လွှတ်တော် အခင်းအကျင်း ကော်မရှင်အတည်ပြု

16-Nov-2020

၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်တွေကို ကော်မရှင်က နိုဝင်ဘာလ ၁၅ ရက်နေ့က တရားဝင်ထုတ်ပြန်ပြီးစီးကြောင်း ထုတ်ပြန်လိုက်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ နေရာ အခင်းအကျင်း ထွက်လာပြီဖြစ်ပါတယ်၊

အမျိုးသားလွှတ်တော်နဲ့ ပြည့်သူ့လွှတ်တော် အပြင်ပြည်နယ်လွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေကိုလည်းထုတ်ပြန်ခဲ့ပြီးတော့ စုစုပေါင်းမဲဆန္ဒနယ် ၁၁၁၇ နယ်အတွက် အပြီးသတ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပခဲ့တဲ့ စုစုပေါင်းမဲဆန္ဒနယ် ၁၁၁၇ နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ပြည့်သူ့လွှတ်တော် ၂၅၈ နေရာ ၊အမျိုးသားလွှတ်တော် ၁၃၈ နေရာ၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ ၅၁၂ နေရာ တိုင်းရင်းသားရေးရာဝန်ကြီး နေရာမှာ ၂၃ နေရာနဲ့ စုစုပေါင်း နေရာ ၉၂၀ အနိုင်ရရှိခဲ့တယ်လို့ရွေးကောက်ပွဲကော်မရှင်က အပြီးသတ်ထုတ်ပြန်ပါတယ်။

ဒုတိယ နေရာအများဆုံး အနိုင်ရခဲ့တဲ့ပါတီကတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဖြစ်ပြီးတော့ ပြည့်သူ့လွှတ်တော် ၂၆ နေရာ ၊ ၊အမျိုးသားလွှတ်တော် ၇ နေရာ၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ ၃၈ နေရာဖြစ်ပြီးတော့ စုစုပေါင်း ၇၁ နေရာဖြစ်ပါတယ်။

အခုလို ကော်မရှင်ဘက်က အပြီးသတ်ရလဒ်တွေ ထုတ်ပြန်လိုက်တယ်ဆိုပေမဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဘက်ကတော့ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်ပြီး ကန့်ကွက်လွှာတွေ တင်သွင်းဖို့ရှိတယ်လို့ ပြောထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီး ၇ရက်မြောက်နေ့မှာပဲ လွှတ်တော်မဲဆန္ဒနယ် အသီးသီး အတွက် အနိုင်ရရှိသူစာရင်းတွေကို ထုတ်ပြန်တာပြီးစီးပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေငြာခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြီးစီးတဲ့စာရင်းတွေအရဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုလွှတ်တော်တွင်း အမျိုးသားနဲ့ ပြည်သူ နှစ်ရပ်ပေါင်း ၃၉၆နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၃၃နေရာတို့ဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၃နေရာနဲ့ အခြားတိုင်းရင်းသားပါတီအချို့လည်း ပါဝင်ပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၁ခုနှစ် ဇန်နဝါရီလကုန် အလွန်မှာပဲ တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ကို ခေါ်ယူကျင်းပရမှာဖြစ်ပါတယ်။

အဲဒီလိုကျင်းပတဲ့အခါ လွှတ်တော်အကြီးအမှူးတွေကိုရွေးချယ်တာ၊ အခြေခံဥပဒေသတ်မှတ်ချက်တွေအရ ရွေးချယ်ခွင့်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အလိုက်က ရွေးချယ်တဲ့ ဒုတိယသမ္မတလောင်း ၃ဦး ကိုရွေးချယ်ကြရမှာပါ။ အဲဒီကတစ်ဆင့် သမ္မတကို ပြည်ထောင်စု လွှတ်တော်အမတ်တွေရဲ့ထောက်ခံမဲနဲ့ ရွေးချယ်ပြီး အစိုးရ အဖွဲ့ကို ဖွဲ့ကြတော့မှာဖြစ်ပါတယ်။

