ရန်ကုန်မြို့မှာ ဥပဒေနဲ့အညီ တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ရရှိရေး လှုပ်ရှားမှု

17-Jan-2021


■ ရန်ကုန်မြို့မှာ ဥပဒေနဲ့အညီ တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ရရှိရေးအတွက် ဦးတည်ပြုလုပ်တဲ့ လှုပ်ရှားမှု ကမ်ပိန်းတစ်ခုကို ဆိုင်ကယ်စီးနင်းသူတွေဦးဆောင်ပြီး ဇန်နဝါရီလ ၁၇ ရက် ဒီကနေ့ ညနေပိုင်း ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဆိုင်ကယ်စီးနင်းခွင့်ရရှိရေးလှုပ်ရှားသူများအဖွဲ့ ( Yangon Bikers Revolution ) က ဦးဆောင်ပြီး ဆိုင်ကယ်စီးနင်းတာ ဝါသနာပါသူ အင်အား ၅၀ ခန့်ဟာ မော်တော်ဆိုင်ကယ်ဦးထုတ်တွေဝတ်ဆင်ပြီး နှာခေါင်းစည်းနဲ့ လက်အိတ်တွေကို မဟာဗန္ဓုလပန်းခြံနဲ့ မြို့တော်ခန်းမရှေ့မှာ လိုက်လံဝှေငှခဲ့ပါတယ်။

ဆန္ဒပြတာမျိုး မဟုတ်ဘဲ ရန်ကုန်မြို့မှာ ဥပဒေနဲ့အညီ ဆိုင်ကယ်စီးနင်းခွင့်ရဖို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ Yangon Bikers Revolution အဖွဲ့ ဦးဆောင်သူ ကိုဝင်းကျော်မောင်က ပြောပါတယ်။

သူတို့အဖွဲ့အနေနဲ့ ဇန်နဝါရီ ၁၆ ရက်ကတည်းကစပြီး ရန်ကုန်တိုင်းထဲက မြို့နယ်အသီးသီးမှာရှိတဲ့ ဆိုက်ကယ်စီးနင်းသူတွေထံကနေ လက်မှတ်ကောက်ယူတာတွေပြုလုပ်နေပြီး ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးထံ ပေးပို့ပြီး ဥပဒေနဲ့အညီ စီးနင်းခွင့်ရဖို့ တောင်းဆိုသွားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ သန်လျင်၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကွမ်းခြံကုန်းနဲ့ ကော့မှူး စတဲ့မြို့နယ်တွေကလွဲပြီး ကျန်တဲ့ စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်ကို ဆိုက်ကယ်စီးနင်းခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက တစ်နေရာနဲ့တစ်နေရာ သွားလာရခက်ခဲပြီး ကျယ်ပြန့်တဲ့ မြို့နယ်တွေမှာ ဥပဒေနဲ့အညီ မော်တော်ဆိုင်ကယ်စီးနင်းခွင့် ပြန်လည်ခွင့်ပြုဖို့ လွှတ်တော်ကိုယ်စားလှယ်အချို့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြဆွေးနွေးတာတွေရှိခဲ့ပေမယ့် လက်ရှိအချိန်အထိ ခွင့်မပြုသေးပါဘူး။
 

Photo: Thant Zin Oo/RFA