ရန်ကုန်သမိုင်းထဲမှ ဆွေတော်မျိုးတော် သင်္ချိုင်းဂူများ

21-Mar-2023

မောင်သာ(ရှေးဟောင်းသုတေသန)   

(ရတနာပုံ သတင်းစာ ၁၅ ၊ ၂ ၊ ၂၀၂၃)

            ရှည်လျားသော ခေတ်ကာလများကို ဖြတ်သန်းခဲ့သည့် ရန်ကုန်မြို့၌ များစွာသော မြို့ပြအမွေအနှစ်များသည် ယနေ့တိုင် ကျန်ရှိနေသည်။ယင်းတို့အနက် လူသိများထင်ရှားသည့် အမွေအနှစ်များနှင့်အတူ မထင်မရှား တိမ်မြုပ်နေသည့် အမွေအနှစ်များလည်းပါဝင်သည်။

            ရန်ကုန်မြို့ရှိ တိမ်မြုပ်နေသော  မြို့ပြအမွေအနှစ်များတွင် ကုန်းဘောင်ခေတ်နှောင်းပိုင်း၊ ရတနာပုံ ခေတ်ဘုရင် နှစ်ပါးဖြစ်သည့် မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက် တော်ဝင်နွယ် ဆွေတော်မျိုးတော်များ၏ သင်္ချိုင်းအုတ်ဂူများ လည်းအပါအဝင်ဖြစ်သည်။

            သက်တမ်း ၁၃၃ နှစ်ရှည်ကြာခဲ့သည့် ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅) သည် ဘုရင် ၁၁ ပါး စိုးစံခဲ့ကာ မြန်မာ့ သမိုင်းတွင် မှတ်တမ်းမှတ်ရာအများဆုံးကျန်ရှိခဲ့သည့် ခေတ်ဖြစ်သည်။ မျက်မှောက်ခေတ်နှင့် အနီးစပ်ဆုံးဖြစ်သည့်  ရတနာပုံခေတ်တွင် မင်းတုန်းမင်းနှင့် သားတော် သီပေါမင်းတို့ နန်းစံခဲ့ပြီးနောက် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် နယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့သည်။

            မင်းတုန်းမင်းနှင့်သီပေါမင်းတို့၏ ဆွေတော်မျိုးတော်များသည် နှစ်ပေါင်း (၁၀၀)ကျော်ကာလအတွင်း ကွယ် လွန်ခဲ့ ကြပြီဖြစ်ရာ ယင်းတို့အနက် အချို့ပုဂ္ဂိုလ်များ၏ အုတ်ဂူများကို ရန်ကုန်မြို့၌ ယနေ့တိုင်မြင်တွေ့နိုင်ကြသည်။

ကုန်းဘောင်ဘုရင်များ၏ သင်္ချိုင်းဂူများ

            ကုန်းဘောင်ခေတ်ကိုတည်ထောင်သူ အလောင်းမင်းတရားဦးအောင်ဇေယျ၊ဘိုးတော်ဘုရားဗဒုံမင်း၊စစ်ကိုင်းမင်း၊ သာယာ၀တီမင်းနှင့် မင်းတုန်းမင်းတို့၏ ဂူဗိမာန်များကို မြန်မာနိုင်ငံတွင် ယနေ့တိုင်မြင်တွေ့နိုင်ကြရကာ သီပေါမင်း၏ အုတ်ဂူမှာမူ အိန္ဒိယနိုင်ငံတွင် တည်ရှိနေသည်။

            ကုန်းဘောင်မင်းဆက်ကိုတည်ထောင်ခဲ့သူ အလောင်းမင်းတရားဦးအောင်ဇေယျ(၁၇၅၂-၁၇၆၀)သည် ၁၇၅၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် ယိုးဒယားသို့ စစ်ချီခဲ့ပြီး ၁၇၆၀ ပြည့်နှစ်၊ မေလ ၁၁ ရက်တွင် ယခုမွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ကင်းရွာစခန်း၌ နတ်ရွာစံခဲ့သည်။အလောင်းမင်းတရား၏ ရုပ်အလောင်းကို ရန်ကုန်မြို့မှ တစ်ဆင့် ရွှေဘိုမြို့သို့ သယ်ဆောင်ကာ ရွှေဘုံရတနာ နန်းတော်ရာဝင်းအတွင်း၌ ဂူသွင်းမြှုပ်နှံခဲ့ရာ ယနေ့တိုင်သွားရောက်ကြည့်ရှု နိုင်သည်။

