လယ်သမားဆန္ဒပြမှု ထိန်းချုပ်ဖို့ နယူးဒေလီ မှာ တပ်အင်အားထပ်ဖြည့်

27-Jan-2021

ထောင်ပေါင်းများစွာသော လယ်သမားတွေရဲ့ ဆန္ဒပြမှုကိုရင်ဆိုင်နေရတဲ့ အိန္ဒိယအစိုးရက နယူးဒေလီမြို့တော်မှာ အရံတပ်ဖွဲ့အင်အား ၂၀၀၀ ကို အားဖြည့်တပ်စွဲ ချထားဖို့ အင်္ဂါနေ့က အမိန့်ထုတ်ပြန်လိုက် ပါတယ်။ ဆန္ဒပြ လယ်သမားတွေက နှစ်ပေါင်း ၄၀၀သက်တမ်း ရှိတဲ့နာမည်ကျော် Red Fort ရှေးဟောင်းခံတပ်ကိုစီးနင်းဝင်ရောက်ပြီး ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားပြီးတဲ့ နောက် အခုလို တပ်ဖွဲ့ အင်အားတိုးချဲ့ ချထား ဖို့ အမိန့်ထုတ်ပြန်လိုက်တာလို့ AFP သတင်းက ပြောပါတယ်။

ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ ချထားတဲ့ အတားအဆီး တွေကိုချိုးဖျက်ပြီးမြို့တော်အနီးက RedFort ရှေးဟောင်းခံတပ်မြေထဲဝင်ရောက် ခဲ့တာပါ။ အဲဒီနောက် မြို့တော်ထဲ လယ်ထွန်စက်တွေနဲ့ တန်းစီပြီး ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ နံပါတ်တုတ်တွေ သုံးပြီး လူစုခွဲခဲ့တာပါ။

ရုန်းရင်းဆန်ခတ်ဖြစ်မှုထဲ အနည်းဆုံး ဆန္ဒပြသူ တစ်ယောက် သေဆုံးပြီး ရဲ တော်တော်များများ ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူက လယ်ထွန်စက်မှောက်ပြီး သေဆုံးရတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အိန္ဒိယအစိုးရ ထုတ်ပြန်လိုက်တဲ့ စိုက်ပျိုးရေး ဥပဒေတွေကို ဆန့်ကျင့်ကန့်ကွက်ဖို့ နယူးဒေလီမြို့ နယ်နိမိတ်အနားမှာ နိုဝင်ဘာလထဲ ကတည်းက စခန်းချဆန္ဒပြနေတဲ့ လယ်သမားတွေကို အစိုးရက အခုအချိန်အထိ နယူးဒေလီမြို့တော်ထဲ ဝင်ခွင့်ပြုမပေးခဲ့ပါဘူး။ အင်္ဂါ နေ့က သမ္မတနိုင်ငံနေ့ Republic Day ကျင်းပတဲ့နေ့မှာတော့ မြို့တော်ထဲ ဝင်ရောက်ဖို့ ကြိုးစားရာ ကနေ အခုလို လူသေဆုံးတဲ့ အထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ပြုလုပ်ခဲ့တဲ့ ဆန္ဒပြသမားတွေ က ဆန္ဒပြသူ အားလုံးကို ကိုယ်စားမပြု ဘူးလို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။

“ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်ပြီး ဆန္ဒပြမှသာ ကျွန်တော်တို့ ဒီ တိုက်ပွဲကို အောင်နိုင်မှာပါ။ ကမ္ဘာက ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူ တွေကို စောင့်ကြည့်နေပါတယ်။ ငြမ်းချမ်းမှုကို ဆက်မထိန်းရင် ကျွန်တော်တို့ အရှုံးနဲ့ရင်ဆိုင်ရလိမ့်မယ်လို့” ဆန္ဒပြ လယ်သမား ခေါင်းဆောင် Yogendra Yadav က ပြောပါတယ်။

အိန္ဒိယအစိုးရက လယ်သမားတွေ ဆန့်ကျင်နေတဲ့ စိုက်ပျိုးရေး ဥပဒေတွေက လယ်ယာကဏ္ဍမှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်မှုတွေ ဝင်ရောက်ပြီး ခေတ်မီစေမှာ ဖြစ်တယ်လို့ ပြောပေမယ့် အတိုက်အခံ ခေါင်းဆောင်တွေ ကတော့ အစိုးရက ဒီ ဥပဒေကို သေသေချာချာ တိုင်ပင်ချပြခြင်း မရှိဘဲ ထုတ်ပြန်ခဲ့တယ်ဆိုပြီး အပြစ်တင် ပြောဆိုနေပါတယ်။

VOA News