ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေး ထိုင်းပါလီမန်တွင် နဖူးတိုက်ဆွေးနွေး

18-Nov-2020

ဘန်ကောက် နိုဝင်ဘာ ၁၇

ထိုင်းနိုင်ငံတွင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြကျောင်းသားများ၏ တောင်းဆိုချက်များအပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အဆိုပြုချက်များကို ထိုင်းနိုင်ငံမှ ဥပဒေပြုအမတ်များ စတင်၍ နဖူး တိုက်ဆွေးနွေးနေကြပြီဟု သိရသည်။

နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ပြုလုပ်မည့် နှစ်ရက်ကြာ အစည်းအဝေးတွင် အချက်ခုနစ်ချက်ပါဝင်သည့် ပြင်ဆင်မှုကို စတင်ဆွေးနွေးသွားမည် ဖြစ်သည်။ အာဏာရပါတီနှင့် အတိုက်အခံပါတီများက အဆိုခြောက်ခု အကြမ်းပြင်ဆင်ထားပြီး ကျွမ်းကျင်သူများပါဝင်သည့် အရပ်ဘက်အုပ်စုက အဆိုတစ်ခု ပြင်ဆင်ထားသည်။

အရပ်ဘက်အုပ်စုမှ အဆိုတင်သွင်းမည့် တစ်ချက်မှာ နိုင်ငံရေးတွင် ထိုင်းတပ်ဖွဲ့၏ အခိုင်အမာလွှမ်းမိုးမှုကို ရုပ်သိမ်းရန်နှင့် ဘုရင်စနစ်တွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်တို့ ပါဝင်သည်။

ယင်းအဆိုတင်သွင်းမှုကို ပါလီမန်တွင် ပြုလုပ်နိုင်ရန် စက်တင်ဘာ လအတွင်း လူပေါင်း ၁၀၀၀၀၀ က လက်မှတ်ရေးထိုးတင်သွင်းခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၁၇ ရက် ပါလီမန်ဆွေးနွေးမှုမစတင်မီ ဘုရင်စနစ်ကို ထောက်ခံသူများက ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ရန် မဖြစ်နိုင်ဟု စာရေးသားတင်သွင်းခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်းလဲရန် တောင်းဆိုမှုသည် ထိုင်းနိုင်ငံ၏ စည်းမျဉ်းခံဘုရင်စနစ် အခြေခံအုတ်မြစ်ကို ပြောင်းလဲရန်ကြိုးစားခြင်းပင် ဖြစ်သည်ဟုဘုရင်စနစ်ကို ထောက်ခံသူ ခေါင်းဆောင်က ပြောသည်။

ယင်းလုပ်ရပ်မှာ အန္တရာယ်များပြီး တိုင်းပြည်ပြိုလဲသွားရန် ကြိုးပမ်းမှုပင်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

အင်န်အိတ်ချ်ကေ