အမရပူရတွင် မြှုပ်နှံသဂြိုဟ်ခဲ့သည့် ကုန်းဘောင်ဘုရင်သုံးပါး၏ ဂူဗိမာန်များကိုမူ အရိုးအိုးစေတီများ အဖြစ် မြင်တွေ့ကြရသည်။

ဘိုးတော်ဘုရားဗဒုံမင်း(ခရစ်နှစ် ၁၇၈၂-၁၈၁၉) သည်  ၁၈၁၉ ခုနှစ် ဇွန်လ၅ ရက်တွင်နတ်ရွာစံခဲ့ပြီး မြေးတော် အိမ်ရှေ့မင်းသားက နန်းမြို့အတွင်းရှိလွှတ်တော် အရှေ့မြောက်ဘက်၌ ဇွန်လ  ၇ ရက်တွင် သဂြိုဟ် ခဲ့သည်။

            ဘိုးတော်ဘုရား၏ ဂူဗိမာန်ကို အမရပူရ နန်းမြို့ဟောင်း အရှေ့တောင်ဘက်တွင်တည်ရှိကာ တောင်သမန် ကန်ပတ် လမ်းမှ ဖြစ်စေ၊ မြို့ရိုးတောင်ဘက်တံခါးရှိ တပ်တွင်း ဝင်ပေါက်မှဖြစ်စေ သွားရောက်နိုင်သည်။ပေ ၈၀ ကျယ်ဝန်းသည့် ပရိဝုဏ်အတွင်း ပေ ၅၀ ပတ်လည် ကုလားကျောင်းခံ စေတီ အပေါ်ရင်ပြင် အနောက်တောင်ထောင့်တွင် တည်ရှိသည့် ဘိုးတော်ဘုရား၏ အုတ်ဂူပြာသာဒ်ရှေ့တွင် ဘိုးတော်ဘုရားနှ င့် ဆက်နွှယ်သည့် အကြောင်းအရာများကို ရေးထိုးထားသည့် ကျောက်စာကို စိုက်ထူထားသည်။

            ဘိုးတော်ဘုရားနတ်ရွာစံပြီးနောက် နန်းတက်ခဲ့သည့် မြေးတော် စစ်ကိုင်းမင်း(ခရစ်နှစ် ၁၈၁၉-၁၈၃၇) သည် နန်းကျ ဘုရင်အဖြစ် ညီတော် သာယာဝတီမင်း၏ စောင့်ရှောက်မှုကို ခံယူခဲ့ကာ ၁၈၄၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် နတ်ရွာ စံခဲ့သည်။ စစ်ကိုင်းမင်း၏ ရုပ်အလောင်းကို အမရပူရဝင်းတော်အတွင်း ၌ မီးသဂြိုဟ်ခဲ့သည်။

စစ်ကိုင်းမင်း၏ အုတ်ပြာသာဒ်စေတီသည် အမရပူရနန်းတော် အနောက်တောင်ထောင့်ရှိ ပြာသာဒ်ကြီး ကျေးရွာ၊ ရွှေလင်းပင်ဘုရားရှေ့၊ကန်ပတ်လမ်းတွင်တည်ရှိသည်။ပေ ၄၀ ပတ်လည် ပရိဝုဏ် အတွင်း၌ ပေ ၂၀ ပတ်လည် ကုလား ကျောင်းခံ မုခ်သုံးပေါက်စေတီ၏ အုတ်ဂူပြာသာဒ် ဝင်ပေါက်ဘေးတွင် စစ်ကိုင်းမင်းနှင့် ပတ်သက်သည့် အကြောင်း အရာ များရေးထိုးထားသော ကျောက်စာကို စိုက်ထူထားသည်။

            စစ်ကိုင်းမင်းကို နန်းချခဲ့သည့် ညီတော် သာယာဝတီမင်း(ခရစ်နှစ် ၁၈၃၇-၁၈၄၆) သည် နောင်တော် စစ်ကိုင်းမင်း နတ်ရွာစံပြီး တစ်လအကြာ ၁၈၄၆ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်တွင် နတ်ရွာစံခဲ့ရာ သားတော် ပုဂံမင်းက လွှတ်တော် အရှေ့ မြောက် ပဟိုရ်စင် အနီးတွင် မီးသဂြိုဟ်ခဲ့သည်။

