ချင်းတိုင်းရင်းသား ဇိုမီးလူမျိုးနွယ်စုတို့၏ရိုးရာ ခွာဒိုပွဲတော်

01-Nov-2020

နေစု(ချင်းရိုးမ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုး စုပေါင်းမှီတင်း နေထိုင်ကြပြီး တိုင်းရင်းသားလူမျိုးတိုင်းသည် နေရာဒေသအလိုက် ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ဘာသာစကား၊ စာပေ၊ ရိုးရာသီချင်း၊ ရိုးရာအက၊ ပွဲလမ်းသဘင်၊ ရိုးရာ ဝတ်စုံနှင့် အယူဝါဒများ ကိုယ်စီရှိကြသည်။ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးအနက် ၅၃ မျိုးမှာ ချင်းလူမျိုးများဖြစ်ကြရာ ချင်းတိုင်းရင်းသား မျိုးနွယ်စုတစ်ခုဖြစ်သော ဇိုမီးလူမျိုး နွယ်စုတို့၏ တစ်နှစ်တာအတွင်း ကျင်းပပြုလုပ်သည့် ပွဲတော် ၁၈ မျိုးအနက် အမွန်မြတ်ဆုံးနှင့် အရေးအကြီးဆုံး ပွဲတော်မှာ ခွာဒိုပွဲတော်(ခေါ်) ကောက်သစ်စားပွဲ (Khuado Pawipi)ပင် ဖြစ်သည်။

ခွာဒိုပွဲတော် အချက်အလက်များ

ခွာဒိုပွဲတော်ကို မည်သည့်အချိန်က စတင်ကျင်းပခဲ့ သည်ကို အတိအကျဖော်ပြ၍ မရနိုင်သော်လည်း ဇိုမီး လူမျိုးနွယ်စုများ တောင်ပေါ်ဒေသများသို့ ပြောင်းရွှေ့ နေထိုင်ပြီး ကျိမ်နွဲဒေသတွင် စတင်အခြေချ နေထိုင်ခဲ့သည့် အေဒီ ၁၄ ရာစုခန့်မှစ၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ ကြောင်း သမိုင်းသုတေသန ပညာရှင်များ၏ တွေ့ရှိချက် မှတ်တမ်းအထောက်အထားများအရ သိရသည်။ သို့ဖြစ်၍ ရိုးရာခွာဒိုပွဲတော် ကျင်းပခဲ့သောသက်တမ်းသည် အနည်း ဆုံး နှစ်ပေါင်း ၆၀၀ ကျော် ကြာမြင့်ပြီဟု ခန့်မှန်း၍ ဆိုနိုင် ပေသည်။

ခွာ(Khua)၏ အဓိပ္ပာယ်မှာ ဤစကြဝဠာတစ်ခုလုံးကို ကောင်းကင်ဘုံ၊ လူ့ဘုံနှင့် မြေအောက်ဘုံဟူ၍ ဘုံသုံးဘုံ အနက် လူ့ကမ္ဘာဘုံကို လူ့ပြည်လူ့ရွာ(ခွာ)ဟုခေါ်ပြီး ထို လူ့ကမ္ဘာဘုံ(ခွာ)ကို နတ်ကောင်းနတ်မြတ်များနှင့် ကွယ် လွန်သူ ဘိုးဘေးများ၏ ဝိညာဉ်များက ထိန်းသိမ်းစောင့် ရှောက်ခဲ့သည်ဟု ရှေးအခါက ယုံကြည်ကြသည်။ ဒို(Do)၏ အဓိပ္ပာယ်မှာ နှစ်မျိုးရှိရာ ပထမဒို၏အဓိပ္ပာယ်မှာ တစ်ဦး နှင့်တစ်ဦး ဖော်ရွေစွာ ဧည့်ဝတ်ပြုခြင်း၊ ကျွေးမွေးဧည့်ခံ ခြင်း၊ ပြုစုစောင့်ရှောက်ခြင်းဖြစ်ပြီး ဒုတိယဒို၏ အဓိပ္ပာယ် မှာ တိုက်ခိုက်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ချေမှုန်းခြင်းဟု အဓိပ္ပာယ်ရသည်။

