ထွက်လာတဲ့ ရလဒ်အပေါ် တရားရုံးတက် ကန့်ကွက်မှု ရှိလာနိုင်ခြင်း

29-Sep-2020

ဒီလို လာမယ့် ၂၀၂၀ အမေရိကန် အထွေထွေရွေးကောက်ပွဲမှာ ရှိလာနိုင်တဲ့ တစ်မူထူးခြားမှုတွေကြောင့် ပြတ်ပြတ်သားသား အနိုင်ရသူ ထွက်မလာမျိုး ဖြစ်နိုင်ခြေနဲ့အတူ နောက်ဆုံး ထွက်လာတဲ့ ရလဒ်အပေါ် တရားရုံးတက် ကန့်ကွက်မှုတွေလည်း ရှိလာနိုင်ပါတယ်။

ဒီရွေးကောက်ပွဲ မစခင်မှာကိုပဲ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရုံးတင်စွဲဆိုမှု ၁၉၀ ကျော် ရှိထားပြီး ဖြစ်ရာမှာ စာတိုက်မဲ မှန် မမှန် သတ်မှတ်ဖို့ အထောက်အထားနဲ့ ပတ်သက်တဲ့ အမှုက စလို့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ပြည်နယ်အတွင်း သမ္မတလောင်း မဲပေးရွေးချယ်မှု ပုံစံပြောင်းရတာကို တရားဝင် မဝင် တရားစွဲမှုတွေအထိ ပါဝင်ပါတယ်။

ရွေးကောက်ပွဲနေ့အပြီး နောက်ပိုင်း ဖြစ်ပေါ်လာနိုင်တဲ့ တရားရုံးတက် ကန့်ကွက်မှုတွေထဲမှာ နောက်ကျမဲနဲ့ ပတ်သက်တဲ့ အမှု၊ မဲရလဒ် ထုတ်ပြန်မှုနဲ့ ပတ်သက်တဲ့ အမှု အစရှိသဖြင့် အမျိုးမျိုးပါဝင်နိုင်ပြီး တကယ်တမ်း ဘယ်လို အမှုတွေ တက်လာနိုင်သလဲ ဆိုတာကတော့ ခန့်မှန်းရ ခက်ပါတယ်။

ဒီလို ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ နောက်ဆုံး လတ်တလော တရားရုံးချုပ်က ပါဝင်ဆုံးဖြတ်ပေးမှ အဖြေထွက်တဲ့ ရွေးကောက်ပွဲကတော့ ၂၀ဝ၀ ပြည့်နှစ် အမေရိကန် အထွေထွေ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

အဲဒီ ရွေးကောက်ပွဲမှာဆိုရင် ရွေးကောက်ပွဲည ခန့်မှန်းရလဒ်အရ ဒီမိုကရက်ဘက်က အယ်လ်ဂေါက ရှုံးနိမ့်ကြောင်း မိန့်ခွန်းပြောလိုက်ပြီးမှ နောက်ပိုင်းမှာ ပြန်လည် ရုတ်သိမ်းပြီး ဖလော်ရီဒါပြည်နယ်အတွင်း မဲရလဒ်ကို ပြန်လည်ရေတွက်စေဖို့ တရားရုံးတက် တောင်းဆိုခဲ့ပါတယ်။

အယ်လ်ဂေါက အရှုံးမိန့်ခွန်းကို ပြန်လည် ရုပ်သိမ်းရတဲ့ အကြောင်းရင်းကတော့ နောက်ပိုင်း ပြန်လည် ရေတွက်ရရှိတဲ့ ဖလော်ရီဒါပြည်နယ်အတွင်း သူရတဲ့မဲက အနိုင်ရတယ်လို့ ခန့်မှန်းကြေညာခံရတဲ့ ဂျော့ ဒဘလျူ ဘုရှ် ရတဲ့ မဲအရေအတွက်ထက် ၂၀ဝ၀ ပတ်ဝန်းကျင်လောက်ပဲ ကွာတဲ့အတွက် ဖြစ်ပါတယ်။

ဒီလို ကွာဟမှု ကျဉ်းမြောင်းတဲ့အတွက် ဖလော်ရီဒါ ပြည်နယ် တရားရုံးချုပ်ရဲ့ အမိန့်နဲ့ မဲတွေကို စက်နဲ့ ပြန်လည် ရေတွက်ခဲ့ပြီး ဒီလို ရေတွက်အပြီးမှာ ဘုရှ်က မဲ ၃၀ဝ ကျော်လောက်သာ အသာရနေတဲ့ ရလဒ် ထွက်လာခဲ့ပါတယ်။

ဒီလိုဖြစ်လာတာကြောင့် မဲတွေကို စက်နဲ့ မဟုတ်ဘဲ လူနဲ့ ပြန်လည်ရေတွက်ဖို့ အယ်လ်ဂေါ ဘက်က ဆက်လက် ရုံးတက်ခဲ့ပြီး ဖလော်ရီဒါပြည်နယ်အတွင်းက နယ် လေးနယ်မှာ အခုလို ပြန်လည် ရေတွက်ခဲ့ရပြန်ပါတယ်။

ဒါပေမဲ့ အခုလို ပြန်လည် ရေတွက်မှုနဲ့ ပတ်သက်တဲ့ နောက်ဆုံး သတ်မှတ်ရက်မီအောင် မပြီးစီးနိုင်မှု အပါအဝင် အဲဒီ ပြန်လည် ရေတွက်မှုရဲ့ တရားဝင်မှု ရှိမရှိ ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန် တရားရုံးချုပ်က ကြားဝင်ခဲ့ပြီး မူလရလဒ်ကိုပဲ ပြန်လည် အတည်ပြုခြင်းအားဖြင့် ဘုရှ်ကိုသာ အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ၂၀ဝ၀ ပြည့်နှစ် ရွေးကောက်ပွဲအတွင်းမှာ ပြည်ပက လှမ်းပေးတဲ့မဲနဲ့ ပတ်သက်လို့ ဘုရှ်ကို ပေးတဲ့မဲတွေ အချိန်မီ မရောက်ဘဲ ဒါမှမဟုတ် နောက်ဆုံးရက်စွဲ အချိန်မီ ပို့တယ်ဆိုတဲ့ တံဆိပ် မပါဘဲ လက်ခံခဲ့တယ် ဆိုတဲ့ အငြင်းပွားမှုတွေလည်း ရှိခဲ့တဲ့အတွက် စာတိုက်မဲများမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီထက် ရှုပ်ထွေးတဲ့ အငြင်းပွားဖွယ်ရာတွေပါ ဖြစ်လာနိုင်စရာ ရှိနေပါတယ်။