ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ထင်ရာစိုင်းလုပ်ခဲ့ကြ

12-Dec-2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေကို အမျိုးမျိုး ထုတ်ပြန်ပြီး ဆောင်ရွက်ခဲ့ရာမှာ အောက်ခြေကော်မရှင်အဖွဲ့ခွဲတွေထံ အမိန့်နဲ့ညွှန်ကြားချက်တွေ အချိန်မီမ ရောက်ခဲ့တဲ့အတွက် အောက်ခြေမှာ ထင်ရာစိုင်း လုပ်ခဲ့ကြတဲ့ ဖြစ်ရပ်တွေရှိခဲ့တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းက စွပ်စွဲ ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

ရွေးကောက်ပွဲကို ဒိုင်အဖြစ်ဆောင်ရွက်ရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲ မတိုင်ခင် အမိန့်နဲ့ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့မှုနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းက ဝေဖန်ပြောကြားလိုက်တာဖြစ်ပါတယ်။

ဦးလှထွန်းက “အမိန့်နဲ့ညွှန်ကြားချက်တွေကို လိုရင်လိုသလိုထုတ်ပြန်ပြီးတော့မှ အမျိုးမျိုး အဖုံဖုံဆောင်ရွက်နေခဲ့တဲ့ အတွက်ကြောင့် အောက်ခြေကို ချက်ခြင်းဆိုသလို မရောက်ဘဲနဲ့ မိမိထင်ရာစိုင်း၊ ထင်ရာလုပ်နေကြတဲ့ အနေအထားမျိုးနဲ့ ကျနော်တို့ ရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဒါတွေကိုအများကြီး ကျနော်တို့ တွေ့ခဲ့ရ ပါတယ်။ ဒီလိုတွေ့ခဲ့ရတဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲကြီးဟာ ရွေးကောက်ပွဲမှ ဟုတ်ရဲ့လားကွာ။ ပျော်ပွဲရွှင်ပွဲကြီးများ လုပ်နေသလား ဆိုပြီးတော့တောင် မြင်နေရတဲ့အပိုင်းတွေ အများကြီး တွေ့ရပါတယ်။” လို့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲရလဒ်တွေအရ ကြံ့ခိုင်ရေးပါတီအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်စုစုပေါင်း ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ပြည်ထောင်စုအဆင့်မှာ ၃၀ ကျော်သာ အနိုင်ရခဲ့တာပါ။

ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၃၀ ကျော်လာတဲ့အချိန်ထိတော့ လက်ရှိရလဒ်ကို လက်ခံနိုင်ခြင်းမရှိသေးတဲ့အတွက် ပါတီရဲ့ ရွေးကောက်ပွဲအခြေအနေကို သုံးသပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ပြောပါတယ်။

“၂၀၁၀ တုန်းက ကျနော်တို့ အစိုးရဖြစ်တယ်။၂၀၁၅ မှာ ပြည်ထောင်စုအဆင့်မှာ ကျနော်တို့ ၄၁ နေရာရှိတယ်။ အခုရွေး ကောက်ပွဲ ဒီရလဒ်မှာ ၃၃နေရာ။ ဒါပေမဲ့ အဲ့ဒီရလဒ်ကမမှန်ကန်ဘူးလို့ ဒါကြောင့် အခုကျနော်တို့ ပြောနေတာ။ဒီရလဒ် မှန်မှန်ကန်ကန်မဖြစ်တဲ့အပေါ်မှာတော့ ကျနော်တို့ အနေနဲ့ ပြောဖို့ခက်ပါတယ်။ဒါကြောင့် ရလဒ်မှန်မှန်ကန်ကန်၊ပြည်သူ့ဆန္ဒ အတိုင်းရတဲ့ ရလဒ်ကို သိပြီးတော့မှ ဒါကို ကျတယ်၊တက်တယ် ဆိုတာ ပြောလို့ရမှာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီအနေနဲ့ တရားစွဲဆိုမှုတွေ ၊ကန့်ကွက်မှုတွေ ပြုလုပ်နေရာမှာ ရဲအရေးပိုင်တဲ့အမှု ၁၇၁ မှုရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တရားဝင်ကန့်ကွက်လွှာ တင်သွင်းမှုက ၅၀‌ ကျော်လောက်ရှိတယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ- USDP

DVB News