ရန်ကုန်တက္ကသိုလ်နှင့် ပထမဦးဆုံးစာပေပါရဂူဘွဲ့ရသူ လယ်တီဆရာတော်ဘုရားကြီး

17-Dec-2020

သလ္လာမြေ - မြင့်မော်

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်တည်ထောင်ခြင်း နှစ် (၁၀၀) ပြည့် မြောက်ခဲ့လေပြီ။ ရန်ကုန်တက္ကသိုလ်ဥပဒေကို ၁၉၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက် နေ့တွင် ဘုရင်ခံချုပ်က သဘောတူခဲ့ပြီးနောက် ဥပဒေအရ အာဏာတည်သော ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဖြစ်ပေါ်လာခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာခြင်းသည် မြန်မာ့ပညာရေးစနစ် ပြောင်းလဲတိုးတက်မှု၏ အခြေခံပင်ဖြစ်ပါသည်။ သို့သော် ရန်ကုန်တက္ကသိုလ်ကား တစ်ရက်တည်း၊ တစ်ချိန်တည်းဖြင့် ဖြစ်ပေါ်လာခဲ့ခြင်းမဟုတ်ပေ။

မြန်မာ့ပညာရေးသည် ကိုလိုနီခေတ် မတိုင်မီအချိန်တွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းသင် ပညာရေးစနစ်ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းသင် ပညာရေးဆိုရာ တွင် အပိုင်း ၂ ပိုင်းတွေ့ရသည်။ ပထမပိုင်းမှာ ပိဋကတ်စာပေ၊ သံသရာလွတ်မြောက်ရေးကို ဦးတည်သော  ပိဋကတ်စာပေသင်ကြားမှုနှင့် ဒုတိယပိုင်းမှာ ပိဋကတ်စာပေ သင်ကြားမှု အပြင်၊ လောကီရေးရာနှင့် စပ်ဆိုင်သောပညာ၊ အသက်မွေးမှုအတတ်ပညာနှင့် စစ်ရေး အတတ်ပညာများကိုပါ  သင်ကြားမှုတို့ဖြစ် သည်။ ယင်းကဲ့သို့   သင်ကြားရာတွင် ပါဠိ ဘာသာ၊    မြန်မာဘာသာ၊ မွန်ဘာသာ၊ သက္ကတဘာသာတို့ဖြင့် သင်ကြားကြသည်။ ပထမပိုင်းမှာ သံသရာမှ  လွတ်မြောက်ရေးကို ဦးတည် လေ့လာဆည်းပူးကြသော အရည ဝါသီ ရဟန်းတော်များ (မင်းကျောင်း)နှင့် သက်ဆိုင်ပြီး ဒုတိယအပိုင်းမှာ လောကီ ရေးရာများတွင် ပါဝင်ဆောင်ရွက်နေကြသော ဂါမဝါသီရဟန်း၊ ရှင်၊  လူများ(ပွဲကျောင်း)နှင့် သက်ဆိုင်သည်။

လျော့နည်းမှေးမှိန်လာ

ပဒေသရာဇ်ခေတ်နှောင်းပိုင်း၊    ကုန်း ဘောင်ခေတ်    အလယ်ပိုင်းလောက်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (မင်းကျောင်း)၊ ဗုဒ္ဓဘာသာဝင်  ယောကျ်ား ကလေးများနှင့်   မိန်းကလေးသူငယ်ချင်း များကို သင်ကြားပေးသော အရပ်ဘက် လူသင်ကျောင်း (အိမ်ကျောင်း)များနှင့် ခရစ်ယာန်မစ်ရှင် သာသနာပြုကျောင်း ပညာ ရေးစနစ်များဖြစ်ပေါ်လာသည်။ ဤအချိန်တွင် ဘုန်းတော်ကြီးသင် ပညာရေး (ပွဲကျောင်း)များမှာ လျော့နည်းမှေးမှိန်လာခဲ့သည်။

ဗမာနှင့် တိုင်းရင်းသားအချို့တို့မှာ  ဘုန်းတော်ကြီးသင်ပညာရေး(မင်းကျောင်း)နှင့် အရပ်ဘက် လူသင်ကျောင်း(အိမ်ကျောင်း)များတွင် သင်ကြားကြသကဲ့သို့ အချို့မှာ ခရစ် ယာန်မစ်ရှင် သာသနာပြု ကျောင်းများတွင် သင်ကြားကြသည်။ ဗမာအပါအဝင် တိုင်းရင်း သားအချို့ကို သင်ကြားပေးသော အရပ်ဘက် လူသင်ကျောင်း   (အိမ်ကျောင်း)  များနှင့် ဘုန်းတော်ကြီးကျောင်းသင်     ပညာရေး (မင်းကျောင်း) တို့မှာ  တိုင်းရင်းသားဘာသာသင်ကျောင်းများဖြစ်လာကြပြီး ခရစ်ယာန်မစ် ရှင်  သာသနာပြုကျောင်းများမှာ  အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းများ ဖြစ်လာ ကြသည်။

