မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုလမ်းမကြီးများ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရန် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ

24-Oct-2020

အမှတ်(၂)အာရှလမ်းမကြီးဖြစ်သော မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ်မှစ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့ကို ဆက်သွယ်ထားသော မိတ္ထီလာ- တောင်ကြီး-  ကျိုင်းတုံ- တာချီလိတ် လမ်းသည် အာရှလမ်းမကြီးအမှတ်(၂)  (AH-2) ဖြစ်ပြီး လမ်းအရှည် ၄၉၁ မိုင် ရှိပါ သည်။ မိတ္ထီလာ-တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် တောင်ပေါ် ဒေသလမ်းကုမ္ပဏီက   BOT    စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ  မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လမ်းမိုင် ၅၂/၆ တွင် ၄၈  ပေအကျယ်  ကတ္တရာလမ်းအဖြစ်  ၂၆   မိုင်   ၁ ဖာလုံ ဆောင်ရွက်ပြီး ဖြစ်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်  လမ်း အရှည်  ၂၂၉  မိုင် ၄ ဖာလုံရှိရာတွင် BOT စနစ်ဖြင့် တောင်ပေါ်ဒေသ လမ်းဆောက်လုပ် ရေးကုမ္ပဏီက ၆၂ မိုင် ၄ ဖာလုံ၊ နေမင်းရောင်  ဆောက်လုပ်ရေးကုမ္ပဏီက   ၇၃    မိုင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာနက လမ်းအရှည် ၉၄ မိုင်တို့ကို  လမ်းတိုးတက် ပြုပြင်ခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက် လျက်ရှိသည်။   တောင်ပေါ်ဒေသ   လမ်း ဆောက်လုပ်ရေးကုမ္ပဏီက  BOT  စနစ်ဖြင့် ကလောမြို့မှ  တောင်ကြီးမြို့အထိ  လမ်း အရှည် ၄၅ မိုင်ကို လေးလမ်းသွား  နိုင်လွန် ကတ္တရာလမ်းအဖြစ်          အဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့သည်။         ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်    သံလွင်မြစ်ကူးတံတားဘေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက    တာကော် တံတားအသစ်(၁၁၅၁ ပေအရှည်) တစ်စင်း တည်ဆောက်လျက်ရှိကြောင်း  သိရှိ ရသည်။

မိတ္ထီလာ   -တောင်ကြီး   -ကျိုင်းတုံ- တာချီလိတ်လမ်း(ရှမ်းပြည်နယ်-အရှေ့ပိုင်း) သည် ၂၀၈ မိုင် ၅ ဖာလုံရှည်လျားပြီး လွန်ခဲ့ သောအချိန်များက သွားလာမှုခက်ခဲသော လမ်းပိုင်းများဖြစ်သည်။     မိုးတွင်းကာလ အချိန်များတွင်    တာကော်-မိုင်းပျဉ်း-ကျိုင်းတုံလမ်းပိုင်းသည် ယခင်က  တောင် ပြိုခြင်း၊    လမ်းသားပဲ့ခြင်းတို့ကြောင့်   လမ်း ပိတ်ဆို့မှုများ  မကြာခဏ   ဖြစ်ခဲ့ပါသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ လမ်းပိုင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်     ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)  လမ်းဦးစီးဌာနက  လမ်းအဆင့်မြှင့်တင်ခြင်း           လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာသီမရွေး သွားလာနိုင်သောလမ်းအဆင့်သို့ ရောက်ရှိ လာပြီဖြစ်သည်။ ကျိုင်းတုံမြို့မှ  တာချီလိတ် မြို့အထိ    လမ်းအရှည်  ၉၈/၃   မိုင်ကို သော်တာဝင်း    ဆောက်လုပ်ရေးကုမ္ပဏီက BOT စနစ်ဖြင့်     လမ်းတိုးတက်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေပါသည်။