ခွာဒိုပွဲတော်ကို ရွာသူရွာသားများ ကျန်းမာပျော်ရွှင် ရေး၊ အနာရောဂါ ကင်းဝေးစေရေး၊ လာမည့်နှစ်သစ်၌ ရာသီဥတုကောင်းမွန်ပြီး သီးနှံများ ဖြစ်ထွန်းအောင်မြင်စေ ရေး၊ တိုင်းပြည် အေးချမ်းသာယာ၍ ချစ်ခင်ရင်းနှီးမှုရှိစေ ရေး၊ ကောင်းကျိုးမပေးသော နတ်ဆိုးများကို နှင်ထုတ်ပြီး ကောင်းကျိုးချမ်းသာပေးတတ်သော နတ်ကောင်းနတ်မြတ် များအား ပူဇော်ပသခြင်းဖြင့် ဆုတောင်းပွဲပြုလုပ်ရေး ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

ခွာဒိုပွဲကျင်းပသည့်နေ့ရက် သတ်မှတ်ခြင်း

ဇိုမီးမျိုးနွယ်စုများတွင် တစ်နှစ်လျှင် ၁၂ လရာသီရှိပြီး ၎င်းလများ အမည်သတ်မှတ်ပုံမှာ ထေးနိုးစိလ (Theino-sih kha)၊ တွန်လ(Tun kha)၊ ဒိုတာလ(Dota kha)၊ ဒိုပီးလ (Do kha)၊ ဇိန်လ(Zing kha)၊ ဂမ်လ(Gam kha)၊ တာန်စိလ (Tangsih kha)၊ ခွာဒိုလ(Khuado kha)၊ တာန်လ(Tang kha)၊ ဖာလ်လ(Phal kha)၊ နိုလ(No kha)၊ ကာအို လ(Kau kha) ဟု ခေါ်ဝေါ်သမုတ်ကြသည်။ ရှေးဘိုးဘေးလက်ထက် တွင် ဝမ်းစာအတွက် လူး၊ ဆပ်များကို ဦးစားပေး စိုက်ပျိုး ကြသောကြောင့် လူး၊ ဆပ်များ ရိတ်သိမ်းပြီးနောက် ခွာဒို ပွဲကို ကျင်းပပြုလုပ်လေ့ရှိကြသည်။ ၎င်းသည် ခွာဒိုလ အတွင်းဖြစ်ပြီး အင်္ဂလိပ်ပြက္ခဒိန်အရ ဩဂုတ်လကုန်ပိုင်း ဖြစ်ရာ ယခုအချိန်တွင် ပြောင်းဖူးနှင့် ဆန်စပါးကို ဦးစား ပေး စိုက်ပျိုးလာသောကြောင့် ကောက်ရိတ်သိမ်းချိန်သည် တာန်လကုန်ပိုင်း သို့မဟုတ် ဖာလ်လဆန်း ဖြစ်လာသည်။ တောင်ယာစိုက်ပျိုးသော သီးနှံအမျိုးအစား၊ ရေမြေသဘာဝ ပထဝီအနေအထား၊ ရာသီဥတုအလိုက် ဒေသတစ်ခုနှင့် တစ်ခု ကျင်းပချိန် မတူညီသော်လည်း အများအားဖြင့် နှစ်စဉ် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ကျင်းပလေ့ရှိကာ ပွဲတော်ကို ကျင်းပသည့်ရက်မှာလည်း နှစ်ရက်မှ ရက်သတ္တတစ်ပတ်အထိ ကြာမြင့်တတ်သည်။

ကောက်လှိုင်းများ ရိတ်သိမ်းပြီးစီးသောအခါ ပွဲတော် ကျင်းပရမည့်နေ့ရက် သတ်မှတ်နိုင်ရန် ရွာသူကြီး သို့မဟုတ် နတ်ဆရာနေအိမ်၌ ဆွေးနွေးတိုင်ပင်ကြသည်။ အချို့သော ဒေသများတွင် ခရီးထွက်လေ့ရှိသော အာဂန္တုသမားများ ဆုံစည်းနိုင်မည့် အချိန်နှင့် ရာသီဥတုအကောင်းဆုံးဖြစ် မည့် နေ့ကောင်းနေ့မြတ်ကို တူလ်ပီး(Tulpi)ဟုခေါ်သည့် နတ်ဆရာက ရွေးချယ်သတ်မှတ်ပြီးနောက် ရွာဆော်က ရွာထဲ၌ ခွာဒိုပွဲတော် ကျင်းပမည့်နေ့ရက်ကို ဆော်ဩသည်။ ယခုအခါ အများစုပေါင်း၍ တညီတညွတ် ကျင်းပလေ့ရှိ သည်မှာ သီတင်းကျွတ်လပြည့်(မီးထွန်းပွဲတော်)နေ့တွင် ဖြစ်သည်။