            သာယာဝတီမင်း၏ အုတ်ဂူကိုအမရပူရနန်းမြို့ဟောင်းအလယ်တွင် မြင်တွေ့နိုင်သည်။လက်ရှိတပ်တွင်း အထက် တန်းကျောင်း၏ မြောက်ဘက်တွင် ကပ်လျက်တည်ရှိနေသည့် သာယာဝတီမင်း အုတ်ဂူသည် ရတနာပုံခေတ် တော်ဝင်မိသား စုဝင်များ၏ အုတ်ဂူများနှင့် တူညီနေသဖြင့် ပြန်လည် တည်ဆောက်ခဲ့သည့် ဂူဖြစ်နိုင်ကြောင်းယူဆကြသည်။ မူလအုတ်ဂူ သည် အုတ်ခုံပေါ်တွင် လေးတိုင်စင်ထူ၍ အမိုးပြာသာဒ်တင်ထားသည့် အဆောက်အအုံဖြစ်ကြောင်း သမိုင်း သုတေသီ ရန်နောင်စိုးက ရေးသားခဲ့သည်။

            ပဉ္ဏမသင်္ဂါယနာတင်ဘုရင် မင်းတုန်းမင်း(၁၈၅၃-၁၈၇၈)သည် သက်တော် ၆၄ နှစ်အရွယ်၊၁၈၇၈ ခုနှစ်၊ အောက် တိုဘာလ ၁ ရက်တွင် နတ်ရွာစံခဲ့ရာ သားတော် သီပေါမင်းက မန္တလေးနန်းတွင်း ၊ အတွင်းမြို့ရိုးအရှေ့မြောက်ထောင့် တွင် အုတ်ဂူသွင်းကာ သင်္ဂြိုဟ်ခဲ့သည်။မင်းတုန်းမင်းက နတ်ရွာစံလျှင် ရုပ်အလောင်းကို မီးသင်္ဂြိုလ်ခြင်းမပြုရန် ကိုယ်တိုင် မှာကြားခဲ့သည်ဟု ဆိုသည်။ မင်းတုန်းမင်း အုတ်ဂူပြာသာဒ်ကို မြေပြင်မှ ၃ ပေ၊ ၆ လက်မအမြင့် အုတ်ခုံပေါ်တွင် တည် ဆောက်ထားပြီး အုတ်ခုံလေးဘက်၌ လှေကားတစ်ခုစီကို တပ်ဆင်ထားသည်။ အုတ်ဂူပြာသာဒ် အုတ်ခုံ အရှေ့လှေကား အနီးတွင် မင်းတုန်းမင်းအကြောင်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာ ရေးထိုးထားသော ကျောက်စာတစ် ချပ်ရှိသည်။

            ကုန်းဘောင်ဆက် နောက်ဆုံးဘုရင် သီပေါမင်း(၁၈၇၈-၁၈၈၅) သည် မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးမှုနှင့် အတူ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိမြို့သို့ အပို့ခံခဲ့ရပြီး ၁၉၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် နတ်ရွာစံခဲ့သဖြင့် ထိုမြို့၌ပင် ဂူသွင်း သဂြိုဟ်ခဲ့သည်။သီပေါမင်းအုတ်ဂူကို  ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရ၏ အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ခဲ့သည်။

ရန်ကုန်မြို့ရှိ ဆွေတော်မျိုးတော် သင်္ချိုင်း

            ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ်ရှိ ငါးထပ်ကြီးဘုရား၏ အနောက်ဘက်မြေကွက်နေရာကို ဆွေတော် မျိုးတော်သင်္ချိုင်းဟု ခေါ်ဆိုခဲ့သည်။ မင်းတုန်းမင်း၏ တော်ဝင် မိသားစု ဆွေတော်မျိုးတော် အချို့ကို မြှုပ်နှံ ခဲ့သည့် အုတ်ဂူ များတည်ရှိသည့် ယင်းနေရာကို မသိရှိသူများ အများအပြားရှိသည်။

            တစ်ဧကခွဲကျယ်ဝန်းသည့် ယင်းနေရာကို မင်းတုန်းမင်း၏သမီးတော် မင်းတပ်ထိပ်ခေါင်တင်က အင်္ဂလိပ်အစိုးရ ထံမှ ဝယ်ယူ၍ ဆွေတော်မျိုးတော်သင်္ချိုင်းကို တည်ဆောက်ခဲ့သည်။

            ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ငါးထပ်ကြီးဘုရားလမ်းရှိ  မြန်အောင်ကျောင်းတိုက်ဆွမ်းစား ကျောင်း အဝင်မုခ်ဦးဝဲဘက်တွင် ဘုရင့်ဆွေတော်မျိုးတော် သင်္ချိုင်းတော်ဟု ရေးထားသည့် ကြေးပြားဆိုင်းဘုတ်ရှိသည်။မုခ်ဦး စေင်း တန်းအတိုင်းသွားလျှင် ကျိုက်ထီးရိုးပုံတူစေတီကို လွန်သည်နှင့် ဝဲဘက်အခြမ်း၌ ဖရိုဖရဲအိမ်များကြားတွင် အုတ်ဂူများ ရှိ သည်။ငါးထပ်ကြီးဘုရားမှလာလျှင် အနောက်ဘက်မုခ်မှထွက်၍တောင်ပိုင်ဘိုးဘိုးကြီးရုပ်တုအနီးရှိ ပေါ်တော်မူဘုရား ကို ကျော်၍ အုတ်လှေကားစောင်းတန်းအတိုင်းသွားနိုင်သည်။

အုတ်ဂူများသည် စောင်းတန်းဘေးတွင်ရှိနေကြကာ အုတ်ဂူများရှိသည့် နေရာသို့ဝင်သွားနိုင်သည့် စောင်းတန်းတိုင် နှစ်ခုတွင် နန်းဝတ်နန်းစားများဝတ်ဆင်ထားသည့်အမျိုးသမီးပုံတူ နှစ်ချပ်ရှိ၍ တစ်ခုတွင် “ကုမ္မာဒေဝီဘွဲ့ခံ ခုနှစ်ရွာ တိုက်စား မိဘုရားကြီး၊ ထိုင်းအယုဒ္ဓယဘုရင်၏ မြေးတော်” ဟုရေးထားသည်။

            အခြားပုံတွင် “ဘုရင့်ဆွေတော်မျိုးတော်များ အသင်း ဥက္ကဋ္ဌ မင်းတုန်းမင်းတြားကြီး၏ သမီးတော် သုသီရိစန္ဒာဒေဝီ မင်းတပ်ထိပ်ခေါင်တင်” ဟု ရေးထားသည်။

            ဆွေတော်မျိုးတော်သင်္ချိုင်းသို့ရောက်ရှိခဲ့စဉ်က အုတ်ဂူ ၁၉ လုံးကိုတွေ့ရှိခဲ့ရာအုတ်ဂူ ၈ လုံးသည် တော်ဝင်နွယ် ဆွေတော်မျိုးတော်များ၏ အုတ်ဂူများဖြစ်သည်။

ဆွေတော်မျိုးတော် အုတ်ဂူများ        

အိမ်ရှေ့စံ ကနောင်မင်းနင့် ဆောင်ရသခင်ကြီးခင်ဖော့တို့က ၁၈၅၆ ခုနှစ်တွင် ဖွားမြင်ခဲ့သည့် သားတော် လင်းပင်

မင်းသားကြီး သတိုးမင်းရဲဒိဗ္ဗသည် သက်တော် (၇၇)နှစ်အရွယ်၊မြန်မာသက္ကရာဇ် ၁၂၉၅ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်(၁၉၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်)စနေနေ့တွင် အမှတ် ၁၂ ၊ ကုက္ကိုင်းလမ်း၊ ရတနာသိင်္ဃစံအိမ်တော်တွင် ကံကုန်ခဲ့သဖြင့် ဆွေ တော်မျိုးတော် သင်္ချိုင်းတွင်မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည်။မူရင်းကျောက်ပြား မရှိတော့ဘဲ နောက်ထိုးကျောက်ပြားကပ်ထားသည်။