မိတ္ထီလာ-   တောင်ကြီး-  ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးအား  အဆင့်တိုးမြှင့် တည်ဆောက်နိုင်ခြင်းကြောင့်  တရုတ်နိုင်ငံ၊  လာအိုနိုင်ငံ၊    ထိုင်းနိုင်ငံတို့နှင့်   နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ     ဆောင်ရွက် နိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန် ခြင်းတို့ကြောင့်  ကုန်စည်စီးဆင်းမှုမြန်ဆန်  ခြင်းနှင့်   တိုင်းရင်းသားလူမျိုးများ  ချစ်ကြည် ရင်းနှီးမှုရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။

ရခိုင်ပြည်နယ် အဓိကဝင်ပေါက် ရန်ကုန်-စစ်တွေလမ်း (မင်းဘူး-အမ်း-စစ်တွေလမ်းပိုင်း)

ရခိုင်ပြည်နယ်အတွင်းသို့ အဓိကဝင်ပေါက် လမ်း သုံးလမ်း ရှိသည်။ နေပြည်တော်-မကွေးမှ  ဝင်ရောက်နိုင်သော မင်းဘူး-အမ်း-စစ်တွေ လမ်းသည် မင်းဘူးမှ ရခိုင်ပြည်နယ် စစ်တွေ အထိ လမ်းအရှည် ၃၀၂ မိုင်  ၄  ဖာလုံ ရှိသည်။ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်းသည် ၁၀၂ မိုင် ၂ ဖာလုံအရှည်ရှိပြီး တောင်ကုတ်မှ ကျောက်ဖြူအထိ  လမ်းအရှည် ၁၁၉ မိုင် ၇ ဖာလုံအရှည် ရှိပါသည်။ ပြည်မှ  ကျောက်ဖြူ အထိ စုစုပေါင်း ၂၂၂ မိုင် ၁ ဖာလုံ လမ်းအရှည် ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငါးသိုင်းချောင်းမှ    ဂွ-သံတွဲလမ်းပိုင်းသည် လမ်းအရှည် ၁၃၂ မိုင်  ၂  ဖာလုံ  ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့မှ ရခိုင်ပြည်နယ် နှင့် ဆက်သွယ်ထားသောလမ်းမကြီး သုံးလမ်း  လမ်းအဆင့်မြှင့်တင်ခြင်း         လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့်    ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ခွင့်ပြုလမ်း/တံတားရန်ပုံငွေ များဖြင့်         အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မင်းဘူး-အမ်းလမ်းအပိုင်းသည် ၁၀၃ မိုင် ၁ ဖာလုံရှိပြီး အမ်းမှ စစ်တွေအထိ စုစုပေါင်း လမ်းအရှည်  ၁၉၉ မိုင် ၃  ဖာလုံ ရှိပါသည်။ မင်းဘူးမှ စစ်တွေအထိ စုစုပေါင်း လမ်းအရှည် ၃၀၂  မိုင်  ၄  ဖာလုံ  ရှိပါသည်။  မကွေးတိုင်း ဒေသကြီး    မင်းဘူးခရိုင်၊    ရခိုင်ပြည်နယ်  ကျောက်ဖြူခရိုင်၊   မြောက်ဦးခရိုင်၊ စစ်တွေခရိုင် တို့ကို  ဖြတ်သန်းပါသည်။    လမ်းတိုးတက်မှု အခြေအနေမှာ မင်းဘူးမှ  အမ်းအထိ  ကတ္တရာ လမ်း ၁၀၃/၁  မိုင် ရှိသည်။   အမ်း-စစ်တွေ လမ်းပိုင်းတွင် ကွန်ကရစ်လမ်း ၁၁၁/၄ မိုင်၊ ကတ္တရာလမ်း ၈၅/၇ မိုင်နှင့်  မြို့တွင်းအပိုင်း နိုင်လွန်ကတ္တရာလမ်း ၂/၀ မိုင်အထိ      လမ်း  တိုးတက်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။ 