ချင်းတိုင်းရင်းသားများတွင် မျိုးနွယ်စုကွဲများစွာ ရှိ သည့်အတွက် ရိုးရာပွဲတော်တစ်ခုဖြစ်သည့် ခွာဒိုပွဲတော် ကျင်းပပုံများလည်း မတူညီကြပေ။ နေရာဒေသအလိုက် အမျိုးမျိုး ခေါ်ဝေါ်ကြသော်လည်း ခွာဒိုပွဲ၏ အနှစ်သာရမှာ သီးနှံများရိတ်သိမ်းပွဲ၊ ကောက်သစ်စားပွဲ၊ နှစ်သစ်ကူးပွဲ၊ မကောင်းဆိုးရွားများ နှင်ထုတ်သန့်ရှင်းစေပြီး ကောင်းချီး မင်္ဂလာများကို ကြိုဆို၍ ကျေးဇူးတော်ချီးမွမ်းပွဲနှင့် ပူဇော် ပသပွဲများပင် ဖြစ်သည်။

ရိုးရာခွာဒိုပွဲတော်ကို တီးတိန်၊ တွန်းဇံမျိုးနွယ်စုများက "ခွာဒိုပွဲ"၊ ဟားခါးမျိုးနွယ်စုများက "ထိုပွဲ"၊ ထန်တလန်မျိုး နွယ်စုများက "ထလိုင်ထာရ်ပွဲ"၊ ဖလမ်းမျိုးနွယ်စုများက "ဖာန်းအဲရ်"၊ "ဒေါင်းပွီး"၊ "ကုခ်"၊ "ထို"၊ "ထလိုင်ထာရ်ပွဲ"၊ မတူပီ မျိုးနွယ်စုများက "စပ်ယိုးမ်ပွဲ"၊ ကန်ပက်လက် မျိုးနွယ်စုများက "နာမ်းဘွေးပွဲ"၊ မင်းတပ်မျိုးနွယ်စုများက "ကုန်ကြီပွဲ"၊ ထာဒိုနှင့် မီဇိုး မျိုးနွယ်စုများက "ကြတ်ကြာ ကွတ်ပွဲ"ဟူ၍ ဒေသအလိုက် ခေါ်ဝေါ်ကြသည်။

ချင်းရေးရာဦးစီးအဖွဲ့က ရက်သတ်မှတ်ခြင်း

ဒေသတစ်ခုနှင့်တစ်ခု ခွာဒိုပွဲတော်ကျင်းပသည့်ရက် မတူညီမှုကြောင့် တော်လှန်ရေးကောင်စီ လက်ထက်တွင် ချင်းရေးရာဦးစီးအဖွဲ့က ခွာဒိုပွဲတော်ကို အခါကြီးရက်ကြီး အဖြစ် သတ်မှတ်ပေးပြီး သီတင်းကျွတ်လဆန်း ၁၄ ရက် အဖိတ်နေ့၊ လပြည့်နေ့နှင့် လဆုတ် ၁ ရက်နေ့များတွင် ကျင်းပရန် သတ်မှတ်ပေးခဲ့ရာမှ ယနေ့တိုင်အောင် အစဉ် အလာမပျက် ကျင်းပနေကြသည်။

ထင်းရှူးဆီခုတ်သည့်နေ့(Meilah Sat Ni)

Meilah Sat Ni ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ ခွာဒိုပွဲအတွက် မီးထွန်းရန် ထင်းရှူးဆီခုတ်သည့်နေ့ ဖြစ် သည်။ ရှေးခေတ်က ချင်းလူမျိုးများသည် ထင်းရှူးဆီကို မီးထွန်းရန် အဓိကအသုံးပြုခဲ့ရာ ခွာဒိုပွဲတွင် ထွန်းညှိရန် ထင်းရှူးပင်ခုတ်၍ ထင်းရှူးဆီကို စုဆောင်းကြခြင်းဖြစ်ပြီး ခွာဒိုပွဲအတွက် ပြင်ဆင်သောနေ့ဟုလည်း နားလည်၍ရ သည်။

ခွာဒိုပွဲအကြိုနေ့(Kaubet Ni)