 ရေနံ့သာမြို့စား၊ ကသည်း မြို့ဝန် မင်းလှသမိန်ထောရာဇာ ဦးရွှေမောင်၏ သမီးဖြစ်သူ ရေနံ့သာခင်ခင်ကြီးသည် လင်းပင် မင်းသားကြီးနှင့် ၁၈၈၂ ခုနှစ်တွင် လက်ဆက်ခဲ့ပြီး အသက် (၆၈) နှစ်အရွယ်တွင် အမှတ် ၁၂ ၊ ကုက္ကိုင်းလမ်း၊ ရတနာ သိင်္ဃစံအိမ်တော်တွင် ကံကုန်ပြီး ငါးထပ်ကြီး ဘုရင့်ဆွေတော် မျိုးတော်များ သင်္ချိုင်းတွင် မြှုပ်နှံ သင်္ဂြိုလ်ခဲ့ သည်။ အုတ်ဂူတွင် လင်းပင်မင်းသားကြီး၏ မြောက်သားတော်ဟု ရေးထိုးထားသည်။မြောက်သားတော်သည် ဇနီးဟု ဆိုလိုကြောင်း မောင်သန်းဆွေ(ထားဝယ်)က ရေးသားခဲ့သည်။ကွယ်လွန်သည့် ရက်ကိုရေးထိုးထားခြင်းမရှိချေ။

            ညောင်အုပ်မင်းသမီး ထိပ်တင်ချို၏ အုတ်ဂူတွင် ညောင်အုပ်မင်းသ္မီး ထိပ်တင်ချို အသက် ၅၁ နှစ် နတ်တော်လ္ဆန်း ၄ ရက်နေ့ ၁၃၀၀ ပြည့်နှစ် နတ်ရွာစံသည် PRINCESS NYAUNG OK HTAIK TIN CHOE DIED ON 24TH NOVEMBER 1938 ဟု ရေးထိုးထားသည်။ ယင်းရက်သည် ၁၉၃၈ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်၊သောကြာနေ့ဖြစ်သည်။

၁၃၀၁ ခုနှစ် နယုန်လဆုတ် ၁၁  ရက်(၁၉၃၉ ခုနှစ်၊ ဇွန်လ ၁၂ ရက်)၊တနင်္လာနေ့တွင်ကွယ်လွန်ခဲ့သည့် ညောင်အုပ် ထိပ်တင်စိုးသည် မင်းတုန်းမင်း၏ မြေးတော် ညောင်အုပ်မင်းသား၏ သမီးတော်ဖြစ်၍ ကွယ်လွန်ချိန်တွင် သက်တော်  ၄၇  နှစ် ရှိပြီဖြစ်သည်။

            မင်းတုန်းမင်း၏မြေးတော်ဖြစ်ပြီး  မြင်းမူထိပ်ခေါင်တင်ဘုရား၏ သားတော် မောင်မောင်ထိပ်တင် သက်တော် ၆၀ နှစ်သည် ၁၃၁၃ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက် (၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်) ၊ အင်္ဂါနေ့တွင် နတ်ရွာ စံလွန် ကြောင်း အုတ်ဂူတွင် ရေးထိုးထားသည်။

မင်းတုန်းမင်း၏ မြေးတော် ပင်လယ်ထိပ်ခေါင်တင်ကြီး သက်တော် (၈၁) နှစ် ၏အုတ်ဂူတွင် ၁၃၁၇ ခုနှစ် တန်ဆောင်မုန်းလ္ဆန်း (၁၄) ရက်နေ့ တွင်နတ်ရွာစံကြောင်း ရေးထိုးထားသည်။(၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်) အင်္ဂါနေ့ဖြစ်သည်။ ပင်လယ်ထိပ်ခေါင်တင်ကြီး အုတ်ဂူနှင့် ဘေးချင်းကပ် ရှိနေသည့် အုတ်ဂူတွင်မူ မည်သည့် စာမှ ရေးသား ထားခြင်းမရှိသဖြင့် မည်သူ၏ အုတ်ဂူဖြစ်ကြောင်းမသိရှိနိုင်ခဲ့ချေ။

            မင်းတုန်းမင်း၏ မြေးတော် ၊သက်တော် ၈၃ နှစ်ရှိ သုသီရိ နန္ဒဝတီ (ခေါ် ) ပင်လယ်ထိပ်ခေါင်တင်ကလေး သည် ၁၃၂၂ ခု ဝါဆိုလ္ဆန်း ၅ ရက်နေ့ တွင် နတ်ရွာစံခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဇွန်လ ၂၇ ရက်၊ တနင်္လာနေ့ဖြစ်သည်။

            မင်းတုန်းမင်းနှင့် ခုနစ်ရွာ မိဖုရားတို့၏ သမီးတော် မင်းတပ် ထိပ်ခေါင်တင်သည် သုံးဆယ်မင်းသားနှင့်ပင်လယ်