၁၈၅၂ ခုနှစ် အင်္ဂလိပ်- မြန်မာ ဒုတိယစစ် ပွဲ ဖြစ်ပွားပြီးနောက် အောက်မြန်မာနိုင်ငံတစ်ခု လုံး အင်္ဂလိပ် ကိုလိုနီလက်အောက်ကျရောက် ခဲ့ချိန်တွင် မြန်မာနိုင်ငံ၌  ဗြိတိသျှတို့  စတင် ကျင့်သုံးသော ပညာရေးစနစ်မှာ ၁၈၃၅ ခုနှစ် က အိန္ဒိယနိုင်ငံတွင် မက္ကောလေးတင်သွင်း ခဲ့သည့် အနောက်တိုင်းပညာရပ်ကို ဦးစား ပေးရန်၊ အင်္ဂလိပ်စာကို  သင်ကြားရေးမဏ္ဍိုင် အဖြစ်အသုံးပြုရန်၊ အင်္ဂလိပ်လူမျိုး တစ်ယောက်၏ အတွေးအခေါ်ပညာတတ်များ မွေးထုတ်ရန်ပါရှိသော ပညာရေးအစီရင်ခံစာ အပေါ် အခြေခံခဲ့သည်။

၁၈၆၆ ခုနှစ် အိန္ဒိယအစိုးရ ညွှန်ကြားချက် ဖြင့် အောက်မြန်မာနိုင်ငံ  မဟာဝန်ရှင်တော် မင်းကြီး ဆာအာသာဖယ်ရာ၏ မြန်မာ့ပညာ ရေးရည်မှန်းချက် အစီရင်ခံစာအရ ၁၈၆၇-၆၈ တွင် ပညာရေးကျောင်းများကို စာရင်းပြုစုခဲ့ ကြသည်။ ပညာရေးဌာနစတင်ဖွင့်လှစ်ခဲ့ပြီး ပညာမင်းကြီးတစ်ဦး  ရှိလာခဲ့သည်။  ပညာ မင်းကြီးရုံးမှပေးပို့သော ကျောင်းသုံးပြဋ္ဌာန်းချက်စာအုပ်များကို    ဖြန့်ချိသင်ကြားစေခဲ့ သည်။  အစိုးရကပေးပို့သည့်   ကျောင်းသုံး စာအုပ်များကို ဘုန်းတော်ကြီးသင် ပညာရေး (မင်းကျောင်း) များတွင် လက်ခံသင်ကြားသည့် ကျောင်းသားအရေအတွက် နည်းပါးသဖြင့် ၁၈၇၀ ပြည့်နှစ်တွင် ဤစနစ်ကို ဖျက်သိမ်းပစ် ခဲ့သည်။

ဤအချိန်တွင်  အစိုးရထံ  မှတ်ပုံတင် ထားသော  ဘုန်းတော်ကြီးကျောင်းများ၏ အရေအတွက်မှာ နည်းပါးလာပြီး လူကျောင်း များ၏   အရေအတွက်မှာ   သိသိသာသာ တိုးတက်လာခဲ့သည်။   ၁၉၁၀  ပြည့်နှစ် နောက်ပိုင်းတွင်    ဘုန်းတော်ကြီးကျောင်း အချို့နှင့် လူကျောင်းများမှာ ပညာမင်းကြီးရုံးမှ သတ်မှတ်ပေးသော နည်းစနစ်များနှင့် သင်ရိုး ညွှန်းတမ်းများအတိုင်း လိုက်နာသင်ကြားကြ သည့် အစိုးရအသိအမှတ်ပြု တိုင်းရင်းသား ဘာသာသင်ကျောင်းများ ဖြစ်လာကြသည်။ တိုင်းရင်းသားဘာသာသင်   ကျောင်းများ၏ ပညာရေးမှာ    ပြည်သူအများစုပညာရေး၊ ကျေးလက်ပညာရေး၊ မူလတန်းပညာရေးပင် ဖြစ်၍    အင်္ဂလိပ်- မြန်မာ    နှစ်ဘာသာ သင်ကျောင်းများ၏ ပညာရေးမှာ မူလတန်း လွန်  ပညာရေး၊ မြို့ပြဒေသ ပညာရေးပင် ဖြစ်လာခဲ့သည်။

အသက်မွေးဝမ်းကျောင်းမှု   ပညာရေး ကျောင်းများလည်း စတင်ဖွင့်လှစ်ခဲ့ရာတွင် ၁၉၀၇ ခုနှစ်တွင် ဆေးကျောင်း (၁)​ကျောင်း၊ ၁၈၉၉ ခုနှစ်တွင် သာယာဝတီ၌ သစ်တော ပညာအတတ်သင်ကျောင်း (၁)  ကျောင်း၊ ၁၈၈၄-၁၉၀၇ ခုနှစ်အတွင်း  မြေတိုင်းကျောင်း (၁၈)ကျောင်း၊ ၁၈၉၅ တွင် အင်းစိန်အစိုးရ စက်မှုလက်မှုသင်တန်းကျောင်း(၁)ကျောင်း၊ ၁၉၁၁-၁၂ ခုနှစ်တွင် အမရပူရမြို့၌ ဆောင်းဒါး ရက်ကန်း ကျောင်း(၁) ကျောင်း၊ ၁၈၈၅-၁၉၁၂  ခုနှစ်အတွင်း ဆရာအတတ်သင်အစိုးရ နော်မံ ကျောင်း(၁၂) ကျောင်းဖွင့်လှစ်သင်ကြားလာ ကြသည်။

