ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ ၁၅၄ ဦးကို အရေးယူ

11-Jan-2021

မကွေး   ဇန်နဝါရီ   ၁၀

မကွေးတိုင်းဒေသကြီး၌ ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး မကွေးခရိုင်အတွင်းရှိ အမိန့်ဖောက်ဖျက်ကျူးလွန်သူ ၁၅၄ ဦးအား အရေးယူထားကြောင်း တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ငါးခု၌ ဇန်နဝါရီ ၉ ရက်အထိ အမိန့် ဖောက်ဖျက်ကျူးလွန်သူ ၁၅၈ ဦးရှိပြီး အမိန့်မလိုက်နာသူများအနက် မကွေး ခရိုင်မှ ၁၅၄ ဦးဖြင့် အများဆုံးပါဝင်လျက်ရှိသည်။

“မင်းဘူးခရိုင်၊  သရက်ခရိုင်တို့မှာ ဖြစ်ပွားမှုမရှိပါဘူး။ ပခုက္ကူခရိုင်က တစ်ဦးနဲ့ ဂန့်ဂေါခရိုင်က သုံးဦးတော့ပါတယ်။ ဖြစ်ပွားမှုနည်းပါတယ်။ မကွေးခရိုင် ကအများဆုံးပါ။ စည်းကမ်းလိုက်နာမှု အားနည်းပါတယ်”ဟု မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီးထိန်ဝင်းက ပြောသည်။

ညမထွက်ရအမိန့်ကို ကပ်ရောဂါထိန်းချုပ်တားဆီးရေးနှင့် မှုခင်းကြိုတင် ကာကွယ်နိုင်ရေးတို့အတွက် အထောက်အကူဖြစ်စေရန် ထုတ်ပြန်ထားခြင်းဖြစ်ပြီး အသက် ၂၀ အထက် လူငယ်အများစုက အရက်သေစာသောက်စားကာ အမိန့် ဖောက်ဖျက်သွားလာမှုများရှိကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ဇေယျတု(မကွေး)