ယခင်က      မင်းဘူးမှ       စစ်တွေသို့  ယာဉ်မောင်းချိန် ၁၅ နာရီခန့်ရှိပြီး ယခုအခါ  ယာဉ်မောင်းချိန်    ၁၀  နာရီဖြင့်    အရောက်  သွားနိုင်ပြီ   ဖြစ်သည်။  ရန်ကုန်-စစ်တွေလမ်း   (အမ်း- စစ်တွေအပိုင်း)    မင်းပြားမြို့အနီး  မိုင်တိုင် ၉၁/၂  ရှိ  ရာမောင်ကြိုးတံတားဘေး တွင်  တံတားဦးစီးဌာနက  ၁၂၈၄ ပေ  အရှည်ရှိသော    ရာမောင်တံတားသစ်ကြီးကို  တည်ဆောက်လျက်ရှိရာ  ယခုအခါ   တံတား ပြီးစီးမှု  ၈၀ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ကြောင်း  သိရှိရသည်။  ရခိုင်ပြည်နယ်မှ ထွက်ရှိသော  ပင်လယ်ထွက်ကုန်ပစ္စည်းများ၊   ရေထွက် ပစ္စည်းများနှင့်      ဒေသထွက်ကုန်များကို မင်းဘူး-   အမ်း-  စစ်တွေ  လမ်းကြီးမှ မြန်မာနိုင်ငံအတွင်း   ဒေသအသီးသီးသို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ခြင်းကြောင့်              ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံ  တိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေပြီး   လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပါသည်။

နေပြည်တော်-ကင်းသာ-လိန်းလီ-ပင်လောင်း- နန့်ပန်-ညောင်ရွှေ-အေးသာယာ-တောင်ကြီးလမ်း

နေပြည်တော်- လိန်းလီ- ပင်လောင်း-ညောင်ရွှေ-   အေးသာယာ-  တောင်ကြီး ကားလမ်းသည်    နေပြည်တော်မှ   ရှမ်း ပြည်နယ်မြို့တော် တောင်ကြီးသို့ ဆက်သွယ် ထားသော    အတိုဆုံးလမ်း    ဖြစ်သည်။      နေပြည်တော်မှ ကင်းသာလမ်းဆုံအထိ ၁၂  မိုင် ၂ ဖာလုံနှင့်   ကင်းသာ-   လိန်းလီ- ပင်လောင်းမြို့ထဲအထိ လမ်းပိုင်းအရှည်  ၇၀  မိုင် ၄ ဖာလုံ  ရှိပါသည်။  ပင်လောင်းမြို့မှ           အင်းလေးကန်     အရှေ့ဘက်ပတ်လမ်း ညောင်ရွှေမြို့-အေးသာယာမှ  တောင်ကြီးမြို့ အထိ ၆၅ မိုင် ၄ ဖာလုံ အရှည်ရှိပါသည်။ စုစုပေါင်း    နေပြည်တော်-ပင်လောင်း-တောင်ကြီး ကားလမ်းအရှည် ၁၄၈ မိုင် ၂ ဖာလုံ ရှိပါသည်။ 

နေပြည်တော်မှ ပျော်ဘွယ်-ဘုရားငါးဆူ ဖြတ်လမ်း-ကလောမှတစ်ဆင့်     တောင်ကြီး မြို့သို့ သွားသည့်လမ်းခရီးထက် မိုင် ၂ဝ ခန့် သက်သာပါသည်။  နေပြည်တော်မှ   ဒေသခံ ပြည်သူများ၊   အစိုးရဝန်ထမ်းများအနေဖြင့်  လိန်းလီကြိုးတံတားအလှအပကို ကြည့်ရှုပြီး  နေပြည်တော်- ပင်လောင်း- တောင်ကြီး ကားလမ်းမှ        အေးချမ်းသာယာလှပသော ပင်လောင်းမြို့သို့      လည်ပတ်သွားရောက် နိုင်မည်    ဖြစ်ပါသည်။   ပင်လောင်းမြို့မှ တစ်ဆင့်  ကယားပြည်နယ်     လွိုင်ကော်မြို့ သို့လည်းကောင်း၊  အင်းလေးကန်ပတ်လမ်းမှ တစ်ဆင့် အင်းလေး၊  ကလော၊ တောင်ကြီးမြို့  တို့သို့လည်းကောင်း   လွယ်ကူလျင်မြန်စွာ  ဆက်သွယ်သွားရောက်    လည်ပတ်နိုင်ကြပြီ ဖြစ်ပါသည်။