အမေရိကန်သာသနာပြုအဖွဲ့သည် ၁၈၇၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ‘ကူရှင်အထက်တန်း ကျောင်း’ ဟု အမည်တွင်လာမည့်  ‘ရန်ကုန် ဘက်ပတစ်ကောလိပ်’ ကျောင်းကို      တည် ထောင်ခဲ့သည်။    ၁၈၉၄ ခုနှစ်     မေလ၌ ကာလကတ္တားတက္ကသိုလ်၏     ဥပစာတန်း စာမေးပွဲအတွက်    ကောလိပ်ဌာန    စတင် ဖွင့်လှစ်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင်  အမေရိ ကန်သာသနာပြုဆရာကြီး ဂျပ်ဆင်(Judson)ကို ဂုဏ်ပြုသောအားဖြင့် ဂျပ်ဆင်ကောလိပ် ဟု အမည်ပြောင်းလဲခဲ့ကြသည်။

ကောလိပ်ပညာ ရေးစတင်

၁၈၇၈ ခုနှစ်တွင် ရန်ကုန်အစိုးရအထက် တန်းကျောင်းကို အခြေခံ၍ ကောလိပ်ပညာ ရေးစတင်ခဲ့ပြီး ကာလကတ္တားတက္ကသိုလ်က ကျင်းပသည့်   ဥပစာတန်းစာမေးပွဲဝင်မည့် ကျောင်းသားများကို သင်ကြားပေးရန် ဆရာ များစတင်ခန့်ထားခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံပညာရေးဆင်ဒီကိတ်၏ ကြီးကြပ် မှုအောက်ထားရှိခဲ့ပြီး ဘီအေဒီဂရီကောလိပ် အဖြစ်  ကာလကတ္တားတက္ကသိုလ်မှ  အသိ အမှတ်ပြုခဲ့ချိန်မှ စတင်၍ ‘ရန်ကုန်ကောလိပ်’ ဟူ၍ တရားဝင်ဖြစ်လာခဲ့သည်။ ၁၉၀၅ ခုနှစ် တွင်    ရန်ကုန်ကောလိပ်သည်   အစိုးရ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်သို့  ရောက်ရှိ ခဲ့သည်။

မြန်မာနိုင်ငံပညာရေး ဆင်ဒီကိတ်သည် တက္ကသိုလ်တည်ထောင်ရေးအတွက် တင်ပြ လွှာတစ်စောင်   ရေးဆွဲပြုစုပြီး    အိန္ဒိယ တက္ကသိုလ်များကော်မရှင်သို့ တင်ပြခဲ့သည်။  ၁၉၁၀ ပြည့်နှစ်တွင် အိန္ဒိယ တက္ကသိုလ်စနစ် နှင့် ဗြိတိသျှကောလိပ်များ ပေါင်းစည်းပါဝင် သည့်  တက္ကသိုလ်စနစ်ဖြင့်  မူကြမ်းတစ်ခု ရေးဆွဲကာ ပညာရေးဆင်ဒီကိတ်သို့ တင်ပြခဲ့ သည်။ ၁၉၁၁ ခုနှစ်တွင်  အဆိုပါမူကြမ်းကို ဆင်ဒီကိတ်ကလက်ခံပြီး မြန်မာနိုင်ငံအစိုးရထံတင်သွင်းခဲ့သည်။ ၁၉၁၇ ခုနှစ် ဇန်နဝါရီလ တွင် ဒေလီမြို့၌ကျင်းပသော ပညာမင်းကြီး များ  ကွန်ဖရင့်တွင် တက္ကသိုလ်သစ်များအဖြစ် ထူထောင်မည့် ပတ္တနား၊ ဒက္ကားနှင့် ရန်ကုန် တက္ကသိုလ်တို့၏  ဖွဲ့စည်းပုံများကို အဓိက ဆွေးနွေးခဲ့ကြသည်။   ၁၉၁၈   ခုနှစ်တွင် တက္ကသိုလ်သင်ရိုးကိစ္စများအတွက် မြန်မာ နိုင်ငံ    တက္ကသိုလ်ကော်မတီကို   ဖွဲ့စည်းခဲ့ သည်။ ကာလကတ္တားတက္ကသိုလ်ကော်မရှင်၏ အစီရင်ခံစာကိုလေ့လာ၍ ပြင်ဆင်ရေးဆွဲထား သော ရန်ကုန်တက္ကသိုလ် ဥပဒေမူကြမ်းကို ၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၂ ရက်နေ့တွင် အစိုးရအိမ်တော်၌   ကျင်းပသော  ဥပဒေ လွှတ်တော်အစည်းအဝေးတွင်      Select Committee   ဖွဲ့စည်းပြီး   ဥပဒေကြမ်းကို ဆွေးနွေးကြသည်။

တက္ကသိုလ်ဥပဒေကြမ်း  ပေါ်ထွက်လာ သည်နှင့် ဥပဒေပြုလွှတ်တော်အတွင်း၊ အပြင် ကပါ ကန့်ကွက်မှုများ ပြုလုပ်လာကြသည်။ ၁၈-၇-၁၉၂၀ ရက်နေ့တွင် မြန်မာနိုင်ငံပြုပြင် ရေးအသင်းကြီး(Burma Reform League) လည်းကောင်း၊ ၃၀-၇-၁၉၂၀  ရက်နေ့တွင် YMBA  အထွေထွေကောင်စီက  ကြီးမှူး၍ ဂျူဗလီဟော၌   လည်းကောင်း၊   ရန်ကုန် တက္ကသိုလ် ဥပဒေကြမ်းကို ကန့်ကွက်ခဲ့ကြ သည်။ ရန်ကုန်တက္ကသိုလ်ဥပဒေကို  ၁၉၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ပညာ မင်းကြီး       မတ်ဟန်းတားက    တင်သွင်းပြီး ဥပဒေပြုကောင်စီ    အတည်ပြုကောင်စီက  အတည်ပြုခဲ့သည်။

