လွှတ်တော်အထူးအစည်းအဝေးခေါ်ဖို့ တောင်းဆိုချက် ပယ်ချ

12-Jan-2021

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူဖို့ တပ်မတော်ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံက တောင်းဆိုခဲ့ပေမဲ့ ပြည်ထောင်စုလွှတ်တော်ရုံးက ဒီကနေ့မှာပဲ ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာပြဿနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော်သက်တမ်းအတွင်း အထူးအစည်းအဝေးခေါ်ယူဖို့ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံပါတီကိုယ်စားလှယ်တွေက တောင်းဆိုခဲ့ကြတာပါ။

ဒါပေမဲ့လည်း ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က အပြီးအပြတ်အတည်ဖြစ်ပြီး လွှတ်တော်ကနေ အဖြေရှာရမယ့်ကိစ္စမဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ နယ်မြေတချို့မှာ မဲမသမာမှုတွေနဲ့ မဲစာရင်းမှားယွင်းမှုတွေ ရှိတယ်ဆိုတဲ့ တပ်မတော်နဲ့ အတိုက်အခံပါတီတွေဘက်က ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ဒီရွေးကောက်ပွဲရလဒ်အရ တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ကို လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ခေါ်ယူဖို့ လွှတ်တော်ရုံးက ထုတ်ပြန်ထားတာပါ။ အရင် လွှတ်တော်သက်တမ်းကတော့ ရက် ၂၀ ကျန်ရှိနေပေမဲ့ အထူးအစည်းအဝေး ခေါ်ယူဖို့တောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော်က ငြင်းဆန်ပါတယ်။

အထူးအစည်းအဝေးခေါ်ယူဖို့ တောင်းဆိုချက်ထဲမှာတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲအငြင်းပွားစရာတွေနဲ့ ကန့်ကွက်မှုတွေကို အဖြေရှာဆုံးဖြတ်ပြီး၊ နောက်လွှတ်တော်သက်တမ်းတခုကို ဥပဒေနဲ့အညီ ညင်သာစွာ ကူးပြောင်းဖို့ဖြစ်တယ်လို့ ဖော်ပြပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် လွှတ်တော်ကိုယ်စားလှယ်အနည်းဆုံး လေးပုံတပုံက တောင်းဆိုရင် ပြည်ထောင်စုလွှတ်တော်နာယက အထူးအစည်းအဝေးခေါ်ယူပေးရမယ်လို့ ပါရှိပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြည်ထောင်စုကြံခိုင်ရေးဖွံဖြိုးရေးပါတီ ကိုယ်စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီကိုယ်စားလှယ် ၄ ဦး၊ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီက တဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်ကိုယ်စားလှယ် ၁၆၀၊ စုစုပေါင်း ၂၀၃ ဦးတို့က ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ တောင်းဆိုခဲ့ကြတာလို့ ဖော်ပြထားပါတယ်။

VOA News