နေပြည်တော်-ကံပြား-မကွေးလမ်းမှ မင်းဘူး-အမ်း-စစ်တွေသို့ ဆက်သွယ်ပေးသောလမ်း

နေပြည်တော်ကောင်စီနယ်မြေနှင့် မကွေး တိုင်းဒေသကြီး   မကွေးမြို့၊    ရခိုင်ပြည်နယ်    စစ်တွေမြို့သို့ ဆက်သွယ်ထားသော လမ်းမ ကြီး သည်  နေပြည်တော်- ကံပြား  -မကွေး လမ်းဖြစ်ပါသည်။   နေပြည်တော်(ပန်းတင်)မှ  မကွေး (ကံပြား)အထိ  လမ်းအရှည် ၇၉ မိုင် ၄ ဖာလုံ ကတ္တရာလမ်းအသစ်   ဖောက်လုပ် ထားခြင်းဖြစ်ပါသည်။ နေပြည်တော်မှ  မကွေး မြို့သို့    ယာဉ်မောင်းချိန်   ၂    နာရီခွဲ ခန့်ရှိပြီး မင်းဘူး-အမ်း-စစ်တွေလမ်း၊  ပုသိမ်-မုံရွာ လမ်း၊ ရန်ကုန်- ပြည်-မကွေး- မန္တလေးလမ်း တို့နှင့်    ရန်ကုန်- နေပြည်တော်-မန္တလေး   (အမြန်လမ်း)တို့ကို   ဆက်စပ်ပေးထားသော  အဓိက   ရိုးမဖြတ်လမ်းတစ်ခု ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး-ကရင်ပြည်နယ်-ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ ဆက်သွယ်သော တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်း

တောင်ငူ-လိပ်သို-လွိုင်ကော်- ဟိုပုံးလမ်း သည်   ပဲခူးတိုင်းဒေသကြီး     တောင်ငူမြို့နှင့် ကရင်ပြည်နယ် လိပ်သိုမြို့မှတစ်ဆင့်  ကယား ပြည်နယ် လွိုင်ကော်မြို့၊ ရှမ်းပြည်နယ် ဟိုပုံး မြို့တို့ကိုဆက်သွယ်ထားသော   ပြည်ထောင်စု  လမ်းမကြီးဖြစ်ပါသည်။      တောင်ငူမြို့မှ လွိုင်ကော်မြို့အထိ   ၁၃၁  မိုင်အရှည်ရှိပြီး ဟိုပုံးမြို့အထိ   အကွာအဝေးမှာ   ၂၁၇    မိုင်  ၁  ဖာလုံရှိပါသည်။   တောင်ငူ-  လိပ်သို- လွိုင်ကော်လမ်းသည်   ပဲခူးတိုင်းဒေသကြီး   တောင်ငူမြို့နယ်တွင် လမ်းအရှည် မိုင်တိုင် ၁၈/၂ အထိ ရှိပါသည်။  မိုင်တိုင် ၁၈/၂ မှ မိုင်တိုင် ၆၉/၀ အထိ လမ်းအရှည်    ၅၀  မိုင် ၆ ဖာလုံမှာ  ကရင်ပြည်နယ်      လိပ်သိုမြို့နယ် အတွင်း ဖြတ်သန်းပါသည်။