ရန်ကုန်တက္ကသိုလ်ဥပဒေကို မကျေနပ် ၍ဆန့်ကျင်ဆန္ဒပြကြသော ကျောင်းသားများ ၏ တောင်းဆိုချက်ကိုပြေလည်အောင် ဖြေရှင်း မပေးဘဲ ရန်ကုန်တက္ကသိုလ်ဥပဒေကို ပြဋ္ဌာန်း ခဲ့သဖြင့် ၁၉၂၀ တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော ဂျီစီဘီအေအသင်းကြီးနှင့်  သပိတ်မှောက် ကျောင်းသားများ   ပူးပေါင်းကြိုးပမ်းမှုဖြင့် အမျိုးသားကျောင်းများနှင့်    အမျိုးသား ကောလိပ်ပေါ်ပေါက်လာခဲ့သည်။

ရန်ကုန်တက္ကသိုလ်ဥပဒေကို  အတည် ပြုပြဋ္ဌာန်းပြီးနောက်    ရန်ကုန်တက္ကသိုလ် ဥပဒေအရ  ရန်ကုန်ကောလိပ်နှင့်  ဂျပ်ဆင် ကောလိပ်တို့ကို    ပေါင်းစည်း၍   ရန်ကုန် တက္ကသိုလ်ကို  ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ယနေ့ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းလျားကန် ၏  အနောက်တောင်ဘက်၊  ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်တွင် တည်ရှိ ပါသည်။   ရန်ကုန်တက္ကသိုလ်၏  ပထမဆုံး အဓိပတိမှာ ဆာဟာကုတ်ဘတ္တလာဖြစ်သည်။ မြန်မာနိုင်ငံသားများထဲမှ ရန်ကုန်တက္ကသိုလ် ၏ ပထမဆုံးကျောင်းအုပ်ကြီးနှင့် အုပ်ချုပ်ရေး အဖွဲ့၊  ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်ခဲ့သူမှာ ဆရာကြီး ဦးဖေမောင်တင် ဖြစ်သည်။

ယနေ့   ရန်ကုန်တက္ကသိုလ်ရှိ    ဘွဲ့နှင်း သဘင်အဆောက်အအုံ၊ စာသင်ဆောင်နှင့် ကျောင်းဆောင်များကို မြန်မာပြည်သူလူထု ၏  ထည့်ဝင်ငွေများဖြင် ၁၉၂၇ ခုနှစ်တွင် စတင်    ဆောက်လုပ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်၏    ပထမဆုံးဘွဲ့နှင်း သဘင်ကို ၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၂၈  ရက် နေ့တွင် ဂျူဗလီဟောခန်းမ၌  ကျင်းပခဲ့ သည်။  ရန်ကုန်တက္ကသိုလ်၏  ပထမဆုံး  ဘွဲ့နှင်းသဘင်၌ ဗြိတိသျှအစိုးရက ဆက်ကပ်လှူဒါန်းသော   စာပေပါရဂူဘွဲ့ (ဒီလစ်)ကို   ကျေးဇူးရှင်   လယ်တီဆရာ တော်ဘုရားကြီးအား ဆက်ကပ် လှူဒါန်းခဲ့ ပါသည်။    ရန်ကုန် တက္ကသိုလ်မှ ပထမဆုံး   စာပေပါရဂူဘွဲ့  (ဒီလစ်ဘွဲ့)ကို ဆက်ကပ် လှူဒါန်းမှုခံယူရရှိ တော်မူသော၊  သီလဂုဏ်၊  သမာဓိဂုဏ်၊ ပညာဂုဏ်တို့နှင့် ပြည့်စုံတော် မူသော  ကျေးဇူးရှင်  လယ်တီဆရာတော် ဘုရားကြီး၏ ဂုဏ်ကျေးဇူးတရားများကို မမေ့မပျောက်  အစဉ်ထာဝရ   အမှတ်ရ ကြည်ညိုနိုင်ကြစေ ရန် ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရား ကြီး၏  ဘဝ၊   စာပေနှင့် သာသနာပြုတော်မူခဲ့ပုံ    အကြောင်းကို         ဖော်ပြလိုက်ပါသည်။

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်း

လယ်တီဆရာတော်    လောင်းလျာကို ယနေ့ခေတ် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးရွာ၌  အဖ ဦးထွန်းသာ/အမိ  ဒေါ်ကြုံးတို့မှ    မြန်မာ သက္ကရာဇ် ၁၂၀၈-ခုနှစ်၊ နတ်တော်လဆန်း (၁၃) ရက်၊ အင်္ဂါနေ့၊ (ခရစ်သက္ကရာဇ် ၁၈၄၆) တွင်   ဖွားမြင်တော်မူခဲ့သည်။    မွေးချင်း  မောင်နှမ များမှာ-

၁။ အကြီးဆုံးသား (ငယ်စဉ်မှာကွယ်လွန်)

၂။ မောင်တက်ခေါင်(လယ်တီဆရာတော်)

၃။ မောင်တက်စွာ(ငယ်စဉ်မှာကွယ်လွန်)