ဒုတိယအကြိမ် လွှတ်တော် သက်တမ်းရဲ့နောက်ဆုံး အစည်းအဝေးတွေဟာ၂၀၂၀ သြဂုတ်လအတွင်းက ပြီးဆုံးသွားခဲ့ပြီး လွှတ်တော် ပထမအကြိမ် စခေါ်ခဲ့တဲ့၂၀၁၀ ဇန်နဝါရီလကနေ ရေတွက်ရင် လာမယ့် ဇန်နဝါရီလ ကုန်ရင် လွှတ်တော် သက်တမ်းဟာ ၁၀ နှစ်ခန့် ရှိလာပါပြီ။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် အထွေထွေရွေးကောက်ပွဲဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးနောက် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်ရဲ့ ပထမဆုံးလွှတ်တော် သက်တမ်းမှာ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ သူပါတီရဲ့ ကိုယ်စားပြု အစိမ်းရောင် ဖြစ်ပြီးတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ရွေးကောက်ခံ ထိုင်ခုံနေရာ ၇၆ ရာခိုင်နှုန်းကျော် ကို အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၅ မှာ တော့ အန်အယ်လ်ဒီပါတီ ကနေရာ ရွေးကောက်ခံ နေရာ အများစု ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီး အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။အန်အယ်လ်ဒီပါတီကိုတော့ အနီရောင် ကိုယ်စားပြုတဲ့ပါတီ ဆိုပြီး လူသိများကြပါတယ်။

၂၀၂၀ မှာတော့ ၂၀၁၅ ထက်ကို အန်အယ်လ်ဒီပါတီ အနိုင်ရတဲ့ နေရာပိုများလာခဲ့ပါတယ် ။

၂၀၂၀ မှာ တော့ ပြည်ထောင်စုလွှတ်တော် ရဲ့ ၈၄ ရာခိုင်နှုန်းနီးပါး အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော် က ကိုယ်စားလှယ် ၄၄၀ နဲ့ အမျိုးသားလွှတ်တော်က ကိုယ်စားလှယ် ၂၂၄ တို့ပေါင်းစည်းတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၆၄ နေရာရှိပါတယ်။ ဒီတော့ လွှတ်တော်နှစ်ရပ်ပေါင်းမှာ ကိုယ်စားလှယ် အများဆုံးနေရာရတဲ့ပါတီက အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အစိုးရဖွဲ့နိုင်ဖို့ လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၆၆၄ မှာ တစ်ဝက်ကျော် ၃၃၂ နေရာ အနည်းဆုံးရတဲ့ ပါတီက အစိုးရဖွဲ့ကို ဦးဆောင်မယ့် နိုင်ငံတော်သမ္မတကို ရွေးနိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ် ၂၂ နေရာ မကျင်းပနိုင်လို့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်နေရာ ၆၄၂ ရဲ့တစ်ဝက်ကျော် ၃၂၂ နေရာ အနိုင်ရရင် အစိုးရဖွဲ့ကို ဦးဆောင်မယ့် သမ္မတကို ခန့်နိုင်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ အခြေခံဥပဒေရဲ့ ပြဌာန်းချက်အရ လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၆၆၄ဦးမှာ တပ်မတော် က တိုက်ရိုက်ခန့်ကိုယ်စားလှယ် ၁၆၆ ဦးက တိုက်ရိုက် ပါဝင်နေပါတယ်။

တိုက်ရိုက်ခန့်ကိုယ်စားလှယ် ၁၆၆ ဦးကို နုတ်ရင် ပြည်သူလွှတ်တော် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းမှာ ၄၉၈ နေရာပဲ ရှိပါတယ်။၂၀၂၀ မှာ နယ်မြေလုံခြုံရေးအရ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ နယ်မြေ ၂၂ နေရာ ရှိခဲ့လို့ ၄၇၆ နေရာပဲ တိုက်ရိုက်ရွေးကောက်ခံဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ဟာ လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ်နေရာ ၃၉၀ အနိုင်ရခဲ့ပြီး ၂၀၁၀ တုန်းကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ၃၈၈နေရာ အနိုင် ရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၅ ရက် ကော်မရှင်ရဲ့ထုတ်ပြန်အရ စာရင်းတွေအရ ဆိုရင် လွှတ်တော် သက်တမ်း၁၀ နှစ် အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရခဲ့မှုဟာ စံချိန်သစ်လည်းဖြစ်ပါတယ်။

Crd BBC News