လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၀) ကျင်းပ

08-Dec-2020

နေပြည်တော် ဒီဇင်ဘာ ၇

တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေး များအတွက် ကြိုတင်ပြင်ဆင်ရမည့် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း ၍ လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၀) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်း အဝေးခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့ပြီး ရက်ပေါင်း ၉၀ ကာလအတွင်း လွှတ်တော်အစည်းအဝေးများကို ကျင်းပရမည် ဖြစ်၍ လွှတ်တော်အသီးသီး၏ တတိယအကြိမ် ပထမ ပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကျင်းပရန် လျာထားပါကြောင်း၊ အဆိုပါ လွှတ်တော် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ ကြိုတင်ညှိနှိုင်းနိုင်ရန် ယခုအစည်းအဝေးကို ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ လုံခြုံရေး၊ ကျန်းမာရေး နှင့် တည်းခိုနေထိုင်ရေးဆိုင်ရာ အုပ်ချုပ်မှု ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှုများ လိုအပ်ပါကြောင်း၊ လွှတ်တော်သက်တမ်း တစ်ရပ်၏ ပထမပုံမှန် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးမှာ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များအပါအဝင် နိုင်ငံသား ပြည်သူများ အားလုံးအတွက် လွန်စွာအရေးကြီးသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်း အဝေးများကို ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွား ခြင်းအန္တရာယ် ကာကွယ်မှုအတွက် ယခင် အတွေ့အကြုံများအပေါ်မူတည်၍ ပိုမို ကောင်းမွန်သည့် လုပ်ငန်းအစီအမံများဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဗဟိုကော်မတီ နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ယခင်လွှတ်တော် ပုံမှန်အစည်းအဝေးများ နည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွား မှု အန္တရာယ်ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း တတိယအကြိမ် လွှတ်တော်ပုံမှန် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်း ကော်မတီများက ဝိုင်းဝန်းပူးပေါင်း၍ အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား သည်။

ဖြည့်စွက်ဆွေးနွေး

ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာကြသည့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန် ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု လွှတ်တော်နာယက က လုပ်ငန်းကော်မတီ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထဲရေး၊ ပြန်ကြားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ ကျန်းမာရေးနှင့် အားကစား၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ သက်ဆိုင်ရာလုပ်ငန်း ကော်မတီအတွင်းရေးမှူးများနှင့် လွှတ်တော် အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

သတင်းစဉ်