၄။ မောင်တက်ပွား (ပထမပြန်ဦးကုမာရ)

၅။ မောင်တက်ထွား (ဦးကိတ္တိ)

တို့ဖြစ်ကြပြီး လယ်တီဆရာတော် လောင်းလျာမှာ ဒုတိယမြောက်သားဖြစ် သည်။ ငယ်မည်မှာ မောင်တက်ခေါင်ဖြစ် သည်။ မောင်တက်ခေါင်အသက်အရွယ် (၁၀) နှစ်အရွယ်သို့    ရောက်သောအခါ စိုင်ပြင်ရွာဆရာတော် ဦးနန္ဒကျောင်းတွင် အပ်နှံ၍ စာပေသင်ကြားစေသည်။

ရှင်ရဟန်းပြုခြင်း

အသက် ၁၅ နှစ်အရွယ် ရောက်သော အခါ စိုင်ပြင်ကြီးရွာမကျောင်းဆရာတော် ဦးနန္ဒအား ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့်  ရှင်သာမဏေပြုခဲ့သည်။ ရှင်သာမဏေ    ဘွဲ့အမည်မှာ    ဉာဏဓဇ ဖြစ်သည်။ အသက် ၂၀ အရွယ်သို့ရောက် သောအခါ   မြန်မာသက္ကရာဇ်    ၁၂၂၈ ခုနှစ် (ခရစ်သက္ကရာဇ် ၁၈၆၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့)တွင် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီး ရွာ၊   မြင်တင်ကျောင်းတိုက်၊  သာသနဝမိ၊  သာသနဝေပုလ္လ၊   သာသနသောဘိဏီ သိမ်တော်ကြီး၌   ဆရာတော်ဦးနန္ဒအား ဥပဇ္ဈာယ်ပြု၍     မြင့်မြတ်သော   ရဟန်း အဖြစ်သို့    ရောက်ရှိခဲ့သည်။    ရဟန်းဘွဲ့ အမည်မှာလည်း ဉာဏဓဇပင်ဖြစ်သည်။

စာပေ၊ ပရိယတ္တိပညာသင်ကြားခြင်း

ငယ်ရွယ်စဉ် စိုင်ပြင်ကြီးရွာ၊ ကျောင်းမ တိုက်သို့ ရောက်ရှိစဉ်အခါကပင်ဆရာတော် ထံမှ မြန်မာစာပေ၊ ပါဠိစာပေအခြေခံတို့ကို သင်ကြားခဲ့ရပြီး၊ လောကနီတိ၊ ဓမ္မနီတိ၊ ပရိတ်ကြီး(၁၁)သုတ် စသည်တို့ကို နှုတ်တက် အာဂုံဆောင်နိုင်ခဲ့သည်။ အသက် ၁၈ နှစ်အရွယ် သာမဏေဘဝ၌ စိုင်ပြင်ကြီး ရွာအနီး၊ ရဲထွက် ရွာကျောင်းနေဝေဒပါရဂူဆရာတော်ဦးဂန္ဓမာထံမှ ဗေဒင်ပညာရပ် များကို သင်ကြားတတ်မြောက်ခဲ့သည်။ ယင်းအချိန်တွင်   ပါဠိဘာသာ၊   မြန်မာ ဘာသာတို့ဖြင့် ကဗျာများစပ်ဆိုခြင်း၊ ရှင်ပြု ရဟန်းခံဆိုင်ရာ ရတု(သျှိုးလိုက်ရတု)၊ ဇာတကဝတ္ထုများ၊   ပါဠိမြန်မာသဒ္ဒါတို့နှင့် စပ်ဆိုင်သော လင်္ကာတို့ကို   စပ်ဆို သီကုံးခဲ့သည်။

စိုင်ပြင်နှစ်ရွာ  ဘုန်းတော်ကြီးကျောင်း များရှိ စာတိုက်သေတ္တာကြီးများတွင် သိုမှီးထားသော စာအုပ်စာပေအားလုံးကို လည်း လေ့လာဖတ်ရှုခဲ့လေသည်။  ၁၂၃၁ ခုနှစ် တွင်   မင်းတုန်းမင်းကြီးအားဖြင့် ယခင် စံနန်းတော်ကြီးကို မန္တလေးရတနာပုံ မြို့သစ်ကြီး၌ ဘုန်းတော်ကြီးကျောင်းအဖြစ် ပြန်လည် ဆောက်လုပ်လှူဒါန်းတော်မူခဲ့သော ‘မဟာဇောတိကာရာမ စံကျောင်းတိုက်ကြီး’ ၏  ကျောင်းထိုင်ဆရာတော်  ‘သုဒဿ နဝရ    မဟာဓမ္မ  သာမိရာဇာဓိရာဇဂုရု’ ဘွဲ့တံဆိပ် တော်နှင့် ‘သုဒဿနဓဇအတုလ ဓိပတိသီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု’    ဘွဲ့တံဆိပ်တော် နှစ်မျိုးရ   ဆရာတော်ထံ၌   လည်းကောင်း၊ စံကျောင်းတိုက်၌      သီတင်းသုံးနေထိုင်စဉ် ကာလအတွင်း    မကုဋာရာမ    ဆရာတော်၊ စလင်းဆရာတော် ဦးပဏ္ဍိတနှင့် မန္တလေးမြို့ရှိအခြားစာပေတတ်ကျွမ်းသည့် ဆရာတော် ကြီးများထံမှလည်းကောင်း၊ ပိဋကတ်သုံး ပုံနှင့် တကွ   အဋ္ဌကထာ၊    ဋီကာတို့ကို   ပြည့်ပြည့် စုံစုံ  လေ့လာဆည်းပူးခဲ့သည်။ တစ်ဖက်မှလည်း စံကျောင်းတိုက်ရှိစာသင်သားသံဃာ(၂၀၀၀)ကျော်အား ပိဋကတ်သုံးပုံနှင့်ပါဠိစာပေတို့ကို ပို့ချပေးတော်မူခဲ့သည်။    ဥပုသ်နေ့တိုင်း  ဆရာ တော်လောင်းလျာသည်      ယောမင်းကြီး ဦးဘိုးလှိုင်ထံ အလည်အပတ်ကြွတော်မူပြီး   လောကီ၊  လောကုတ္တရာဆိုင်ရာ စစ်မှန်သော သဘော၊  သဘာဝတို့ကို   ထိုပုဂ္ဂိုလ်ကြီးနှင့် အချိန်များစွာယူ၍    လေ့လာဆွေးနွေးခဲ့သည်။

