သံလွင်မြစ်အားဖြတ်သန်းတည်ဆောက်နေသည့် သံလွင်တံတား(တာကော်) သတ်မှတ်ကာလအတွင်း ပြီးစီးရန်ဆောင်ရွက်နေ

28-Nov-2022

သံလွင်မြစ်အားဖြတ်သန်းတည်ဆောက်နေသည့် သံလွင်တံတား(တာကော်)အား သတ်မှတ်ကာလအတွင်းပြီးစီးရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ သံလွင်တံတား(တာကော်)သည် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိ သံလွင်မြစ်ကိုဖြတ်သန်း၍ အရှည်ပေ ၇၈၀ ရှိ သံလွင်တံတား(တာကော်)အဟောင်းနှင့် ပေ ၇၀ အကွာတွင် တည်ဆောက်နေခြင်းဖြစ်ပြီး  ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် တည်ရှိသည်။ 

လက်ရှိတွင် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ တံတားကိုယ်ထည်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၂ ခုနှစ် ဧပြီလကုန်ပိုင်းတွင် တံတားကိုယ်ထည်လုပ်ငန်းများပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံလွင်တံတား(တာကော်)သည် အရှည် ၃၅၁ မီတာရှိပြီး တံတားအပေါ်ထည်သည် သံမဏိသံပေါင်နှင့် သံကူကွန်ကရစ် ကြမ်းခင်း အမျိုးအစားဖြစ်ကာ တံတားအောက်ခံအုတ်မြစ်များအား အချင်း ၂ ဒသမ ၇၄ မီတာရှိသည့် Caisson Foundationနှင့် အချင်း ၁ ဒသမ ၅ မီတာရှိသည့် သံကူကွန်ကရစ်ဘိုးပိုင်များဖြင့် တည်ဆောက်ထားသည်။ တံတားခန်းဖွင့်အတွက် အကျယ် ၂၀ မီတာ ခန်းဖွင့် တစ်ခန်း၊ အကျယ် ၁၉ ဒသမ ၂၈၅ မီတာ ခန်းဖွင့် တစ်ခန်း၊ အကျယ် ၆၅ ဒသမ ၈၉၅ မီတာ ခန်းဖွင့် တစ်ခန်း၊ အကျယ် ၁၂၀ ဒသမ ၆၄ မီတာ ခန်းဖွင့် တစ်ခန်း၊ အကျယ် ၆၅ ဒသမ ၈၉၅ မီတာ ခန်းဖွင့် တစ်ခန်း၊ အကျယ် ၂၉ ဒသမ ၂၈၅ မီတာ ခန်းဖွင့် တစ်ခန်းနှင့် အကျယ် ၃၀ မီတာ ခန်းဖွင့် တစ်ခန်းတို့ ပါဝင်တည်ဆောက်မည်ဖြစ်သည်။

တံတားအကျယ်   ၃၉ ပေ ၄ လက်မ၊ ယာဉ်သွားလမ်းအကျယ် ၂၇ ပေ ၁၀ လက်မနှင့် လူသွားလမ်းအကျယ်  တစ်ဖက်လျှင် ၅ ပေ ၉ လက်မစီပါဝင်မည်ဖြစ်ပြီး ရေလမ်းကင်းလွတ်အကျယ် ၃၆၁ ပေနှင့် အမြင့် ၄၅ ပေရှိမည်ဖြစ်၍ တံတားခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့်  တံတားအထူးအဖွဲ့(၁၂)မှသိရသည်။

သံလွင်တံတား(တာကော်) တံတားဟောင်းသည်    ရှမ်းပြည်နယ်တောင်ပိုင်းနှင့်    ရှမ်းပြည်နယ်အရှေ့ပိုင်းသို့   အဓိက ဆက်သွယ် ထားသော   မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်တွင်တည်ရှိသည်။ အဆိုပါလမ်းသည်  မြန်မာနိုင်ငံ အလယ်ပိုင်းမှ တစ်ဆင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ ၎င်းမှတစ်ဆင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ဆက်သွယ်ထားပြီး ထိုမှတစ်ဆင့်နယ်စပ်မြို့ဖြစ်သော တာချီလိတ်မြို့ကိုသာမက  လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သို့လည်း ဆက်သွယ်သွားလာနိုင်သည်။

ယင်းကဲ့သို့   ဆက်သွယ်သွားလာမှုများကြောင့် ဒေသအတွင်းမှ ထွက်ကုန်များသာမက မြန်မာနိုင်ငံ၏ဒေသအသီးသီးမှ  ထွက်ကုန်များ ကိုပါ   အိမ်နီးချင်းနိုင်ငံများသို့ ပေးပို့တင်သွင်းနိုင်ခြင်း၊  အိမ်နီးချင်းနိုင်ငံများမှထွက်ကုန်များအား မြန်မာနိုင်ငံသို့ တင်သွင်းဝယ်ယူနိုင် သဖြင့် နိုင်ငံ၏ ဈေးကွက်စီးပွားရေးအတွက် အဓိကအချက်အချာကျသောလမ်းတစ်ခုဖြစ်သည်။ သံလွင်တံတား(တာကော်) တည်ဆောက်ရေး စီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)နှင့် တံတား အထူးအဖွဲ့(၁၂) မှတာဝန်ယူကာ  ၂၀၁၈  ခုနှစ် ဧပြီလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလ ကုန်ပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်း များပြီးစီးရန်  လျာထားဆောင်ရွက်လျက်ရှိကြောင်းနှင့်  ခန့်မှန်းတန်ဖိုးငွေကျပ်  သန်းပေါင်း  ၂၆၃၅၀  အကုန်အကျခံ၍ လျာထားတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။