နှစ်စဉ် အစီရင်ခံစာ တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀၀ အား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်

24-Dec-2020

ရန်ကုန် ဒီဇင်ဘာ ၂၃

နှစ်စဉ် အစီရင်ခံစာ တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀၀ အား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနက် My- anmar Companies Online(MyCO)တွင် နှစ်စဉ် အစီရင် ခံစာ (Annual Return-AR) တင်ပြရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ ၁၀၀၀ အား မြန်မာကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၃၀ (စ)အရ ဆိုင်းငံ့စာရင်း (Suspended) စတင်ဖော်ပြခံရသည့် နေ့မှ ခြောက်လအတွင်း တင်ပြရန် ပျက်ကွက်ခဲ့သဖြင့် ကုမ္ပဏီများကို System မှ Company Status တွင် မှတ်ပုံတင်စာရင်းမှပယ်ဖျက်ခြင်း(Struck Off) အဖြစ်သို့ အမိန့် ကြော်ငြာစာ ထုတ်ပြန်သည့် ဒီဇင်ဘာ ၇ ရက်မှစ၍ ကုမ္ပဏီ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်သည်။

မှတ်ပုံတင်ထားသော ကုမ္ပဏီ(အဟောင်း + အသစ်)များအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီ အားလုံးသည် ဥပဒေပုဒ်မ ၉၇ အရ Myanmar Companies Online (MyCO) တွင် နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) ကို ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် နှစ်စဉ် အနည်းဆုံး တစ်ကြိမ် (နှစ်ပတ်လည် ကုန်ဆုံးပြီးနောက် တစ်လထက် နောက်မကျဘဲ) တင်ပြရမည်ဖြစ်ကြောင်း၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ ၂၆၆ (က) အရ နှစ်စဉ် အစီရင်ခံစာ ပေးပို့သည့်အချိန်နှင့် တစ်ပြိုင်တည်း ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို ပုံစံ ဆ-၅ (G-5) ဖြင့် တင်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၅၃(က-၁) အရ ပြည်ပကော်ပိုးရေးရှင်း (overseas corporation) အားလုံးသည် ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီး ၂၈ ရက်အတွင်း နှစ်စဉ်အစီရင်ခံစာကို သတ် မှတ် ဖော်ပြထားသည့်ပုံစံဖြင့် MyCO တွင် တင်ပြရမည် ဖြစ်သည်။

ထိုသို့ ကုမ္ပဏီများသည် နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) ကို AR Due Date ဖော်ပြထားသည့် ရက်စွဲ အတိုင်း တင်ပြရမည်ဖြစ်သော်လည်း ယခုနှစ် အောက်တို ဘာလကုန်အထိ AR တင်ပြရန် ပျက်ကွက်ခဲ့သော Su- spended ဖြစ်နေသည့် ကုမ္ပဏီစုစုပေါင်း ၁၆၀၀၀ ကျော် ရှိကြောင်း သိရသည်။

ငြိမ်းငြိမ်း