ဤသို့ဖြင့် လယ်တီဆရာတော် လောင်းလျာသည် စံကျောင်းတော်တိုက်ကြီး တွင် စာသင်သားဘဝဖြင့် (၉)နှစ်၊ စာချဘဝဖြင့် (၇)နှစ် ပေါင်း (၁၆) နှစ်ကြာ သီတင်းသုံးနေသမျှ ကာလပတ်လုံး     ဘိက္ခု  သံဃာဝတ်ကို ဆောင်ရွက်ခြင်းဖြင့် မိမိဘဝကို မြှုပ်နှံထား တော်မူခဲ့လေသည်။

လယ်တီဆရာတော်အဖြစ်  ရောက်ရှိခြင်း

မြန်မာသက္ကရာဇ် ၁၂၄၀ ပြည့်နှစ်တွင် မင်းတုန်းမင်းတရားကြီး နတ်ရွာစံလွန်တော် မူ၍ သားတော် သီပေါ မင်းသား ဘုရင်ဖြစ်လာခဲ့ သည်။ သီပေါမင်း၏ နန်းသက်လေးနှစ်မြောက်၊ ၁၂၄၄    ခုနှစ်တွင်    မန္တလေးတစ်မြို့လုံး မီးလောင်၍ စံကျောင်းတိုက်နှင့် နန်းတော်၏ အစိတ်အပိုင်းများ မီးလောင်ပျက်စီးခဲ့ရသည်။ ထိုမီးကြီးလောင်ရာတွင် လယ်တီဆရာတော် လောင်းလျာ၏ ကိုယ်ပိုင်စာအုပ်များ၊ မှတ်စု များ၊ အညွှန်းပြုစာအုပ်များ၊ ကိုးကားချက် စာအုပ်များ  ဆုံးရှုံးခဲ့ရသည်။  မီးကြီးလောင် ကျွမ်းပြီးနောက် လယ်တီဆရာတော် လောင်း လျာသည် မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် စံကျောင်းဆရာတော်အား  ဖူးမြော်ကန်တော့ ပြီး သလ္လာဝတီမည်သော ချင်းတွင်းမြစ် အရှေ့ ဘက်ကမ်းထိပ်ဝယ်    သာယာပြန့်ပြူးလှစွာ သည့် ဆိပ်ကမ်း၊ ဈေးနာများစွာသော  လူမျိုး၊ စေတီပုထိုးတို့ဖြင့်  တင့်တယ်စွာ တန်ဆာဆင် အပ်သော  မုံရွာမြို့သို့ပြောင်းရွှေ့၍   သီတင်း သုံးနေတော်မူလေသည်။

မုံရွာမြို့သို့ရောက်သော် ရွှေစည်းခုံဘုရား အနီး၊ ရွှေစည်းခုံကျောင်းတွင် အချိန်ကာလ အနည်းငယ်ကြာ          သီတင်းသုံးခဲ့သည်။ ထို့နောက်   ဖွားရာဇာတိစိုင်ပြင်ကြီးရွာသို့ ပြန်ကြွတော်မူသည်။   ၁၂၄၅   ခုနှစ်တွင် ဆရာတော်လောင်းလျာသည် မုံရွာမြို့အနီးရှိ လောကမာရဇိန်ဘုရား (ဒေါနခြံတောင်ကုန်း ဘုရား)အနီး ဝါးကျောင်းငယ်တွင် ဝါဆိုတော်မူ သည်။ ၁၂၄၆ မှ ၁၂၄၈ ခုနှစ်အထိ ဝါဝင်အခါများ တွင် မုံရွာမြို့မှ ကုန်သည်ကြီးသင်္ဂြိုဟ်  ဦးဝိုင်း လှူဒါန်းသည့် ဦးဝိုင်းကျောင်း(ညောင်တပင် လှေကူးရပ်)တွင် သီတင်းသုံးခဲ့သည်။  ၁၂၄၈ ခုနှစ်၊ ဝါကျွတ်ချိန်ခါ၌ မုံရွာမြို့၏ အရှေ့မြောက် ဘက် ကုလလေးတာ၊ အပြန်ငါးရာ အကွာရှိ လယ်တီအမည်ရှိသော တောအရပ်သို့ ကြွတော် မူ၍ တောအုပ်ကိုရှင်းလင်းတီထွင်၍ တိုက်တာ အရန်ကျောင်းကန်များ တည်ဆောက်တော်မူ ပြီးလျှင် တပည့်သံဃာတော်များနှင့် သီတင်း သုံး နေထိုင်တော်မူလေသည်။