ခွာဒိုပွဲအကြိုနေ့သည် ရွာထဲ၌ရှိသော နတ်ဆိုးများကို နှင်ထုတ်သောနေ့ဖြစ်သည်။ ဤနေ့တွင် ခွာဒိုပွဲအတွက် လိုအပ်သော ပစ္စည်းအသုံးအဆောင်များကို စုစည်းသော နေ့လည်း ဖြစ်သည်။ ဤနေ့တွင် အဖွဲ့အလိုက်၊ ဆွေမျိုး အလိုက် နေထိုင်ကြပြီး တော၌ရှိသောပျားအုံ သို့မဟုတ် မွေးထားသောပျားအုံများကို မီးရှို့၍ ဆွေမျိုးစုအစားအစာ များ ချက်ပြုတ်လေ့ရှိပြီး ညစာကို စုပေါင်းစားသောက် ကြသည်။

ညအချိန်ရောက်သောအခါ စုန်းကဝေများ နှင်ထုတ် ရန်အတွက် ရွာလူကြီးအိမ်၌ အစပြု၍ တစ်ရွာလုံး ကိုယ့် အိမ်ကိုယ်စီမှ စုန်းကဝေဟုခေါ်သော Kau များကို နှင် ထုတ်ကြသည်။ နှစ်ဟောင်း၌ ရွာနှင့် အိမ်ထဲတွင် စုန်းကဝေ များရှိပါက ထွက်သွားရန် နှင်ထုတ်ခြင်းဖြစ်သည်။ စုန်း ကဝေ နှင်ထုတ်ခြင်းကို စတင်သောအခါ ရွာလူကြီးက ပေါက်တူးရိုးတစ်ချောင်းနှင့် ထင်းရှူးဆီတစ်စည်း ထွန်းညှိ လျက် ကိုင်ထားပြီး စုန်းကဝေများ စတင်မောင်းထုတ်ကြ သည်။

ထို့နောက် ဗုံ(Khuang)တီးသူ တစ်ဦး၊ မောင်းကြီး (Daktal)တီးသူ တစ်ဦး၊ မောင်းသေးတီးသူ တစ်ဦးနှင့် သေနတ်ကိုင်တစ်ဦး လိုက်ပါလျက် တစ်ဦးနှင့်တစ်ဦး တန်းစီ၍ နတ်ဆိုးများကို အိမ်ထဲမှ မောင်းထုတ်ကြသည်။

ချင်းလူမျိုးများသည် တစ်နှစ်တစ်ကြိမ် ခွာဒိုပွဲမတိုင်မီ အကြိုနေ့တွင် ရွာထဲရှိ နတ်ဆိုးများကို မောင်းထုတ်သည့် ဓလေ့ထုံးစံရှိသည်။ တစ်နှစ်တာလုံး စားသောက်မည့် အစားအစာများကို သန့်ရှင်းစေခြင်း၊ မကောင်းဆိုးရွားများ မောင်းထုတ်ဖယ်ရှားခြင်းဖြစ်သည်။

ခွာဒိုပွဲအကျနေ့(Ompi Ni)

ဤနေ့တွင် ခွာဒိုပွဲ အခါသမယ၌ သုံးဆောင်ကြမည့် နွား၊ နွားနောက်၊ ဝက်များကို သတ်ကြသည်။ များသော အားဖြင့် ဆွေမျိုးအလိုက် လေးအိမ်၊ ငါးအိမ်စုပြီး အကောင် များသတ်ကြကာ သတ်သောအကောင်များသည် နှစ်စဉ် နှစ်တိုင်း တစ်အိမ်ပြီးတစ်အိမ် အလှည့်ကျမွေးမြူသော တိရစ္ဆာန်များ ဖြစ်သည်။ အလုပ်ပြီးသောအခါ လူငယ် များက ပျားအုံယူသောနေရာသို့ ပို့ရန် ကဇော်များကို အိမ်တိုင်း၌ တစ်တောင်းစီ ကောက်ခံကြသည်။ ထိုကစော် များကို ခေါင်ရည်ဖြစ်စေပြီးနောက် ထိုခေါင်ရည်ကို ခွိုင်စယူ ခေါင်ရည်ဟု ခေါ်ဆိုသည်။

