ထိုင်းဆန္ဒပြပွဲ ဘန်ကောက်ဆင်ခြေဖုံးကို ရောက်ရှိ

29-Nov-2020

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေအနေနဲ့ မနေ့က ညီညီညာညာ တန်းစီချီတက်ကာ ဝန်ကြီးချုပ်နုတ်ထွက်ပေးရေး၊ ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးနဲ့ ဘုရင်စနစ်ပြောင်းလဲရေး မိန့်ခွန်းတွေ ဟောပြောခဲ့ကြပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် Prayuth Chan-o-Cha အနေနဲ့ ဥပဒေသုံး နှိမ်နင်းဖို့ ခြိမ်းခြောက်တာနဲ့ အရင် ဆန္ဒပြခေါင်းဆောင်များစွာကို ဘုရင်စနစ်ကို စော်ကားမှုနဲ့ တရားစွဲခဲ့ပေမယ့် ဆန္ဒပြပွဲတွေဟာ ဒီသီတင်းပတ်ထဲ ပိုမိုအင်အားတိုးလာနေပါတယ်။

ရာဂဏန်းတွေနဲ့ချီတဲ့ ဆန္ဒပြသူတွေအနေနဲ့လည်း ဘန်ကောက်မြို့ အနောက်မြောက်နဲ့ အရှေ့တောင်ဘက်ရှိ Nonthaburi နဲ့ Bang Na အရပ်တွေမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

အသက် ၂၄ နှစ်အရွယ် မကြာခင်က ဘွဲ့ရခဲ့တဲ့ A လို့ သူ့အိမ်နာမည်ပြောတဲ့ ကျောင်းသူက ဒီ ဖောက်ပြန်တဲ့ အာဏာရှင်စနစ်ဒဏ် နှစ်ပေါင်းကြာရှည် ခံစားလာနေရပြီ၊ ဒါကြောင့် ပြည်သူ့အသံကို ထင်ဟပ်စေမယ့် ရွေးကောက်ပွဲတွေ အလိုရှိတယ်လို့ ဟောပြောခဲ့ပါတယ်။

ဒီဆန္ဒပြသူတွေက ဝန်ကြီးချုပ် Prayuth အနေနဲ့ သူ့အာဏာသိမ်းအစိုးရကို တရားဝင်စေဖို့ စိတ်ကြိုက်ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့တာသာ ဖြစ်တယ်လို့ ဆိုနေချိန်မှာ ဝန်ကြီးချုပ်ဘက်ကတော့ မဲပေးခဲ့တာက တရားမျှတမှု ရှိခဲ့တာမို့ နုတ်ထွက်စရာ မလိုဘူးလို့ ပြန်ပြောထားပါတယ်။

ဘုရင့်နန်းတော်အနေနဲ့တော့ ဘယ်လိုကြေညာချက်မှ မထုတ်ပေမယ့် လက်ရှိဘုရင်ကတော့ ဒီဆန္ဒပြသူတွေအပေါ်လည်း အားလုံးလိုပဲ မေတ္တာတရား ထားပါတယ်လို့ ပြောခဲ့ပါတယ်။

VOA News