ရှမ်းပြည်နယ်     ဖယ်ခုံမြို့နယ်အတွင်း မိုင်တိုင် ၆၉/၀ မှ ၉၉/၅ အထိ လမ်းအရှည် ၃၀ မိုင် ၅ ဖာလုံ ရှိပါသည်။ ကယားပြည်နယ်အတွင်း မိုင်တိုင် ၉၉/၅ မှ ၁၃၁/၀ အထိ  ဒီးမော့ဆိုမြို့နယ် နှင့်      လွိုင်ကော်မြို့ကို   ဖြတ်သန်းပါသည်။   လမ်းမကြီးဖြတ်သန်းရာ   တိုင်းဒေသကြီးနှင့်   ပြည်နယ်အစိုးရအဖွဲ့   လမ်းဦးစီးဌာနများ သည် ခွင့်ပြုရန်ပုံငွေဖြင့် တောင်ငူ-လိပ်သို-  လွိုင်ကော်လမ်း တိုးတက်ခြင်းလုပ်ငန်းတို့ကို  ဆောင်ရွက်ကြပါသည်။    ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနသည် ဂျပန်နိုင်ငံ၏ ချေးငွေ အကူအညီဖြစ်သော  JICA  ODA Loan ဖြင့်   မိုင် ၇/၆မှ  ၁၈/၂  အတွင်း လမ်းပိုင်းကို  ၅  ဒသမ ၅ မီတာအကျယ်  ကွန်ကရစ်လမ်း/တံတားများ၊   တံတားငယ်များ၊  ကျောက်စီ မြေကာနံရံများစသည့်  လမ်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှ ပြည်သူ များအနေဖြင့်  တောင်ငူမြို့မှ ကယားပြည်နယ်  လွိုင်ကော်မြို့သို့ ယာဉ်မောင်းချိန် ၅ နာရီဖြင့် သွားရောက်နိုင်ကြပြီ ဖြစ်သည်။  လွိုင်ကော်မြို့ မှတစ်ဆင့်   ရှမ်းပြည်နယ်    တောင်ကြီးမြို့သို့ လည်းကောင်း၊ မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်းပေါ်ရှိ    ဟိုပုံးမြို့သို့လည်းကောင်း     သွားရောက်နိုင်ကြပါသည်။      လွိုင်ကော်မြို့မှ တစ်ဆင့် လွိုင်ကော်-ဖားဆောင်း-  မယ်စဲ့မှ ထိုင်းနိုင်ငံနယ်စပ်  BP13 သို့    နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ တောင်ငူ- လိပ်သို- လွိုင်ကော်- ဟိုပုံး လမ်းမကြီး အနေဖြင့် ပြည်ထောင်စုအတွင်းရှိ  တိုင်းရင်းသား များအတွက်    လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန်  အဓိကအထောက်အကူဖြစ်စေသည့်  လမ်းမ ကြီးဖြစ်သည်။

ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ဆက်သွယ်ထားသော

အဓိကလမ်းမကြီး သုံးလမ်း

၁။ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ

 ရန်ကုန်-ပြည်-မကွေး-မန္တလေးလမ်း

ရန်ကုန်မြို့မှ မန္တလေးမြို့သို့  ဆက်သွယ် ထားသော    အဓိကလမ်းမကြီး သုံးလမ်းတွင်  ရန်ကုန်-ပြည်-မကွေး-မန္တလေး  လမ်းသည် မိုင်ပေါင်း ၅၁၁  မိုင်ရှိပြီး   ခရီးအကွာအဝေး အရှည်ဆုံးဖြစ်သည်။  ရန်ကုန်-ပြည်-မကွေး အထိ ၃၃၃  မိုင်ကို   Max Highway Co., Ltd. ကလည်းကောင်း၊  မကွေး- ရေနံချောင်း- ကျောက်ပန်းတောင်းအထိ ၆၉ မိုင်  လမ်းအရှည် ကို   ကောင်းမွန်ဆောက်လုပ်ရေးကုမ္ပဏီက လည်းကောင်း BOT စနစ်ဖြင့်  လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ  ဆောင်ရွက်နေသည်။  ကျောက်ပန်းတောင်းမြို့မှ      မြင်းခြံမြို့အထိ    လမ်းအရှည်မိုင် ၆၀ ခန့်ကို မန္တလေးတိုင်းဒေသ ကြီးလမ်းဦးစီးဌာနက   လမ်းတိုးတက်ပြုပြင် ခြင်းလုပ်ငန်းများဆောင်ရွက်ပြီး   မြင်းခြံ- မြို့သာ-တံတားဦး လမ်းအပိုင်း ၅၃ မိုင် ၃  ဖာလုံ အရှည်ကို  သာယာဦးဆောက်လုပ်ရေးအဖွဲ့က BOT စနစ်ဖြင့် လမ်းလုပ်ငန်းများ ဆောင်ရွက်  ခဲ့သည်။

