖွားခြင်း)၊ ကျားကုတ်ကျားခဲ (၁၉၈၃)၊ သဲကြီးမဲကြီး (၁၉၈၂)၊ သူနိုင်ကိုယ်နိုင် (၁၉၈၂)၊ အချစ်ပုံပြင် (၁၉၈၂)၊ သက်စွန့်ဆံဖျား (၁၉၈၃)၊ စိန်ပီတာဘက်မှလူ (၁၉၈၃)၊ မာဖီးယားနှင့် ပေါ်ပီပန်း (၁၉၈၃)၊ ဂျိန်းစဘွန်း၏ အထူးတာဝန် (၁၉၈၃)၊ အိပ်ဇိုးဆေး (၁၉၈၄)၊ အတိတ်တစ္ဆေ (၁၉၈၄)၊ လင်းယုန်တို့ အောင်ပွဲ (၁၉၈၄)၊ ရိုလာကိုစတာ ခုမကြည့်နဲ့ဦး (၁၉၈၅)၊ ငြိုးသူ့ရန်ဘက် (၁၉၈၅)၊ ပစ်မသွားနဲ့ အချစ်ရယ် (၁၉၈၆)၊ အထွတ်အထိပ် (၁၉၈၇) စသည့် ဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့ပါသည်။ လွယ်အိတ် တစ်လုံးနှင့် ရွာစဉ်လည် (မိုးဝေနှင့် အခြား မဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် (ကလျာ မဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ ရေးသားပြီး လုံးချင်း ထုတ်ဝေခဲ့သည်။