၁၂၅၀ ပြည့်နှစ် တွင်    သိမ်တစ်ခုကိုလည်း    သမုတ်တော်မူခဲ့သည်။    ဤသို့      သီတင်းသုံး နေတော်မူရာ          ကျောင်းတိုက်ကြီးသည် ရှေးဟောင်းလယ်တီ မည်သော တောအမည်ကို  အစွဲပြု၍ လယ်တီတိုက်ဟု ထင်ရှားလာသည်။     လယ်တီဆရာတော်    လောင်းလျာသည်လည်း    လယ်တီဆရာတော်ဟူ၍ပင်      အမည်တွင်ခဲ့ လေသည်။

သာသနာပြုတော်မူခြင်း

လယ်တီဆရာတော်ကြီးသည် သက်တော် (၄၀)၊ မြန်မာသက္ကရာဇ် ၁၂၄၈၊ ၁၈၈၆ ခုနှစ်တွင် လယ်တီကျောင်းတိုက်နှင့် လယ်တီနိကာယကို တည်ထောင်ခဲ့သည်။ လယ်တီကျောင်းတိုက် တည်ထောင်ချိန်မှ ၁၂၅၇ ခုနှစ်အထိ နှစ်ပေါင်း ၁၂ နှစ်ကြာသည့်တိုင် နေရာအနှံ့မှ ကြွလာ ကြသော တပည့်ရဟန်းများအား ပရိယတ္တိ ပိဋကတ်စာပေများကို သင်ကြားပေး တော်မူ သည်။ အခါအားလျော်စွာ တိုင်းပြည်အနှံ့ ခရီး ဆန့်၍ လူ့အဖွဲ့အစည်းအလွှာ အသီးသီးတို့အား ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းခြင်းနှင့်  တရားဓမ္မ တို့ကို  ဟောကြားပြသတော်မူသည်။ မုံရွာ၊ မန္တလေး၊ မြင်းခြံ၊ စစ်ကိုင်း၊ ပျဉ်းမနား၊ တောင်ငူ၊ ရန်ကုန်၊   မော်လမြိုင်၊   ဟင်္သာတ၊  ပုသိမ်၊ ကျိုက်ထို စသောမြို့ကြီးများတွင် ပရိယတ္တိ စာသင်တိုက်များ၊ ကမ္မဋ္ဌာန်းကျောင်းတိုက်များ ကို တည်ထောင်တော်မူသည်။

၁၂၇၅ ခုနှစ်တွင် မန္တလေးမြို့၌  ကမ္ဘာ့ ဗုဒ္ဓသာသနာပြုအဖွဲ့ကြီးကို တည်ထောင်သည်။ ထို့နောက် မြန်မာပြည်အနှံ့ မြို့ကြီးများတွင် အသင်းခွဲ(၂၄)သင်း စည်းရုံးဖွဲ့စည်းခဲ့သည်။ ဤအသင်းကြီးသည် အင်္ဂလန်ပြည်  ပါဠိစာပေ အသင်းနှင့် အနီးကပ်ဆက်သွယ်ဆောင်ရွက် သည်။   ပေးပို့လိုက်သော   မေးခွန်းများကို ဖြေကြားခြင်းနှင့် ထိုအဖြေများအပါအဝင် ဒီပနီ၊ ဋီကာများကို လန်ဒန်ပါဠိစာပေအသင်းအတွက် အင်္ဂလိပ်ဘာသာပြန်ဆိုပေးခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ပေးသည်။ ထို့အပြင် ဤအသင်း ကြီးက  လယ်တီတရားသတင်းစာကိုလည်း ထုတ်ဝေဖြန့်ချိခဲ့သေးသည်။

သံခိပ်အသင်းများ၊ အဘိဓမ္မာအသင်းများ၊ ဝိပဿနာအသင်းများ၊ ပဋိစ္စသမုပ္ပါဒ် အသင်း များ၊ နွားသား  ရှောင်ကြဉ်ရေးအသင်းများ၊ ပါဠိဘာသာပြန်အသင်းနှင့် ကမ္ဘာ့ဗုဒ္ဓသာသနာ ပြုအသင်း  စသည်တို့ကို   မြန်မာပြည်မြို့ရွာ အနှံ့    စည်းရုံးဖွဲ့စည်းခဲ့သည်။   လယ်တီဆရာ တော်၏     ကမ္မဋ္ဌာန်းဘာဝနာပွားများခြင်း ဆိုင်ရာ နည်းနိဿရည်းများကို ပြန့်ပွားအောင် ဆောင်ရွက်ရာတွင် ဩဇာအသက်ရောက်ဆုံး ပုဂ္ဂိုလ်များတွင် အနာဂါမ် ဆရာသက်ကြီးနှင့် ဆရာသက်ကြီး၏ အစဉ်အလာနည်းနာအတိုင်း လိုက်နာကျင့်သုံးသော ရန်ကုန်မြို့အပြည်ပြည် ဆိုင်ရာ ကမ္မဋ္ဌာန်းရိပ်သာ၊ လယ်တီမူကမ္မဋ္ဌာန်း ရိပ်သာနှင့် မန္တလေး မြို့ မဟာဗောဓိကမ္မဋ္ဌာန်း ရိပ်သာများကို  တည်ထောင်သူ  ဆရာကြီး ဦးဘခင်တို့မှာ ထင်ရှားသည်။ ကဗျာ လင်္ကာစီ ကုံးနည်းသံခိပ်၊ ကောင်းကင်ဘုံဆိုင်ရာပုစ္ဆာ အဖြေကျမ်း၊ နွားမေတ္တာစာများ၊  သံဝေဂ ကဗျာများ၊ ဓမ္မဒီပနီ အပါအဝင် ဒီပနီပေါင်း များစွာနှင့် စာပေကျမ်းဂန်များ ရေးသားပြုစု ခဲ့သည်။