ရန်ကုန်- ပြည်   လမ်းပိုင်းတွင်    Max Highway  Co., Ltd. က  BOT   စနစ်ဖြင့်  ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး    မှော်ဘီမြို့နယ်    (ထောက်ကြန့်) မိုင်တိုင် ၂၂/၀ မှ   တိုက်ကြီးမြို့နယ်   မိုင်တိုင် ၄၉/၄ အထိ လေးလမ်းသွား    နိုင်လွန်ကတ္တရာလမ်းအဖြစ်  အဆင့်တိုးမြှင့်ပြီး ဖြစ်ပါသည်။    ရန်ကုန်မြို့မှ    မန္တလေးမြို့သို့ တိုက်ရိုက်သွားလျှင်     အဆိုပါ လမ်းကို အသုံးပြုမှုနည်းသော်လည်း ရန်ကုန် မြို့မှ ပြည်မြို့သို့၊    ပြည်မြို့မှ မကွေးမြို့သို့ သွားလာခြင်းစသည်ဖြင့် ရန်ကုန်-ပြည်-မကွေး- မြင်းခြံ-မန္တလေး လမ်းတစ်လျှောက်ရှိ    ဒေသခံ ပြည်သူများအတွက်    အလွန်အရေးပါသော  လမ်းမကြီးဖြစ်သည်။

၂။ ပဲခူးရိုးမအရှေ့ခြမ်းရှိ ရန်ကုန်-ပဲခူး-

 တောင်ငူ-မန္တလေးလမ်း

ပဲခူးရိုးမအရှေ့ခြမ်းရှိ    ရန်ကုန်-ပဲခူး-တောင်ငူ- မန္တလေးလမ်းသည်   ရန်ကုန်မှ မန္တလေးအထိ ၄၂၂ မိုင်အရှည်ရှိသည်။ ရန်ကုန် မှ   မန္တလေးမြို့အထိ    နိုင်ငံသားလုပ်ငန်းရှင် BOT အဖွဲ့ ခုနစ်ဖွဲ့က လမ်း/တံတား  အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိ သည်။  ရန်ကုန်(ထောက်ကြန့်)မှ  ပဲခူးအထိ ခြောက်လမ်းသွားလမ်းမကြီး   နိုင်လွန်ကတ္တရာ လမ်းခင်းခြင်းကို  Max  Highway  Co., Ltd.က ဆောင်ရွက်ပြီးဖြစ်သည်။ ပဲခူးမှ မန္တလေးအထိ ကို BOT အဖွဲ့များဖြစ်သော ရွှေသံလွင်ကုမ္ပဏီ၊    High Star Co., Ltd. ၊      ကမ္ဘောဇလမ်းကြောင်း     ရှာဖွေရေးစက်မှု လုပ်ငန်းများအဖွဲ့၊     Oriental   Highway  Co., Ltd. ၊    ယုဇနဆောက်လုပ်ရေး ကုမ္ပဏီနှင့်    သော်တာဝင်းဆောက်လုပ်ရေး ကုမ္ပဏီတို့က မိမိတို့တာဝန်ယူရသော  လမ်းပိုင်း အလိုက် မူလကတ္တရာလမ်း    ၂၄     ပေအကျယ်မှ လေးလမ်းသွား     နိုင်လွန်ကတ္တရာလမ်းအဖြစ်     လမ်း/တံတားများကို     အဆင့်မြှင့်တင်  ဆောင်ရွက်လျက်ရှိရာ        ၁၀၀ ရာခိုင်နှုန်း   (ရာနှုန်းပြည့်)နီးပါး     လုပ်ငန်းပြီးစီးနေပြီဖြစ် ကြောင်း သိရှိရသည်။

ရန်ကုန်မြို့နှင့်   မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများမှ   ပြည်တွင်း၊  ပြည်ပကုန်ပစ္စည်း များနှင့် ထုတ်ကုန်ပစ္စည်းများကို မန္တလေးမြို့ နှင့်      အထက်မြန်မာပြည်တစ်ဝန်းလုံးသို့ လည်းကောင်း၊ တရုတ်နိုင်ငံ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများသို့လည်းကောင်း  သယ်ယူ ပို့ဆောင်ပေးနေကြသော   ကုန်တင်ကားကြီး များ၊    ကွန်တိန်နာကားကြီးများ၊  ဆီသယ်ယာဉ် ကြီးများ   အားလုံးနီးပါးသည်   ရန်ကုန်-ပဲခူး-တောင်ငူ-မန္တလေးကားလမ်းကို  အသုံးပြုနေ ကြပါသည်။ ရန်ကုန်-ပဲခူး- မန္တလေးလမ်းမကြီး  ကို နိုင်ငံသားလုပ်ငန်းရှင်များက BOT စနစ်ဖြင့် လမ်း/တံတားအဆင့်    မြှင့်တင်ခြင်းလုပ်ငန်း များကို  ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်ရန်ပုံငွေ   သုံးစွဲရမှုသက်သာစေပြီး အခြားလိုအပ်သော  ပညာရေးနှင့် ကျန်းမာရေး ရန်ပုံငွေများတွင် သုံးစွဲနိုင်သည့်  အကျိုးကျေးဇူး များ  ရရှိစေသည်။

