အရှုံးကို လက်မခံတဲ့ပါတီ၊ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့ပါတီလို့ အထင်ခံရနိုင်ကြောင်း ဦးရဲထွဋ်ပြော

12-Nov-2020

ရွေးကောက်ပွဲကျင်းပခဲ့တဲ့နေရာ အချို့မှာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့အဝင်အချို့ရဲ့ စီမံခန့်ခွဲမှု အားနည်းချက် အချို့ကြောင့် အငြင်းပွားဖွယ် တစ်စုံတစ်ရာရှိခဲ့ပေမဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ နိုင်ငံရေးပါတီတွေ သတင်းမီဒီယာတွေပြောဆိုချက် အရ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ခဲ့တာ မဟုတ်ကြောင်း ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အနေနဲ့ အငြင်းပွားတဲ့ နယ်မြေတချို့ကိုဘဲ ‌ရွေးကောက်ပွဲဥပဒေနဲ့ အညီကန့်ကွတ်တာလုပ်သင့်ကြောင်း ပြန်ကြား‌ရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကပြောပါတယ်။

ရွေးကောက်ပွဲကြီးတစ်ခုလုံးကို ငြင်းပယ်လိုက်မယ်ဆိုရင်တော့ ဒီပါတီဟာ အရှုံးကို လက်မခံတဲ့ပါတီ၊ ကန့်လန့်တိုက်တဲ့ပါတီ၊ ပြည်သူ့ဆန္ဒကို အလေးမထားတဲ့ပါတီလို့ ထင်ပြီးတော့ မဲရှုံးတာတင်မကဘဲ နိုင်ငံရေးအရ ရှုံးနိုင်တယ်လို့လည်းသူကပြောပါတယ်။

ဒါ့အပြင် တပ်မ‌တော်နဲ့ ရွေးကောက်ပွဲကော်မရှင် ပေါင်းပြီးရွေးကောက်ပွဲကျင်းပဖို့ပြောတာဟာ လက်ရှိ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေရဲ့ မူဝါဒ မဟုတ်ပါစေနဲ့လို့ မျှော်လင့်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွတ်လို့မှ လက်မခံနိုင်လို့ရှိရင်တော့ ပါတီအနေနဲ့ အနိုင်ရထားတဲ့နေရာတွေမှာ တာဝန်မထမ်းဆောင်ဘဲ နုတ်ထွက်လိုက်တာက ပိုပြီးရှင်းတယ်လို့ သူကပြောခဲ့ပါတယ်။

‌ရွေးကောက်ပွဲကို ကော်မရှင်နဲ့ တပ်မတော် ပေါင်းပြီး ကျင်းပဖို့ တောင်းဆိုတာဟာ အခြေခံဥပဒေမှာ မပါတဲ့နည်းနဲ့ လုပ်ခိုင်းတာဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က ပြည်သူ့ဆန္ဒ အဆုံးအဖြတ်ကို လက်ခံမယ်လို့ပြောထားတဲ့ အတွက် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ အကြံပြုချက်ကို လက်ခံမှာ မဟုတ်ကြောင်း ဦးရဲထွဋ်ကသုံးသပ်ပါတယ်။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။