မြန်မာရွေးကောက်ပွဲအပေါ် Carter Center သုံးသပ်ချက်

12-Nov-2020

နိုဝင်ဘာ ၈ ရက်နေ့က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်လို့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ ကာတာ စင်တာက ကနဦး ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာမှာ မဲဆန္ဒရှင်တွေအနေနဲ့ လွတ်လပ်စွာ ရွေးချယ် မဲပေးခွင့်ရခဲ့တာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း ကျော်လွှား ဆောင်ရွက်နိုင်ခဲ့သလို ကိုယ်စားလှယ်လောင်းတွေ၊ ပြည်တွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ၊ သတင်း မီဒီယာတွေနဲ့ မဲဆန္ဒရှင်တွေဘက်ကလည်း ပူးပေါင်း ဆောင်ရွက်မှုတွေရှိတဲ့အပေါ် ချီးကျူး ပြောကြားထားပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်မှာ အငြင်းပွားဖွယ်ရာကိစ္စရပ်တချို့ ဖြစ်ခဲ့ပေမယ့်လည်း ရွေးကောက်ပွဲနေ့မှာတော့ မူမမှန်မှုတွေ ရှိခဲ့တယ်ဆိုတာ သူတို့အဖွဲ့ရဲ့ လေ့လာစောင့်ကြည့်မှုတွေအရ မတွေ့ရဘူးလို့ ဆိုပါတယ်။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေလည်း အခက်အခဲမရှိ လေ့လာ စောင့်ကြည့်နိုင်ခဲ့တယ်ဆိုတဲ့အချက်ကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် တပ်မတော်သားကိုယ်စားလှယ် (၂၅%) အတွက် အမတ်နေရာ ကြိုတင် သတ်မှတ်ထားပြီးဖြစ်တာ၊ နိုင်ငံအတွင်း ပဋိပက္ခတွေ ဆက်ရှိသေးတာ၊ အကြမ်းဖက်မှု၊ ဒါမှမဟုတ် ခွဲခြားဆက်ဆံခံရမှုတွေကြောင့် လူ ၂ သန်းကျော် မဲပေးခွင့်မရခဲ့ကြတာတွေ အပါအဝင် ဥပဒေ မူဘောင်အတွင်း ဟာကွက်တွေ ရှိနေသေးတာတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အရည်အသွေးဟာ နိမ့်ကျနေဆဲဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာ စံချိန် စံညွန်းတွေနဲ့ ကိုက်ညီဖို့အတွက် အဲဒီ လိုအပ်ချက်တွေကို ပြုပြင်ဖို့လိုတယ်လို့လည်း ကာတာ စင်တာက အကြံပြုထားပါတယ်။

ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် ကာတာ စင်တာအနေနဲ့ အပြည့်အ၀ လက်လှမ်းမီ လေ့လာနိုင်ခဲ့ခြင်း မရှိဘူးလို့လည်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

Crd VOA News