အခန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးအောင် ရှောင်ရှားနိုင်မယ့်နည်း ၅ ခု

29-Sep-2020

ဒေးဗစ်ရှက်ခ်မန်း

ဘီဘီစီ သတင်း၊ သိပ္ပံကဏ္ဍအယ်ဒီတာ

၂၇ သြဂုတ် ၂၀၂၀

အဆောက်အအုံတွင်း၊ အခန်းတွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်ရေးမှာ အခန်းတွင်း လေဝင်လေထွက် ကောင်းဖို့က အဓိက အရေးပါဆုံးပါ။

ဗိုင်းရပ်စ် ကူးစက်မခံရအောင် လက်ဆေးကြဖို့၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေကြဖို့ ပြောလာတာ လအတော်ကြာခဲ့ပါပြီ။

ဒါပေမဲ့ ကိုယ်နေ့စဉ် ရှူနေတဲ့ လေနဲ့ ပတ်သက်လို့လည်း ဂရုစိုက်ဖို့ လိုတယ်လို့ သိပ္ပံပညာရှင်တွေက ပြောနေပါတယ်။

လေကောင်းလေသန့်ရဖို့၊ လေဝင်လေထွက် ကောင်းဖို့ အရေးပါတဲ့ အချက် ၅ ချက် ရှိပါတယ်။

၁။ အခန်းက လှောင်ပိတ်နေရင် အပြင်ကို ထွက်လိုက်ပါ

အခန်းတစ်ခုထဲ ဝင်လိုက်လို့ အောက်သိုးသိုးအနံ့မျိုး ရရင် လေဝင်လေထွက် မကောင်းဘူးဆိုတာ ပြနေတာပါ။

လေကောင်းလေသန့် အလုံအလောက် မရဘူး ဆိုရင် ရောဂါပိုးကူးမယ့် အန္တရာယ် ပိုများပါတယ်။

ဗိုင်းရပ်စ်ပိုး အပိုင်းအစတွေက လေထဲမှာ ခိုအောင်းနေနိုင်တာမို့ လှောင်ပိတ်နေတဲ့ အခန်းတွေထဲမှာ လေကနေ ရောဂါကူးစက်နိုင်တယ်လို့ မကြာသေးခင်က လေ့လာချက်တွေအရ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီး မဖြစ်ခင်ကာလက ချမှတ်ခဲ့တဲ့ အလုပ်ခွင် စည်းမျဉ်းတွေအရ စက္ကန့်တိုင်းမှာ လေကောင်းလေသန့် ၁၀လီတာ ရှူသွင်းဖို့ လိုတယ်လို့ အကြံပြုထားတာပါ။ အခုဆို ဒီအကြံပြုချက်က ပိုလို့တောင် အရေးပါလာပါပြီ။

ဒီတော့ တကယ်လို့ အခန်းတစ်ခန်းထဲ ဝင်လိုက်လို့ လှောင်ပိတ်နေပုံရရင် အဲဒီအခန်းထဲကနေ ချက်ချင်း လှည့်ထွက်လိုက်ပါလို့ Chartered Institution of Building Services Engineers ဆောက်လုပ်ရေးအင်ဂျင်နီယာဌာနရဲ့ နည်းပညာဒါရိုက်တာ ဒေါက်တာ ဟိုင်ဝဲလ် ဒေးဗီးစ် က ပြောပါတယ်။

လေကောင်းလေသန့် အဝင်အထွက်ကောင်းဖို့က အရမ်းကို အရေးပါတယ်လို့ သူက ပြောပါတယ်။

 

"အဆောက်အအုံတစ်ခုထဲမှာ ရောဂါပိုး ကူးစက်ခံထားရသူ ရှိနေခဲ့တယ်ဆိုပါတော့၊ တကယ်လို့ အပြင်က လေသန့်တွေကို အခန်းထဲ သွင်းနိုင်မယ်ဆိုရင် လေသန့်တွေက အဲဒီလူ ထုတ်လိုက်တဲ့ ရောဂါပိုးတွေကို အားပျော့သွားစေပါလိမ့်မယ်၊ ဒါဆိုရင် ရောဂါကူးစက်ခံရမယ့် အန္တရာယ် လျော့ပါးသွားမှာပါ"

၂။ဘယ်လို လေအေးပေးစက်မျိုးသုံးမလဲ ရွေးပါ

ပူအိုက်တဲ့နေ့မျိုးတွေမှာဆိုရင် ရုံးဌာနတွေကအစ ဈေးဆိုင်တွေအဆုံး လေအေးစက်တွေ ဖွင့်သုံးတတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်လို လေအေးစက် အမျိုးအစား သုံးရမလဲဆိုတာကို စစ်ကြည့်သင့်ပါတယ်။