ဘွဲ့ထူး၊ ဂုဏ်ထူးများ ဆက်ကပ်လှူဒါန်း မှုကို ခံယူရရှိခြင်း

သာသနာပြုလုပ်ငန်းများကို မနေမနား စွမ်းစွမ်းတမံ   ဆောင်ရွက်ခဲ့ခြင်းကြောင့် ၁၂၇၃-ခုနှစ်  (၁၉၁၂ ခုနှစ်)တွင်  ဗြိတိသျှ အစိုးရက ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော်ကို     ပထမဦးဆုံး  ခံယူရရှိတော်မူသည်။  လူထုအကျိုးပြု စာပေ ကျမ်းဂန်အမြောက်အမြား   ရေးသားပြုစုခဲ့ ခြင်းကြောင့် မြန်မာသက္ကရာဇ် ၁၂၈၃- ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်   ၁၄   ရက် (၁၉၂၁ ခုနှစ်  နိုဝင်ဘာလ ၂၈ ရက်)   နေ့တွင် ရန်ကုန်မြို့၊  ဂျူဗလီဟောခန်းမ၌  ကျင်းပ ပြုလုပ်သော ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး အကြိမ် ဘွဲ့နှင်းသဘင်တွင် ဗြိတိသျှအစိုးရ ဆက်ကပ်လှူဒါန်းသော စာပေပါရဂူ(ဒီလစ်)ဘွဲ့ကိုလည်း   မြန်မာနိုင်ငံ၌   ပထမဦးဆုံး ခံယူ   ရရှိတော်မူခဲ့ပါသည်။

ပျံလွန်တော်မူခြင်း

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရား ကြီးသည် ပရိယတ္တိစာပေပို့ချခြင်း၊ ကမ္မဋ္ဌာန်း ဝိပဿနာတရားတော် ဟောကြားပြသခြင်း၊ စာပေကျမ်းဂန်များရေးသားပြုစု၍ သာသနာ ပြုတော်မူရင်း မြန်မာ သက္ကရာဇ် ၁၂၈၅-ခုနှစ်၊ ဝါဆိုလပြည့်နေ့(ခရစ်နှစ်-၁၉၂၃)၊ သက်တော် (၇၇) နှစ်၊      သိက္ခာတော်(၅၇)ဝါအရတွင်  စုတိကမ္မဇရုပ်ချုပ်ငြိမ်းတော်မူခဲ့လေသည်။

(ဤဆောင်းပါးဖြင့်   ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်၊ ရာပြည့်သဘင်ပွဲတော်ကို ဂုဏ်ပြုလိုက်ရပါသည်။)

ရည်ညွှန်းစာအုပ်များ

 ၁။  ကျောက်အုတ်တို့     ပြိုလေရာ၊ ကျော်ဝင်း/ ၂၀၁၉

 ၂။  လယ်တီဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိ၊ အရှင်ဉာဏိဿရ

 သီတဂူဆရာတော်/ ၁၉၉၆

 ၃။  စာဆိုတော်များအတ္ထုပ္ပတိ၊ ဗိုလ်မှူး ဘသောင်း/၂၀၀၂

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

-----------------------------

- အမည် - ဦးမြင့်မော်

- မိဘအမည် - ဦးအောင်သိန်း-

 ဒေါ်သန်းအေး

- မွေးသက္ကရာဇ် - ၂၄-၄-၁၉၆၉

- ဇာတိ - ဒေါနခြံရပ်ကွက်၊ မုံရွာမြို့

- ပညာအရည်အချင်း - မဟာဝိဇ္ဇာ (အရှေ့တိုင်းပညာ)    (မန္တလေး တက္ကသိုလ်-၁၉၉၈)

- လက်ရှိအလုပ်အကိုင် - ဂန့်ဂေါခရိုင် သာသနာရေးမှူး   (လက်ထောက် ညွှန်ကြားရေးမှူး)               ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့

- ထမ်းဆောင်ခဲ့သော တာဝန်များ - မန္တလေးတက္ကသိုလ်၊ နည်းပြ၊ အရှေ့ တိုင်းပညာဌာန၊        ၁၉၉၄-၁၉၉၇ ရန်ကုန်တက္ကသိုလ်(ပင်မ)၊ နည်းပြ၊

       အရှေ့တိုင်းပညာဌာန၊  ၁၉၉၇- 

 ၁၉၉၉

 - ပြုစုပြီးသော ကျမ်းစာအုပ်-(၉)အုပ်

 (ဘာသာ၊ ယဉ်ကျေးမှု၊    သမိုင်း ဆိုင်ရာ)