နေပြည်တော်မဲဆန္ဒနယ် ၁၀ ခုမှာ NLD ကိုးခု အနိုင်ရ

10-Nov-2020

မဲဆန္ဒနယ် ၁၀ ခုရှိတဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ၊  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နာမည်ကြီး စစ်ဗိုလ်ချုပ် ဟောင်းတွေဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ဝေလွင်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ စိုက်ပျိုးရေးဝန်ကြီးဟောင်း ဦးမြင့်လှိုင်နဲ့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးကိုယ်တိုင် မဲဆန္ဒနယ်အသီးသီးမှာ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ပေမယ့် အများစုက ရှုံးနိမ့်ခဲ့ပြီး၊ လက်ရှိအာဏာရပါတီ NLD က လူငယ်လူလတ် အမတ်လောင်းတွေသာ မဲဆန္ဒနယ် ၉ ခုမှာ အနိုင်ရခဲ့ပါတယ်။

တပ်နယ်မြေ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်တဲ့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တစ်ဦးတည်းသာ၊ ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက  ဒေါက်တာမိုးဆွေ ကို  မဲ ၅,၀၀၀ ကျော် အသာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

NLD ပါတီ နေပြည်တော်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ဦးမင်းသူ က “မဲရလဒ်အရ ဇေယျာသီရိမှာ  NLD  ရှုံးနိမ့်ခဲ့ပေမယ့် အခုတစ်ခေါက်မှာ တပ်မဲရုံတွေကနေ NLD ပါတီကိုထည့်တဲ့ မဲအရေအတွက် ရာချီထွက်လာတဲ့ အတွက် NLD ကို မဲပေးခဲ့တဲ့ ပြည်သူတွေ၊ တပ်မတော်သားတွေကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

"မဲရလဒ်က အရင်တုန်းက တပ်တွင်းမဲရုံတွေကို ဘဲဥမကွဲခဲ့တဲ့ အနေအထားမျိုးရှိတာ အခုဆိုရင် ရာဂဏန်း ထိအောင် ဇေယျာသီရိမြို့နယ်မှာ တပ်မဲရုံတွေကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတဲ့ မဲရာ ဂဏန်းထိ ထွက်ပေါ်လာတယ်၊ ပြောမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတဲ့ တပ်မတော် အင်အားစုတွေ ရှိနေပြီဆိုတာ ပြတ်ပြတ်သားသား ပြနိုင်တဲ့အနေအထားလည်းရှိတယ်၊ ဒါကြောင့် ဒီတခေါက်မှာ ဇေယျာသီရိမှာ ပြည်သူ့မဲနဲ့ NLD ကို ချစ်ခင်တဲ့မဲ NLD ကိုလိုလားတဲ့မဲက မရှုံးဘူးလို့ ပြောလို့ရတယ်"

နေပြည်တော် ၈ မြို့နယ်အနက်၊ ဇမ္ဗူသီရိနဲ့ ဒက္ခိဏသီရိ ပြည်သူ့လွှတ်တော်နေရာတွေမှာ NLD ပါတီက ဦးကျော်ထွေးနဲ့ ဦးသန့်ဇင်ထွန်း၊ ဇေယျာသီရိမှာ USDP က ဦးသန်းဌေး အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ကျန်ပြည်သူ့လွှတ်တော် ၅ နေရာနဲ့ အမျိုးသားလွှတ်တော် နှစ်နေရာလုံးကို NLD ကပဲ အနိုင်ရရှိထားကြောင်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းစဥ်  သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲတွေက အသီးသီး အတည်ပြုပြောဆိုထားပြီး ဖြစ်ပါတယ်။

ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လယ်ဆည် ဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို အနိုင်ရခဲ့တဲ့၊ NLD ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်း ကတော့  ဒီတခေါက် ရွေးကောက်ပွဲဟာ ပြည်သူတွေ နိုင်ငံရေးနိုးကြားမှုကြောင့် အနိုင်ရတဲ့ပွဲဖြစ်တယ်လို့ ပြောပါတယ်။

"၂၀၂၀ က ၂၀၁၅ ထက်ထူးခြားမှုတွေရှိပါတယ်၊ ပြည်သူတွေကပဲ နိုင်ငံရေးမှာ ပိုနိုးကြားတက်ကြွပြီးတော့မှ စည်းရုံးရေးရော အောင်နိုင်ရေးရော မဲမသမာမှုတွေ မဖြစ်ဖို့ကိစ္စရော တရားမဲ့ပြုကျင့်မှုတွေ မဖြစ်ဖို့ကိစ္စရော ပြည်သူလူထုကပဲ ဝန်းရံပြီးတော့မှ တကယ့်ကို အပင်ပန်းခံ ငွေကုန်ကြေးကျခံပြီး လုပ်ပေးခဲ့တယ်ဆိုတာ ပေါ်လွှင်ပါတယ်၊ ဒီလိုမျိုးလုပ်ပေးခဲ့တဲ့အခါကြတော့ ကျတော်တို့မှာ တာဝန်တွေ ပိုကြီးသွားတယ်၊ လူထုရဲ့ ဆန္ဒတွေပြည့်ဝဖို့အတွက် ဒီထက်ပိုပြီးတော့ ကြိုးစားလုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတဲ့ အသိလေးတွေတော့ ဖြစ်စေတာပေါ့"