လူတွေ သုံးလေ့ ရှိတဲ့ အမျိုးအစားက နံရံ ဒါမှမဟုတ် မျက်နှာကြက်မှာ တပ်ထားလေ့ ရှိတဲ့ အဖြူရောင် ရှည်ရှည် လေအေးစက်မျိုးပါ။

ဒီလေအေးစက်က အခန်းထဲကို လေသွင်းပေးပြီး လေကို အေးအောင် လုပ်ပေးပါတယ်။ ပြီးရင် လေကို ပြန်စုပ်ထုတ်ပါတယ်။

တနည်းပြောရရင် လေကို လည်ပတ်ပေးတဲ့ လေအေးစက်မျိုးပါ။

ဒီလေအေးစက်မျိုး ရှိတဲ့အခန်းထဲ ခဏတဖြုတ် သွားလည်ရင် ပြဿနာ သိပ်မရှိလှပေမဲ့ နာရီအကြာကြီး နေနေရင်တော့ အန္တရာယ် ရှိလာနိုင်ပါတယ်။

တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ လေ့လာခဲ့ချက်အရ ဒီလို လေအေးစက်မျိုးကနေ ဗိုင်းရပ်စ်ပိုး ကူးစက်စေနိုင်တာကို တွေ့ခဲ့ရပါတယ်။

ရောဂါရှိနေပေမဲ့ ရောဂါလက္ခဏာ မပြတဲ့ သူတစ်ဦး အဲဒီဆိုင်ထဲ ဝင်ခဲ့ပါတယ်။

သူအသက်ရှူသွင်းရှူထုတ် လုပ်တဲ့အခါတိုင်း၊ စကားပြောတဲ့အခါတိုင်း ဗိုင်းရပ်စ်ပိုးတွေ ထုတ်လွှတ်ခဲ့ရာမှာ နံရံမှာ တပ်ထားတဲ့ လေအေးစက်ရဲ့ လေလည်ပတ်တဲ့စနစ်ကြောင့် အဲဒီလူရဲ့ ဗိုင်းရပ်စ်ပိုးတွေ အခန်းတစ်ခန်းလုံး ပျံ့သွားခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက် ချခဲ့ကြပါတယ်။

ရလဒ်ကတော့ အခန်းထဲမှာ ရှိနေတဲ့ လူ ၉ ဦးကို ရောဂါကူးသွားတာပါ။

"တကယ်လို့များ အပြင်ကလေသန့်ကို အဲဒီအခန်းထဲ များများသွင်းနိုင်မယ်ဆိုရင် ရောဂါကူးတဲ့သူ နည်းသွားနိုင်တယ်။ ရောဂါကူးတဲ့သူတောင် ရှိချင်မှ ရှိလိမ့်မယ်" လို့ ဒေါက်တာ ဒေးဗီးစ်က လေကောင်းလေသန့် အရေးပါပုံကို ထပ်မံ ထောက်ပြသွားခဲ့ပါတယ်။

၃။ လေကောင်းလေသန့် ဘယ်လောက် သွင်းသင့်သလဲ

ပြတင်းပေါက်တွေ အသေပိတ်ထားတတ်တဲ့ ခေတ်ပေါ် အဆောက်အအုံတစ်ခုမှာ လေကောင်းလေသန့် ဘယ်လို ရနိုင်မှာလဲ။

ဒါဆိုရင်တော့ အခန်းထဲကနေ လေဆိုးတွေ စုပ်ထုတ်ပြီး ခေါင်မိုးမှာ တပ်ထားတဲ့ လေထုတ်စက်ထဲ ပိုက်လိုင်းနဲ့ ထုတ်လွှတ်တဲ့ လေထုတ်စက်ကို အားကိုးရပါလိမ့်မယ်။

အဲဒီလေထုတ်စက်ဟာ အပြင်က လေကောင်းလေသန့်ကို စုပ်ယူပြီး အဆောက်အအုံထဲမှာ ရှိနေတဲ့ လေအဟောင်းတွေနဲ့ ရောမွှေ ပေါင်းစပ်ပေးပါတယ်။ ပြီးရင် အဲဒီ ရောမွှေ ပေါင်းစပ်ထားတဲ့လေတွေကို အဆောက်အအုံထဲ ပြန်ပို့ပေးပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကနေ ကာကွယ်နိုင်အောင် လေကောင်းလေသန့် များနိုင်သမျှ အများဆုံး ဖြည့်ဆည်းပေးနေဖို့ ပညာရှင်တွေက အကြံပေးပါတယ်။