ညနေ ထမင်းစားချိန် ရောက်သောအခါ တစ်ဦးနှင့် တစ်ဦး အသားတုံးများကို ခွံ့ကျွေးကြပြီး ခေါင်ရည်များကို ပါးစပ်၌ တေ့ပေးကြသည်။ ထမင်းစားပြီးနောက် ကလေး များက တစ်ယောက်နှင့်တစ်ယောက် ဇောလ်အန်း(Zawl An)ဟုခေါ်သော ဝက်အူချောင်းနှင့် အသားဖတ်တုံးများကို လမ်းဆုံလမ်းခွ၌ လဲလှယ်ဝေငှကြ၍ မေတ္တာပြကြသည်။ ဤအရာသည် ကလေးသူငယ်များအတွက် အလွန် ပျော် စရာကောင်း၍ မမေ့နိုင်သော ခွာဒိုပွဲ၏ အရသာတစ်ခုဖြစ် သည်။ တိရစ္ဆာန်ကလီစာဖြင့် ပြုလုပ်သော ဝက်အူချောင်း သည် ချင်းလူမျိုးများ၏ ရိုးရာအစားအစာထဲတွင် တန်ဖိုး ထားသောအရာတစ်ခု ဖြစ်သည့်အပြင် သက်ကြီးရွယ်အို များကို လေးစားသောအနေဖြင့် ဦးချကာ ကျွေးမွေးလေ့ရှိ သည်။

သက်ကြီးရွယ်အိုများက တစ်နှစ်တာအတွင်း သေဆုံး သူ စာရင်းအရ ကလီစာများပြုလုပ်ကာ တွဲ၍ထားကြပြီး အသား ကလီစာ တစ်တွဲနှင့် ခေါင်ရည်တစ်ပုလင်းစီကို သင်္ချိုင်းသို့ ပို့ကြသည်။ ၎င်းကို စိအန်းရှ(Sih Ansiah)ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ တစ်နှစ်အတွင်း ကွယ်လွန်ပြီးသူ များအား ရည်စူး၍ ပြုလုပ်ခြင်းဖြစ်သည်။ ယနေ့ခေတ်၌မူ ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြသောအခါ အသုဘ အိမ်သို့သွားရောက်၍ မေတ္တာပြ ပို့ကြပါသည်။ ၎င်းသည် နှစ်ဟောင်းက သေဆုံးသူများအား နှုတ်ဆက်ခြင်း၊ သန့် ရှင်းစေခြင်းဖြစ်၍ အလွန့်အလွန်အရေးကြီးသော ဓလေ့ ထုံးစံတစ်ခု ဖြစ်ပေသည်။

မီးထွန်းခြင်းနှင့် နှစ်သစ်အတွက်

ပျားအုံဖွပ်နိမိတ်ဖတ်ခြင်း

ခွာဒိုပွဲတော်၌ ပြင်ဆင်ထားသော ထင်းရှူးဆီများ ကိုင်ဆောင်၍ ရွာအပြင်ဘက်ရှိ သတ်မှတ်သည့်နေရာ တစ်နေရာမှ ရွာအတွင်း စီတန်းဝင်ရောက်လျက် မီးထွန်း ခြင်း၊ နှစ်သစ်အတွက် ပျားအုံဖွပ်ခြင်းနှင့် ပျားအုံနိမိတ် ဖတ်ခြင်းတို့သည် ရိုးရာခွာဒိုပွဲ၏ အဓိကလက္ခဏာတစ်ခု အဖြစ် ပါဝင်သည်။ မီးထွန်းပွဲပြုလုပ်ခြင်းသည် မကောင်း ဆိုးရွား(နတ်ဆိုး)များကို ရွာအတွင်းမှ နှင်ထုတ်ရန်ဖြစ်ပြီး မိမိတို့ကျေးရွာကို သန့်ရှင်းစေသည့် ပွဲတော်အဖြစ်လည်း သိမှတ်ယုံကြည်ခဲ့ကြသည်။

လူငယ်လူရွယ်များက တောထဲမှ ရှာဖွေတွေ့ရှိသော ပျားအုံကို သယ်ဆောင်လာစဉ် ရွာအဝင်ရှိ ရွာလယ်ကွင်း (Khuatual)မှ ရွာသူရွာသား၊ အိမ်သူအိမ်သားများက ရိုးရာ ဗုံမောင်းများတီးလျက် မီးပုံပွဲပြုလုပ်၍ တေးသီချင်းများ သီဆိုကြပြီး လုံမပျိုလေးများကလည်း ခေါင်ရည်နှင့် အသားဟင်းလျာများဖြင့် ကြိုဆို တိုက်ကျွေးကြသည်။ ဆိုကြ၊ တီးကြ၊ ကကြရင်းဖြင့် တစ်ဦးနှင့်တစ်ဦး ခေါင်ရည် ငှဲ့ပေးကြပြီး အသားများကိုခွံ့ကျွေး၍ မေတ္တာပြကြသည်။

