ဗီယက်နမ်မှာ ဖေ့စ်ဘုတ်နဲ့ ဂူဂဲလ်တို့လုပ်ရပ် AI အဖွဲ့ဝေဖန်

01-Dec-2020

ဗီယက်နမ်နိုင်ငံထဲက ဖေ့ဘုတ်နဲ့ ဂူဂဲလ်ကုမ္ပဏီတွေရဲ့ အင်တာနက်စာမျက်နှာတွေဟာ လူ့အခွင့်အရေး ကင်းမဲ့ရာ ဇုန်နယ်မြေတွေဖြစ်လာနေပြီလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က အင်္ဂါနေ့မှာ စွပ်စွဲလိုက်ပါတယ်။ နိုင်ငံတွင်းမှာ ငြိမ်းချမ်းစွာ အတိုက်အခံပြုနေသူတွေအပြင် နိုင်ငံရေးအရ လွတ်လပ်ခွင့်တွေ ကင်းမဲ့သွားအောင် လူမှုကွန်ယက်ပေါ်ကရေးသားဖော်ပြချက်တွေကို ဒီနည်းပညာ ကုမ္ပဏီကြီးတွေက ထောက်ကူပြီး ဆင်ဆာလုပ် တည်းဖြတ်ပေးနေတယ်လို့လည်း AI ကပြောပါတယ်။

လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်နဲ့ ပတ်သက်ပြီး ကြီးမားတဲ့ မျှော်လင့်ချက်တွေ တချိန်ကရှိခဲ့ဖူးတဲ့ ဗီယက်နမ်နိုင်ငံထဲက လူမှုကွန်ယက်စာမျက်နှာတွေဟာ လူ့အခွင့်အရေး ကင်းမဲ့ရာနေရာတွေ ဖြစ်လာပြီလို့လည်း AI က သတိပေးပါတယ်။ နိုင်ငံတော်နဲ့ အာဏာရပါတီကို ဆန့်ကျင်တဲ့ ဝါဒဖြန့်ချိမှုတွေနဲ့ အစိုးရနဲ့ ပတ်သက်တဲ့ မကောင်းသတင်း ရေးသားဖော်ပြချက်တွေကို အမြန်ဆုံး ဖယ်ရှားပေးဖို့ အစိုးရရဲ့ တောင်းဆိုချက်တွေကို အဲဒီနည်းပညာကုမ္ပဏီတွေ လိုက်နာကြောင်း သတင်းနဲ့ ပြန်ကြားရေးဝန်ကြီး Nguyen Manh Hung ကပြီးခဲ့တဲ့လမှာ ပြောဆိုခဲ့ပါတယ်။

အစိုးရရဲ့ တောင်းဆိုချက်ကို ဒီနှစ်အတွင်း ဖေ့ဘုတ်ကုမ္ပဏီက ၉၅ % လိုက်နာပြီး YouTube ကတော့ ၉၀ % လိုက်နာမှုရှိတယ်လို့လည်း AI က ဆိုပါတယ်။ ဖေ့ဘုတ်ကုမ္ပဏီကတော့ ကမ္ဘာတဝန်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ပေးဖို့ ကြိုးစားလုပ်ကိုင်နေပါတယ်လို့ ကုမ္ပဏီပြောခွင့်ရသူက AFP သတင်းကို ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ AFP ရဲ့မေးမြန်းချက်ကို ဂူဂဲလ်နဲ့ ဗီယက်နမ် တာဝန်ရှိသူတွေ တုံ့ပြန်ဖြေကြားခြင်းမရှိပါဘူး။

VOA News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။