"၁၀၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၀၀ ရာခိုင်နှုန်းနီးပါး အပြင်က လေကောင်းလေသန့် ရရင်ကောင်းတယ်"လို့ ဗြိတိန်အစိုးရရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌလည်းဖြစ်တဲ့ Leeds တက္ကသိုလ် ပါမောက္ခ ကက်သ် နုတ်ခ်စ် က သူ့ကိုယ်ပိုင်အမြင်ကို ပြောပြပါတယ်။

"လေကောင်းလေသန့် ပိုများများရလေ၊ အဆောက်အအုံထဲ ဗိုင်းရပ်စ်ပိုး ပြန်ဖြန့်တဲ့အန္တရာယ် ပိုနည်းသွားလေ ဖြစ်ပါတယ်"

လေဝင်လေထွက် ဘယ်လောက် ပေါင်းစပ်ပေးရမလဲဆိုတာကို အဆောက်အအုံမန်နေဂျာက အဆောက်အအုံပိုင်ရှင် ဒါမှမဟုတ် အဲဒီမှာ နေနေသူတွေနဲ့ ညှိပြီး ဆုံးဖြတ်ပါတယ်။

အဆောက်အအုံထဲ လေကောင်းလေသန့် ၁၀၀ ရာခိုင်နှုန်း စုပ်သွင်းယူနေဖို့က အကုန်အကျတော့ ကြီးပါလိမ့်မယ်။ အပြင်က သွင်းယူတဲ့ လေသန့်ကို ဆောင်းတွင်းမှာ နွေးနေအောင်နဲ့ နွေမှာ အေးနေအောင် လုပ်ရမှာမို့ လျှပ်စစ်ဓာတ် အတော်လေး သုံးရမှာပါ။

၄။ လေသန့်စင်စက်ထဲမှာ ဗိုင်းရပ်စ်ပိုး ရှိနေသလား စစ်ပါ

အခုနောက်ပိုင်း ပေါ်တဲ့ လေထုတ်စက်တွေမှာ လေသန့်စင်စက်တွေ တပ်ထားပါတယ်။ ဒါပေမဲ့ ဒီလေသန့်စင်စက်တွေကို လုံးဝ စိတ်ချထားလို့ မရပါဘူး။

ကိုရိုနာဗိုင်းရပ်စ် အစအနတွေ တွေ့ခဲ့ရတဲ့ အမေရိကန်နိုင်ငံ အိုရီဂွန် ကျန်းမာရေးနဲ့ သိပ္ပံပညာဆိုင်ရာ တက္ကသိုလ်ဆေးရုံကြီးက လေသန့်စင်စက်တွေကို လေ့လာစစ်ဆေးခဲ့တဲ့ သုတေသီတွေက ဗိုင်းရပ်စ်ပိုးတချို့ လေသန့်စင်စက်တွေထဲကနေ တနည်းတဖုံ လွတ်ထွက်သွားခဲ့တာကို ဖော်ထုတ် တွေ့ခဲ့ပါတယ်။

လေသန့်စင်စက်တွေကို တို့ဖတ်စနဲ့ စစ်ဆေးကြည့်ခြင်းအားဖြင့် အဆောက်အအုံတွင်း အလုပ်လုပ်နေသူတွေထဲမှာ ရောဂါပိုး ကူးစက်ခံထား မထားဆိုတာကို သိနိုင်လိမ့်မယ်လို့ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ ကယ်ဗင် ဗန်ဒန် ဝင်မီလန်ဘာ့ဂ် က ယုံကြည်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံက ရုံးအဆောက်အအုံတစ်ခုရဲ့ အထပ် ၁၁ ထပ်မှာ ရှိတဲ့ ရုံးဌာနတစ်ခုမှာ လူတစ်ယောက်ဆီကနေ တခြား လူ ၉၀ ကျော်လောက် ရောဂါပိုး ကူးစက်ခဲ့ပါတယ်။

တကယ်လို့များ အဲဒီရုံးရဲ့ လေထုတ်စက်က လေသန့်စင်စက်ကိုသာ ပိုမကြာခဏ မှန်မှန် စစ်ခဲ့ကြမယ်ဆိုရင် ဗိုင်းရပ်စ်ပိုး ရှိနေတာကို ပိုစောစော သိခဲ့ကြမှာ ဖြစ်ပါတယ်။

လေသန့်စင်စက်တွေကနေ ရလာတဲ့ အချက်အလက်တွေဟာ ရောဂါကူးစက်မှုကို ထိန်းချုပ်ရာမှာ ဘယ်လိုနေရာ၊ ဘယ်လိုအချိန်မျိုးမှာ အားသွန်လုပ်ဆောင်ဖို့ လိုမလဲဆိုတာကို ဖော်ပြနေတယ် လို့ ပါမောက္ခ ကယ်ဗင် ဗန်ဒန် ဝင်မီလန်ဘာ့ဂ် ကပြောပါတယ်။