ထို့နောက် ရှာမ်းပူ(Siampu)ခေါ် နတ်ဆရာ၊ ရိုးရာ ယစ်ပုရောဟိတ်ကြီးသည် ပျားအုံကိုဖွင့်၍ ဗေဒင်နိမိတ် ဖတ်ပြီး လာမည့်နှစ်တွင် ရပ်ရွာ အေးချမ်းသာယာပြီး ရောဂါအနာဘယ ကင်းဝေးမည်၊ ကောက်ပဲသီးနှံ အထွက် တိုးပြီး ဝမ်းစာဖူလုံမည် သို့မဟုတ် နှစ်သစ်တွင် တိုင်းပြည် မငြိမ်မသက်မှုများ ဖြစ်ပေါ်လာပြီး ကျေးရွာပြောင်းရွှေ့ ရမည့် အခြေအနေရှိမည်၊ သီးနှံအထွက်မကောင်းသည့် အပြင် အနာရောဂါထူပြော၍ အသေအပျောက်များမည်ဟု ကြိုတင်ခန့်မှန်းကြသည်။

နှစ်သစ်ကူးနေ့သို့မဟုတ် ခုနှစ်ပိုင်းခြားသည့်နေ့

ခွာဒိုပွဲအပြီး နောက်တစ်ရက် နှစ်ဆန်း ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့ဟု သတ်မှတ်ရာ အိမ်တွင် အနားယူလေ့ရှိ ကြပြီး တောင်ယာသွားခြင်း၊ ခရီးထွက်ခြင်းများ မပြုလုပ် ရပါ။ ပြုလုပ်မိပါက ကျိန်စာသင့်တတ်သည်ဟု ယူဆကြ သည်။ ခွာဒိုပွဲတော်ကို တောင်ယာသီးနှံများ ရိတ်သိမ်းပြီး ချိန်တွင် ကျင်းပခြင်းကြောင့်လည်းကောင်း၊ ခွာဒိုပွဲတော် အပြီး နောက်တစ်ရက် နှစ်ဆန်း ၁ ရက်နေ့ကို နှစ်သစ်ကူး ပွဲတော်အဖြစ် သတ်မှတ်ခြင်းကြောင့်လည်းကောင်း၊ ခွာဒို ပွဲတော်ကို ခုနှစ်ပိုင်းခြားသည့်ပွဲတော်(Kumkhen Pawi)ဟူ၍လည်း ခေါ်ဝေါ်သည်။

ရှေးအခါက ခွာဒိုပွဲတော်ကျင်းပခြင်းသည် နှစ်ဟောင်း ကုန်၍နှစ်သစ်ကူးကာလတွင် ကောက်သစ်စားပွဲ(Tuktun, Anlak Pawi)ကျင်းပခြင်း၊ ဘိုးဘေးတို့၏ ဝိညာဉ်များကို ပူဇော်ကန်တော့ခြင်း စသည်ဖြင့် လူမှုရေးနှင့် ဘာသာရေး အဓိပ္ပာယ်ဆောင်သော ပွဲတော်အဖြစ်မှ ယခုအခါ ထိုထက် မက ပိုမိုလေးနက် အဓိပ္ပာယ်ရှိလာကာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ချင်း လူမျိုးများ၏ ခိုင်မာသော ရိုးရာဓလေ့ ထုံးတမ်းစဉ်လာနှင့် ပွဲတော်များရှိသော လူမျိုးတစ်မျိုးအဖြစ် ကမ္ဘာ့အလယ်တွင် အမျိုးဇာတိဂုဏ်ကို တင့်တယ်စေခြင်းစသော အဓိပ္ပာယ် များပါ ဆောင်လာသည်။

ထို့ကြောင့် ချင်းပြည်နယ်အတွင်းရှိ မြို့ပေါ်/ရပ်ကွက်/ကျေးလက်ဒေသများမှအစ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဇိုမီးမျိုးနွယ်စုများ နေထိုင်ရာ ကလေးဒေသနှင့် တမူးဒေသအဆုံး ပွဲတော်ကို နှစ်စဉ်ကျင်းပကြသည့်အပြင် နိုင်ငံရပ်ခြားရှိ ဇိုမီးမျိုးနွယ်စုများကပါ ရိုးရာ ခွာဒိုပွဲတော်ကို နှစ်စဉ် အစဉ်အလာမပျက် ဆင်ယင်ကျင်းပနေကြခြင်း ဖြစ်ပေတော့သည်။ ။