ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော မိန်းမလှကျွန်း ဘေးမဲ့တော ------

15-Sep-2023

(ပတ်ဝန်းကျင် ဆောင်းပါး)

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ရှိ သဘာဝဒီရေတောများထိန်းသိမ်းရာ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော(Meinmahla Kyun Wildlife Sanctuary)သည် ဒီရေတောများဖြင့်ဖုံးလွှမ်းနေသော ကျွန်းတစ်ခုဖြစ်ပြီး ဇီဝ

မျိုးစုံမျိုးကွဲများ(Biodiversity)လည်း ပေါကြွယ်ဝပါသည်။

အဆိုပါဘေးမဲ့တောအား ၁၉၁၅ ခုနှစ်တွင် မိန်းမလှကျွန်းထင်း ကြိုးဝိုင်းအဖြစ်စတင်ဖွဲ့စည်းခဲ့ကြောင်း၊၁၉၈၅ ခုနှစ်တွင် မိန်းမလှကျွန်း(တိုးချဲ့)ကြိုးဝိုင်းအဖြစ် ဖွဲ့စည်းခဲ့ကြောင်း၊၁၉၉၄ ခုနှစ်တွင် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဥ်အဖြစ် ဖွဲ့စည်းခဲ့ကြောင်း၊ ရမ်ဆာရေဝပ်ဒေသအဖြစ် ၂၀၁၇ ခုနှစ်တွင် သတ်မှတ်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှသိရသည်။

မိန်းမလှကျွန်း သစ်တောကြိုးဝိုင်းသည် ဒီရေတောအမျိုးအစားဖြစ်ပြီး ၅၂.၇၉ ဧရိယာ စတုရန်းမိုင် ကျယ်ဝန်းပြီး ဒီရေရောက်ဒေသများတွင် ပေါက်ရောက်ရှင်သန်နိုင်သည့် ဗျူး၊ ဗျူးခြေထောက်၊ လမု၊ လမဲ့၊ ကနစို၊ မဒမ စသည့် အပင်များ အများဆုံး ပေါက်ရောက်သည်။ မြန်မာနိုင်ငံရှိ ဒီရေတောများထဲတွင် အကြီးဆုံးဖြစ်သည်။

ဒီရေတောသစ်ပင် အမျိုးအစားပေါင်း ၂၉ မျိုးခန့်ပေါက်ရောက်လျက်ရှိပြီး ရှိပြီးသား သစ်တောကို ထိန်းသိမ်းခြင်းအပြင် ဒီရေတောအပင်များကိုလည်း စိုက်ပျိုးပြီး သစ်တောပြန်လည် ထူထောင်ခြင်းလည်း ဆောင်ရွက်လျက်ရှိသည်။ ဘေးမဲ့တောတွင် ဒရယ်၊ ဖျံ၊ လိပ်၊ တောဝက်၊ တောခွေး၊ မိကျောင်းများ အပါအဝင် တိရစ္ဆာန်အမျိုးပေါင်းများစွာ ဘေးမဲ့စောင့်ရှောက်ထားသည်။ ထူးခြားချက်မှာ ရှားပါးသည့် ငှက်မျိုးစိတ်များ ရှိသည့်အတွက် ငှက်ကြည့်ဝါသနာရှင်များ အလွန်ပင် စိတ်ဝင်စားသော နေရာတစ်ခုလည်း ဖြစ်ပေသည်။ ရေဝက်နှင့် ဧရာဝတီလင်းပိုင်များလည်း  လာရောက် ကျက်စားသည်ကို တွေ့ရှိရသည်။

သဘာဝတရားကြီးကို စူးစမ်းလေ့လာချင်သူများအတွက် မိန်းမလှကျွန်းဘေးမဲ့တောတွင် ငှက်မျိုးစိတ်များပျံ့နှံ့ကျက်စား မှု၊ရေချိုရေငန်စပ် မိကျောင်းများ၏အလေ့အထများနှင့် ဂေဟဗေဒ၊ရာသီဥတုပြောင်းလဲမှု၏ ဒီရေတောများအပေါ် အကျိုးသက်ရောက်မှု၊ ဒီရေတောမှရရှိသည့် သယံဇာတများမှဒေသခံပြည်သူများ၏ လူမှုစီးပွားရေးကို အထောက်အကူပြုမှု ၊ဒီရေတောဂေဟစနစ်ဝန်ဆောင်မှုများနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှု လျော့နည်းသက်သာခြင်းဆက်စပ်မှုများအား လေ့လာနိုင်ပါသည်။

