၂၀၂၁ မတ်လမှ ဇွန်လအထိ မြန်မာ့လက်ရွေးစင်အသင်း ပြိုင်ပွဲများ ဆက်တိုက်ကစားရမည်

16-Nov-2020

ရန်ကုန် နိုဝင်ဘာ ၁၅

မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းသည် ၂၀၂၁ ခုနှစ် မတ်လမှ ဇွန်လအထိ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယခုနှစ်အတွင်း ကစားရမည့်ပြိုင်ပွဲ များကို ရွှေ့ဆိုင်းထားသောကြောင့် မြန်မာအသင်းအနေဖြင့် လေးလ ဆက်တိုက်ပြိုင်ပွဲများ ဆက်တိုက် ကစားရခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့်နှစ်တွင် အာရှအဆင့်နှင့် အာဆီယံအဆင့် အဆင့်အမြင့်ဆုံး ပြိုင်ပွဲယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲဒုတိယအဆင့် အုပ်စုလက်ကျန် ပွဲများကို မတ်လနှင့် ဇွန်လ၊ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ဧပြီလနှင့် မေလတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုလက်ကျန် ပွဲများကို ကျင်းပမည့်ကာလ ထုတ်ပြန် ထား သော်လည်း ကျင်းပမည့်ရက်များ ထုတ်ပြန်ခြင်းမရှိသေးဘဲ အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှာမူ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ကျင်းပမည်ဖြစ် ကြောင်း တရားဝင်ထုတ်ပြန်ထား သည်။ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပ ရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်း ခဲ့ရခြင်းဖြစ်ပြီး ဧပြီလတွင် ပြန်လည် ကျင်းပခြင်းဖြစ်သည်။ အာရှဘောလုံး အဖွဲ့ချုပ်၏ ထုတ်ပြန်မှုအရ မြန်မာ အသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများကို မတ်လတွင် နှစ်ပွဲ၊ ဇွန်လတွင် တစ်ပွဲကစားရမည်ဖြစ် သည်။ မြန်မာအသင်းသည် သုံးပွဲ ကစားရန်ကျန်ရှိနေပြီး ဂျပန်အသင်း နှင့် အဝေးကွင်းပွဲ၊ ကာဂျစ္စတန်နှင့် အိမ်ကွင်းပွဲကို မတ်လတွင် လည်း ကောင်း၊ တာဂျစ်ကစ္စတန်နှင့် အဝေး ကွင်းပွဲကို ဇွန်လတွင်လည်းကောင်း ယှဉ်ပြိုင်ကစားရန်ရှိနေသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့်နှစ်တွင် ပြိုင်ပွဲများဆက်တိုက် ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း ကပ်ရောဂါအခြေအနေကြောင့် လက်ရှိ အချိန်ထိ လေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ မတ်လကသာ ကာလတိုလေ့ကျင့်ခဲ့ရ သည်။ မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက ကိုင်တွယ်လျက် ရှိသည်။

ညီမြတ်သော်တာ