ကောက်ရိုးမှ စက္ကူပြုလုပ်ခြင်း သုတေသန ဆောင်ရွက်

28-Dec-2020

နေပြည်တော်   ဒီဇင်ဘာ  ၂၇

စပါးသည် မြန်မာနိုင်ငံတွင် အဓိက စိုက်ပျိုးသည့် အရေးပါသော စားသုံးသီးနှံ ဖြစ်သော်လည်း စပါးပင်မှ ရရှိသော ကောက်ရိုးကို စုဆောင်း၍ အသုံးချမှုမှာ အလွန်နည်းပါးသည်။

ထို့ကြောင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန စပါးဇီဝဥယျာဉ် ဌာနစုရှိ သုတေသနပညာရှင်များသည် စပါးပင်၏ အစိတ်အပိုင်းများ အကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ်လျက် စပါးသီးနှံ  ရိတ်သိမ်းခြင်းမှ ရရှိသော ဘေးထွက် ပစ္စည်းကောက်ရိုးမှ စက္ကူထုတ်လုပ်ခြင်း သုတေသနလုပ်ငန်း   ဆောင်ရွက်လျက် ရှိ‌ကြောင်း သိရသည်။

ယင်းသုတေသန၌ ကောက်ရိုးဖြင့် စက္ကူပြုလုပ်ရာတွင် အဓိက လိုအပ်သော ပါဝင်ပစ္စည်းများမှာ ကောက်ရိုး၊ ထင်းရှူးဆီ၊ ဆိုဒီယမ်ဆီလီကိတ်၊ ကော် (ကစီဓာတ်)၊ ကျောက်ချဉ်၊ တာ ကမ်ပေါင်ဒါ၊ ဆိုဒါမှုန့်၊ ဆိုးဆေးများနှင့် ရေတို့ ဖြစ်‌ကြောင်း၊ ကောက်ရိုးစက္ကူ ပြုလုပ်ခြင်း သုတေသနတွင် အရည်အသွေးကောင်း စက္ကူရရှိရန်အတွက် အဓိကဖြစ်သော ပျော့ဖတ်၍ အရည် အသွေး ကောင်းမွန်ရန်အတွက် အသုံးပြုသည့် ဓာတုပစ္စည်း အမျိုးအစားနှင့် အချိုးအစား၊ ကောက်ရိုး ပြုတ်ချိန်နှင့် ရရှိလာသော ပျော့ဖတ်ကို ကြိတ်ချေ စက်ထဲသို့ထည့်၍ စက်လည်ပတ်မှု ကြာချိန်တို့ကို သိရှိရန်အတွက် ဌာနစု တာဝန်ခံ ဒေါက်တာ ဥမ္မာခင်နှင့် သုတေသန ပညာရှင်များက သုတေသနပြု ဆောင်ရွက်နေခြင်း ဖြစ်‌သည်။

ယင်းသုတေသနသည် စပါးစိုက် တောင်သူများအား စပါးပင်၏ ဘေးထွက်ပစ္စည်းဖြစ်သော  ကောက်ရိုးကို အသုံးပြု၍ စက္ကူပြုလုပ်ခြင်း နည်းပညာမျှဝေပေးမည်ဖြစ်သောကြောင့် အိမ်တွင်းမှု တစ်ပိုင်တစ်နိုင်  ဆောင်ရွက်နိုင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာမည် ဖြစ်ပြီး လယ်ယာလုပ်ငန်း ခွင်ပြင်ပ  အပိုဝင်ငွေရရှိမည်ဖြစ်သည်။ သို့ဖြစ်၍ စပါးပင်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ကောက်ရိုးကို အသုံးပြု၍ စက္ကူပြုလုပ်ခြင်း သုတေသနကို ဆောင်ရွက်ခြင်းဖြင့် စပါးကောက်ရိုးမှ တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်သော ပုံနှိပ်ရန် စက္ကူ၊ စက္ကူအနှောင့်များ၊ စက္ကူဖိုင်များ၊ ဖိတ်စာကတ်၊ လိပ်စာကတ်၊ စက္ကူအိတ်များ ပြုလုပ်သုံးစွဲနိုင် မည်ဖြစ်ကြောင်း သိရသည်။

မေမိုးသဲ