မိန်းမလှကျွန်းဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ ၁၈ မျိုး၊ ငှက်မျိုးစိတ် ၁၉၀၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ ၃၈ မျိုး၊ ငါးမျိုးစိတ် ၁၁၀၊ ကဏန်းမျိုးစိတ် ၆မျိုး၊ ပုစွန်မျိုးစိတ် ၁၄ မျိုး၊လိပ်ပြာ ၃၅ မျိုး၊ ဒီရေတောသစ်မျိုး ၂၉ မျိုး၊ သစ်ခွ ၆ မျိုး ဘေးမဲ့တောအတွင်းတည်ရှိကြောင်း လေ့လာအပန်းဖြေစ ရာများအဖြစ် ဒီရေတောအတွင်း စက်လှေစီး၍ လေ့လာခြင်း၊ ဒေသခံများ၏ မိရိုးဖလာငါးဖမ်းနေမှု၊ ငှက်၊ဧရာဝတီလင်းပိုင်၊ ပင်လယ်လိပ်များ၏နေထိုင်ကျက်စားမှုများကို လေ့လာနိုင်မ ည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှသိရသည်။

ထိန်းသိမ်းဖို့လိုအပ်

မြန်မာနိုင်ငံတွင် ၁၉၂၄ ခုနှစ်၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းဒီရေတော ဧကပေါင်း ဟတ်တာ ၂၅၀၀၀ဝ ကျော်ရှိခဲ့ပြီး၊ ၂၀၀၂ ခုနှစ်တွင် ဟတ်တာ ၁၁၀၀၀ဝ ကျော်သာကျန်ရှိတော့ သောကြောင့် (၇၇) နှစ်အတွင်း ဒီရေတော ပြုန်းတီးမှုမှာ (၅၅) ရာခိုင်နှုန်းဖြစ်သည်ဟု တရားဝင်ထုတ်ပြန်သည့် စာရင်းများ အရ သိရပါသည်။ ဥတုရာသီ၊တောကိုမှီဆိုသော စကားသည် အစဉ်အမြဲ မှန်ကန်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းတို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွက် ဒီရေတောများ၏ အခန်းကဏ္ဍမှာ ပိုမိုအရေးပါလာနေပါပြီ။

ဒီရေတောများကို အမြန်ဆုံး ပြန်လည်ထူထောင်နိုင့်ဖို့လိုပါသည်။ ကျွန်ုပ်တို့၏ နောက်မျိုးဆက်များကို စိမ်းလန်းနေသော သစ်တောများနှင့်အတူ ဒီရေတောများကို ချစ်တတ်၊ ထိန်းသိမ်းတတ်သည့် စိတ်ဓာတ်များကို အမွေပေးကြရပါမည်။ ဧရာဝတီလင်းပိုင်များ အပါအဝင် ကမ္ဘာပေါ်ရှိ မျိုးတုန်းပျောက်ကွယ်နိုင်သည့်အန္တရာယ်နှင့် ကြုံတွေ့နေရသည့် သက်ရှိမျိုးစိတ်များသည် ကျွန်းကိုအမှီပြုပြီး ရှင်သန်နေကြရပါသည်။

မိန်းမလှကျွန်းပေါ်တွင် ဌာနဆိုင်ရာ ကင်းစခန်းများမှ လွဲ၍ မည်သူမျှ အခြေချနေထိုင်ခွင့် မရှိပါ။သို့သော် လက်ရှိတွင် ကျွန်းပေါ်ရှိချောင်းများတွင် ငါးခိုးဖမ်းမှုများရှိနေပြီး ကျွန်းပေါ်တွင်လည်း ထင်းခိုးခုတ်နေသည့် အနေအထားများလည်း ရှိနေဆဲပင် ဖြစ်သည်။ ဥပဒေကြောင်းအရ တင်းကျပ်ထားပြီး ဖမ်းဆီးအရေးယူမှုများ လုပ်နေသော်လည်းပဲ ဒေသခံလူထု၏ တကယ်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရရှိမှသာလျှင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းမှာ ရာနှုန်းပြည့်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

မသန်းလှ(ပညာရေး)

#အောင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း

#greenness

photo..internet