နိုင်ငံသားပုဂ္ဂလိက   လုပ်ငန်းရှင်များက စီးပွားရေးတွက်ခြေကိုက်သော လမ်း/တံတား များတွင် ရင်းနှီးမြှုပ်နှံမှုကြောင့် လုပ်ငန်းရှင်     ပြည်သူများအတွက်လည်း   အကျိုးစီးပွား ဖြစ်ထွန်းစေပါသည်။ ဒေသခံပြည်သူများအတွက် လည်း   လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး    အလုပ် အကိုင်အခွင့်အလမ်းများ  ရရှိစေသည်။ ရန်ကုန်-  ပဲခူး- တောင်ငူ- မန္တလေး  လမ်းတစ်လျှောက်ရှိ  ဒေသခံပြည်သူများ၊   ခရီးသွားပြည်သူများ အနေဖြင့်လည်း လမ်း/ယာဉ်အန္တရာယ်ကင်းရှင်း  စေပြီး လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ သော လမ်းမကြီးကို အသုံးပြုနိုင်သည့် အကျိုး ကျေးဇူးများရရှိနေပြီ ဖြစ်ပါသည်။

၃။ ရန်ကုန်-နေပြည်တော်-မန္တလေး

 အမြန်လမ်းမကြီး

ရန်ကုန်-   နေပြည်တော်- မန္တလေး  အမြန် လမ်းမကြီးသည် ရန်ကုန်-နေပြည်တော် လမ်း အပိုင်း  ၂၀၂  မိုင်နှင့် နေပြည်တော်-မန္တလေး လမ်းအပိုင်း  ၁၅၆  မိုင် ၂ ဖာလုံရှိပြီး စုစုပေါင်း ၃၅၈ မိုင် ၂ ဖာလုံ လမ်းအရှည်ရှိသည်။  အမြန် လမ်းမကြီးမှာ  ၂၄  ပေအကျယ်ကားလမ်း အသွားအပြန်နှစ်ဖက်ပါရှိသော လေးလမ်းသွား   လမ်းမကြီးဖြစ်ပြီး လမ်းလယ်ကျွန်းမှာ ပေ  ၃၀   အကျယ်ရှိပါသည်။      အမြန်လမ်းမကြီးကို  ၂၀၁၀     ပြည့်နှစ်တွင်   ဖွင့်လှစ်နိုင်ခဲ့သည်။  အမြန်လမ်းမကြီးကို ဆောက်လုပ်ရေးဝန်ကြီး ဌာန ရန်ကုန်-မန္တလေး  အမြန်လမ်း ထိန်းသိမ်း ရေးအဖွဲ့က လမ်းတိုးတက်ပြုပြင်ခြင်းလုပ်ငန်း များ   ဆောင်ရွက်လျက်ရှိပြီး လမ်းဦးစီးဌာနက  လမ်းအသုံးပြုခကောက်ခံရရှိငွေမှာ  တစ်နှစ် လျှင်   ကျပ် ၂၂ ဘီလီယံရှိကြောင်း   သိရှိရသည်။       ရန်ကုန်-နေပြည်တော်-မန္တလေး     အမြန် လမ်းမကြီးသည်  နိုင်ငံတော်အတွက်  အဓိက အရေးပါသော လမ်းမကြီးဖြစ်ပြီး ပြည်သူများ  အနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းများ     ဆောင်ရွက်ရန်  သွားလာခြင်း၊     ဒေသန္တရဗဟုသုတအတွက်  အပန်းဖြေခရီးနှင့်   ဘုရားဖူးသွားလာခြင်း စသည်တို့  အမြန်လမ်းမကြီးကို   အသုံးပြုပြီး  သွားလာနိုင်ကြပြီဖြစ်သည်။

ဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသများ

ဖွံ့ဖြိုးတိုးတက်စေမည့် ပုသိမ်-မုံရွာလမ်း

ဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသများ    ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုသိမ်-မုံရွာလမ်းကို မြန်မာနိုင်ငံအတွင်း တိုင်းဒေသ ကြီးလေးခုကို  ဖြတ်သန်းဖောက်လုပ်ထား ပါသည်။ ပုသိမ်-မုံရွာ လမ်းမကြီးဖြတ်သန်း သွားသော တိုင်းဒေသကြီးများမှာ ဧရာဝတီ တိုင်းဒေသကြီးအတွင်း  လမ်းအရှည် ၇၀ မိုင် ၂  ဖာလုံ၊   ပဲခူးတိုင်းဒေသကြီးအတွင်း မိုင်တိုင် ၁၃၅/၅ မှ ၁၇၉/၆ အထိ  လမ်းအရှည်  ၄၄  မိုင်  ၁  ဖာလုံ၊ မကွေးတိုင်းဒေသကြီးအတွင်း      မိုင်တိုင် ၁၇၉/၆ မှ ၄၂၄/၅ အထိ   လမ်းအရှည် ၂၄၄ မိုင် ၇ ဖာလုံရှိပြီး  စစ်ကိုင်းတိုင်းဒေသကြီး အတွင်း  မိုင်တိုင်  ၄၂၄/၅ မှ ၄၅၀/၅ အထိ အရှည် ၂၆ မိုင်နှင့် ပုသိမ်- မုံရွာလမ်းအရှည် စုစုပေါင်းမှာ ၄၅၀  မိုင် ၃  ဖာလုံရှိပါသည်။ ပုသိမ်-မုံရွာလမ်းသည်          မြန်မာနိုင်ငံ အောက်ပိုင်းရှိ ပုသိမ်ခရိုင်၊  ဟင်္သာတခရိုင်၊  မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပြည်ခရိုင်၊ သရက်  ခရိုင်နှင့် မင်းဘူးခရိုင်၊   မြန်မာနိုင်ငံ အထက် ပိုင်းရှိ   ပခုက္ကူခရိုင်၊    ယင်းမာပင်ခရိုင်နှင့်   မုံရွာခရိုင်တို့ကို     ဆက်စပ်ပေးထားသော  လမ်းမကြီး ဖြစ်ပါသည်။

ပုသိမ်-မုံရွာ လမ်းကြီးမှတစ်ဆင့်  ရခိုင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးကို ဆက်သွယ်သွားလာနိုင်ပါသည်။  ပုသိမ်-မုံရွာလမ်းမကြီးကြောင့်      ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ မြို့/ရွာများ ဖွံ့ဖြိုး တိုးတက်စေပါသည်။   ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး  အစိုးရအဖွဲ့များ လမ်းထိန်းသိမ်းရေးရန်ပုံငွေ များဖြင့် ပုသိမ်-မုံရွာလမ်းကို သက်ဆိုင်ရာ  တိုင်းဒေသကြီး      လမ်းဦးစီးဌာနများက တာဝန်ယူထိန်းသိမ်းလျက်ရှိသည်။ ပုသိမ်-မုံရွာလမ်းမကြီးကိုအသုံးပြုပြီး          ဒေသ ထွက်ကုန် ပစ္စည်းသယ်ယူပို့ဆောင်ရောင်းဝယ် နိုင်ခြင်းနှင့်      စိုက်ပျိုးရေး၊   မွေးမြူရေး၊      ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ  ဆောင်ရွက် နိုင်ကြခြင်းတို့ကြောင့်    ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ      ရရှိပြီး    လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။

 

ကိုတင့်(မြို့ပြအင်ဂျင်နီယာ)

အပိုင်း (၁) ကို ဖတ်ရှုရန်

အပိုင်း(၃)ကို ဖတ်ရှုရန်