နေပြည်တော် လေးမြို့နယ်ဖြစ်တဲ့ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ တပ်ကုန်း တို့ပါဝင်တဲ့ ဥတ္တရခရိုင် အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၂ အတွက် အနိုင်ရခဲ့တဲ့ NLD ပါတီကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ကတော့ ပြည်သူတွေဟာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ချစ်ခင်တဲ့စိတ်နဲ့ ကိုရိုနာကပ်ရောဂါ ကြားကပဲ မကြောက်မရွံ့ မဲထွက်ပေးခဲ့ကြတာလို့ ဆိုပါတယ်။

"ပြည်သူတွေက ဘယ်အဆက်ဆက်မှာမှ မကြုံဖူးတဲ့ နိုင်ငံတော်အစိုးရရဲ့ မေတ္တာ အထူးသဖြင့် အမေရဲ့ မေတ္တာ ပေါ့နော်၊ အမေရဲ့ မေတ္တာကြောင့် မဲထွက်ပေးကြတယ် ဆိုတော့ ဒီရွေးကောက်ပွဲကာလမှာလည်း အခက်အခဲ တွေ အများကြီးရှိခဲ့တယ်၊ တချို့လူတွေကလည်း ဒီရွေးကောက်ပွဲကို ပျက်ပြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဗုံးထောင်တဲ့သတင်းတို့ တချို့မဲရုံတွေမှာဆိုရင် တံဆိပ်တုံးအတုတို့ ကောလာဟလတွေဖြန့်တာတို့ ရွေးကောက်ပွဲကို မအောင်မြင်အောင် လုပ်ခဲ့ကြတယ်၊ ဒါပေမဲ့ အဲဒီလူတွေရဲ့ လုပ်ရပ်က ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားစိတ် အမေ့ကို ချစ်စိတ်နဲ့စာရင်တော့ အလကားဖြစ်သွားတယ်၊ အဲဒီအတွက်လည်း ပြည်သူတွေကို ထပ်လောင်းကျေးဇူးတင်တယ်လို့ ပြောချင်တယ်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ကျနော်မဲဆန္ဒနယ်မှာ ဘာဆက်လုပ်မလဲဆိုတော့ အောက်ခြေမှာ ပြည်သူတွေရဲ့  နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အများကြီးကျန်နေသေးတယ်၊ အဲဒါတွေကို ဆက်လုပ်သွားမယ်"

မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ပြည်သူအများစုဟာနိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု နဲ့ သြဇာလွှမ်းမိုးမှု ပိုကြီးလာမှာကို စိုးရိမ်တာကြောင့်  အခုရွေးကောက်ပွဲမှာ ၂၀၁၅ ထက်ပိုပြီး NLD ကို မဲတွေ ပုံအောပေးခဲ့တာလို့ သုံးသပ်ပါတယ်။

"ပထမတစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပြည်သူလူထုအများစုရဲ့  ယုံကြည်မှုနဲ့ ထောက်ခံမှုက ဆက်ပြီးတော့ ခိုင်ခိုင်မာမာရှိနေတယ်ဆိုတာ ငြင်းမရတဲ့အချက်ပဲ၊ နောက်တစ်ချက်ကတော့ ပြည်သူလူထုအများစုအနေနဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှုနဲ့ စစ်တပ်ရဲ့  သြဇာလွှမ်းမိုးလာနိုင်မှုအပေါ်မှာ စိုးရိမ်မှု မြင့်မြင့်မားမားရှိနေတယ်၊ ပြည်သူလူထုအနေနဲ့  ၂၀၁၅ ထက်ကိုပိုပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပုံအောထောက်ခံခဲ့တယ်လို့မြင်ပါတယ်"

NLD အစိုးရအနေနဲ့ ပြီးခဲ့တဲ့ သက်တမ်း ငါးနှစ်အတွင်း လုပ်ဆောင်ချက်တွေကို ပြန်သုံးသပ်ပြီးတဲ့နောက် လာမယ့် အစိုးရသစ်လက်ထက်မှာ ပိုအားကောင်းတဲ့အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေဖြစ်လာအောင် လမ်းဖွင့်ပေးသင့်ကြောင်း၊ ဗဟိုချုပ်ကိုင်မှုကို လျော့ချပြီး ပြည်သူလူထုအတွက် ရဲရဲဝံ့ဝံ့နဲ့ အမှန်တကယ်အလုပ်လုပ်နိုင်မယ့် အစိုးရအဖွဲ့ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာအောင် စနစ်တကျတွန်းအားပေးဖို့ လိုအပ်‌ကြောင်းလည်း ဒေါက်တာ ရန်မျိုးသိမ်း က ဖြည့်စွက်တိုက်တွန်းသွားပါတယ်။

နေပြည်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၀ နေရာအတွက် နိုင်ငံရေးပါတီပေါင်း ၁၁ ခုနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၈ ဦး၊ စုစုပေါင်း ၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျန်တဲ့ပါတီတွေထက်  NLD နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ  နှစ်ပါတီက ကိုယ်စားလှယ်တွေက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

Crd RFA