၅။ လေဘယ်က ဝင်သလဲ ဆိုတာကို သတိထားပါ

ဒီနယ်ပယ်က ဘယ်ပညာရှင်ကိုပဲမေးမေး၊ လေကောင်းလေသန့်က အဓိက အရေးကြီးဆုံးပဲ ဆိုတာ ပြောကြမှာပါ။

ဒါပေမဲ့ လေကောင်းလေသန့် ရနေဖို့က ရိုးစင်းလွယ်ကူတာတော့ မဟုတ်ဘူးလို့ လေအဝင်အထွက်လမ်းကြောင်း ပုံဖော်တဲ့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

သူကတော့ အရင်က ဖော်မြူလာဝမ်း ပြိုင်ကားတွေကို ဒီဇိုင်း ဆွဲခဲ့သူ ဖြစ်ပြီး အခုတော့ လူတွေ ဘေးကင်းစေဖို့ လေအဝင်အထွက် ဘယ်လို ကောင်းအောင် လုပ်မလဲဆိုတာကို ဆူပါမားကက်တွေ၊ အသားကြိတ်စက် ကုမ္ပဏီတွေအတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေတဲ့ နစ်ခ် ဝါ့သ် ဖြစ်ပါတယ်။

တကယ်လို့များ ဖွင့်ထားတဲ့ ပြတင်းပေါက်ဘေးမှာ ထိုင်နေသူ တစ်ယောက်ယောက်မှာ ရောဂါပိုး ရှိနေခဲ့မယ်ဆိုရင် သူ့ရဲ့ ရောဂါပိုးက လေနဲ့အတူ တခြားသူတွေဆီ ကူးစက်နိုင်တယ်လို့ နစ်ခ် ဝါ့သ်က စိုးရိမ်နေပါတယ်။

"တကယ်လို့ ပြတင်းပေါက်တစ်ခုကို ဖွင့်လိုက်မယ်ဆိုရင် လေက ဘယ်ကိုသွားမလဲဆိုတာ ကြည့်ရပါမယ်။ ဒီလေစီးကြောင်း တည့်တည့်မှာ လူတွေ ရှိမနေစေချင်ပါဘူး"

"ယေဘူယျအားဖြင့်တော့ လေကောင်းလေသန့် ပိုရလေ၊ ပိုကောင်းလေပါ။ ဒါပေမဲ့ လေစီးကြောင်းက အလျားလိုက် ဝင်လာပြီး ဗိုင်းရပ်စ်ပိုးတွေအပြည့်နဲ့ ဆိုရင်တော့ မရည်ရွယ်ဘဲနဲ့ ဆိုးကျိုးတွေ ကြုံလာရနိုင်ပါတယ်" လို့ သူက ပြောပါတယ်။

ဒီလို ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်လို့ ပါမောက္ခ ကက်သ် နုတ်ခ်စ် ကို မေးကြည့်ခဲ့ရာမှာတော့ သူက လေကောင်းလေသန့် အများကြီး ဝင်ရင်တော့ ဗိုင်းရပ်စ်ပိုးကို အားပျော့သွားစေမှာမို့ ရောဂါ ကူးစက်မှု အန္တရာယ်ကလည်း နည်းသွားနိုင်တယ်လို့ ဆိုပါတယ်။

ပြတင်းပေါက် ဖွင့်ထားခြင်းအားဖြင့် ရောဂါပိုး ရမယ့်လူ ပိုများကောင်း များနိုင်ပေမဲ့ ရောဂါပိုးရဲ့ အားပမာဏက လျော့သွားတဲ့အတွက် အန္တရာယ်လည်း ပိုနည်းသွားနိုင်တယ်လို့ သူမြင်ကြောင်း ပြောပါတယ်။

ဒီလို အမြင်ကွဲပြားမှုတွေ ရှိနေတာကတော့ အံ့သြစရာမဟုတ်ပါဘူး။ ခုချိန်ထိ ဒီဗိုင်းရပ်စ်ပိုးအကြောင်း လုံးဝဥသုံ လူတွေ မသိနိုင်ကြသေးလို့ပါပဲ။

ဒါပေမဲ့လည်း လူတွေ နေ့စဉ် ရှူနေကြတဲ့ လေက ဒီရောဂါပိုးရန်ကနေ ကာကွယ်ဖို့ ပူးပေါင်း ကြိုးပမ်းနေမှုမှာတော့ တစိတ်တပိုင်း ပါဝင်နေပါလိမ့်မယ်။