မင်းသားတို့၏ အငယ်ဆုံးနှမတော်ဖြစ်၍ သက်တော် ၁၀၃ နှစ်တွင် နတ်ရွာစံသဖြင့် ဆွေတော်မျိုးတော် သင်္ချိုင်းတွင် ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။ ကွယ်လွန်သည့် ရက်ကို ၁၉၆၆ ခုနှစ် ၊ ဇွန်လ ၅ ရက်ဟု ရေးထိုးထားသည်။

အခြားအုတ်ဂူများ

ဆွေတော်မျိုးတော် သင်္ချိုင်းတွင် ဆွေတော်မျိုးတော် မဟုတ်သည့် ပုဂ္ဂိုလ် ရှစ်ဦး၏ အုတ်ဂူများလည်းတည်ရှိနေရာ

၁၉၃၇ ခုနှစ်တွင်ကွယ်လွန်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးချုပ်ဟောင်း ဆာဦးဘ (ဘီအေ၊ ကေအက်စ်အမ် BA၊ KSM) အသက် ၆၄ နှစ် နှင့် ၁၉၅၁ ခုနှစ်တွင်ကွယ်လွန်ခဲ့သည့် ဒေါ်မြပွင့် ( လေဒီဘ) (ဆာဦးဘဇနီး) တို့၏ အုတ်ဂူနှစ်လုံးသည် ဘေးချင်းယှဉ် လျက် တည်ရှိနေသည်။

            ၁၉၆၅ ခုနှစ်တွင်ကွယ်လွန်ခဲ့သော ရတနာဦးသွင် အသက် ၈၃ နှစ် နှင့် ၁၉၆၇ ခုနှစ် တွင်ကွယ်လွန်ခဲ့ သော ဇနီး ဒေါ်ဒေါမြိုင် အသက် ၈၅ နှစ် တို့ အုတ်ဂူများသည်လည်း ဘေးချင်းယှဉ်လျက် တည်ရှိသည်။ရတနာ ဦးသွင် နှင့် ဇနီး ဒေါ်ဒေါ်မြိုင်တို့ သည် လက်ရှိ စောင်းတန်းကို ၁၉၅၇ ခုနှစ်တွင် တည်ဆောက် လှူဒါန်းခဲသည်။

            ထို့အတူ ၁၉၆၄ ခုနှစ်တွင်ကွယ်လွန်ခဲ့သော စည်သူ ဦးတင်(အိုင်စီအက်စ် )အသက် ၆၁ နှစ် နှင့် ၁၉၈၂ ခုနှစ် တွင်ကွယ်လွန်ခဲ့သော ဇနီး ဒေါ်ညွန့်ညွန့် အသက် ၇၉ နှစ်တို့၏  အုတ်ဂူများသည် ဘေးချင်း ယှဉ်လျက်တည်ရှိသည်။

            အခြားဂူများမှာ ၁၉၄၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် ဆရာဆိုင် အသက် ၆၉ နှစ် နှင့် ၁၉၄၅ ခုနှစ်တွင်ကွယ်လွန်ခဲ့ သည့် လယ်ဝန်မင်း ဦးစံရွှေ အသက် ၇၆ နှစ် တို့ ၏ ဂူများဖြစ်ကြသည်။

            ကုန်းဘောင်ဘုရင်မင်းတုန်းမင်း၏ ဆွေတော် မျိုးတော် ရှစ်ဦးအပါအဝင် အုတ်ဂူ ၁၉ လုံးရှိနေသည့် ဆွေတော် မျိုး တော်သင်္ချိုင်းသည် လူသိမများဘဲ အတန်ငယ် တိမ်မြုပ်နေသည့် ရန်ကုန်မြို့ပြ အမွေအနှစ် တစ်ခုဟု ဆိုနိုင်ကာ စိတ်ဝင်စား သူများသွားရောက်ကြည့်ရှုလေ့ရှိသည့်  နေရာတစ်ခုဖြစ်ပေသည်။

ကိုးကား

ကုန်းဘောင်ရှင်းတမ်း(မောင်သန်းဆွေ ထားဝယ်)

မြန်မာ့ရက်စွဲသမိုင်း(ကုန်းဘောင်ဆက်)(ဦးတိက္ခဓမ္မာလင်္ကာရ၊ ဒေါက်တာသန်းထွန်း)